ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ လူသိများထင်ရှားတဲ့ နိုင်ငံတစ်ခုပဲဖြစ်ပါတယ်။ ဂျပန်လူမျိုးတွေရဲ့ လုံ့လဝီရိယရှိမှု ၊ စိတ်ဓာတ်ပြင်းပြမှု ၊ အလုပ်ကြိုးစားတာတွေကြောင့် ကျော်ကြားတာတင်မဟုတ်ပဲနဲ့ animation တွေ ၊ ဂျပန်လူမျိုးတွေရဲ့ culture တွေ ၊ အများနဲ့ မတူပဲ ထူးခြားတဲ့ ရေခံ မြေခံတွေ ၊ အစားအစာ တွေကြောင့် မသိတဲ့သူမရှိလောက်အောင် လူသိများတဲ့ နိုင်ငံတစ်ခုပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဂျပန်လူမျိုးတွေရဲ့ ကမ္ဘာကျော်ပြီး လူသိများထင်ရှားတဲ့ အစားအသောက်လေးတွေအကြောင်းကို ဝေမျှပေးသွားပါမယ်။
၁။ Sushi ( ဆူရှီ )
ဆူရှီလို့ ပြောလိုက်ရင် မသိတဲ့သူမရှိလောက်ပါဘူး။ ကောက်ညှင်းဆန်လို စေးစေးလေးရယ် ၊ ရေညှိလေးရယ် ငါး (သို့) ပင်လယ်စာ ၊ ကြက်ဥ ၊ အသား ၊ ကြက်ဥချောင်း စတာတွေနဲ့ လုပ်ထားတဲ့ အစားအသောက်က ထင်ထားတာထက်ကို ကမ္ဘာကျော်ပါတယ်။ ကမ္ဘာပေါ်မှာ ဆူရှီမရနိုင်တဲ့ နေရာက မရှိသလောက်ပါပဲ။ ဂျပန်လို့ ပြောတာနဲ့ ဆူရှီ ၊ ဆူရှီလို့ ပြောတာနဲ့ ဂျပန်နိုင်ငံ လို့ တွဲမြင်ရလောက်အောင် ဒီ ၂ ခု က အမြဲတမ်း အချိတ်အဆက်ရှိပါတယ်။ ဂျပန်နိုင်ငံမှာ ဆူရှီကို စားခါနီးမှ လတ်လတ်ဆတ်ဆတ်အသားကို လှီးပြီး ပြင်ဆင်ပေးတာမို့ တခြားနေရာတွေထက် ပိုမိုထူးကဲတဲ့ အရသာကို ပိုပေးစွမ်းနိုင်ပါတယ်။ အကယ်၍ အခွင့်အရေးရလို့ ဂျပန်နိုင်ငံကို အလည်အပတ်ပဲဖြစ်စေ ဒါမှမဟုတ် အလုပ်ကိစ္စနဲ့ပဲဖြစ်စေ ရောက်ခဲ့သည်ရှိသော် ဆူရှီကတော့ မဖြစ်မနေ စားခဲ့သင့်တဲ့ အစားအစာထဲမှာပါပါတယ်။
၂။ Sashimi ( ဆာရှိမိ )
ဆာရှိမိဆိုတာကတော့ ဆူရှီကဲ့သို့ အလားတူထင်ရှားတဲ့ အစားအသောက်ပါပဲ။ ဆူရှီတဲ့ မတူခြားနားတဲ့ အချက်ကတော့ ဆာရှိမိက ပင်လယ်စာ (သို့ ) ငါး (သို့ ) အသားစိမ်းကို ခပ်ပါးပါးလေးလှီးပြီးတော့ ဆော့စ် နဲ့ တို့စားရတာပဲဖြစ်ပါတယ်။ ထူးခြားတဲ့ အချက်က ဂျပန်နိုင်ငံမှာ ငါးနဲ့ အသားတွေကို အစိမ်းစားလို့ရအောင် သန့်စင်တဲ့ အထိသီးသန့်မွေးမြူထားတတ်ကြပါတယ်။ ငါးတွေကိုဆိုလည်း ပင်လယ်ထဲမှာပဲ သီးသန့် အကန့်ခွဲပြီးတော့ မွေးမြူတတ်ကြပြီး ဆာရှိမိ စားဖို့ အပြင် အခြား စားစရာတွေအတွက်ပါရည်စူးတာမို့ ကိုယ်ဟာ အစိမ်းမစားဖူးသေးရင်တော့ ဂျပန်နိုင်ငံကို ရောက်တဲ့အခါမှာ တစ်ခါလောက်တော့ မြည်းစမ်းခဲ့ကြည့်စေချင်ပါတယ်။
၃။ Ramen ( ရာမန်း )
ရာမန်းဆိုတာကတော့ ခေါက်ဆွဲပြုတ်တစ်မျိုးပါပဲ။ မတူညီခြားနားတဲ့အချက်ကတော့ ရေညှိခြောက်တွေ ၊ ဝက်ရိုးတွေနဲ့ နာရီပေါင်းများစွာ ပြုတ်ထားတဲ့ ဟင်းရည်က တခြားခေါက်ဆွဲတွေနဲ့ မတူပဲခြားနားနေတာပါ။ ဝက်ရိုးပြုတ်ရည်ကို ရိုးတွင်းချဉ်ဆီတွေစိမ့်ထွက်တဲ့အထိ ပြုတ်ထားတာမို့ ဟင်းရည်ရဲ့ အရသာက စိမ့်တိမ့်တိမ့်နဲ့ စွဲလမ်းဖွယ်ကောင်းပါတယ်။ ကိုယ်ဟာ ခေါက်ဆွဲစားရတာ ကြိုက်တဲ့သူဆိုရင် ဒီရာမန်းကတော့ မဖြစ်မနေစားသင့်ပါတယ်။ ရာမန်းဟာ မူလအရသာအပြင်ကို မီဆိုအရသာ ၊ အစပ်အရသာ ၊ ချဉ်စပ်အရသာ အစရှိတာတွေနဲ့ အရသာကွဲပြားပြီးရနိုင်ပါတယ်။ ဒါ့အပြင် ဟိုးအရင်ခေတ်တုန်းက ရာမန်းခေါက်ဆွဲဟာ လမ်းဘေးစားစရာတစ်မျိုးလို့ ပြောကြတယ်။ အခုခေတ်မှာတော့ ဂျပန်နိုင်ငံမှာ ရာမန်းဆိုတာဟာ လမ်းဘေးဆိုင်တွေကတင် မကပဲနဲ့ ဆိုင်ကြီးတွေကပါ တည်ခင်းပြီးတော့ နေရာအနှံ့မှာ တွေ့နိုင်နေပါပြီ။
၄။ Tempura ( တမ်ပူရာ )
တမ်ပူရာဆိုတာကတော့ မုန့်နှစ် နဲ့ ကြော်ထားတဲ့ အကြော်အမျိုးအစားပါပဲ။ ဟင်းသီးဟင်းရွက်တွေ ၊ အသားတွေ ၊ ပုဇွန်တွေကို အရသာ နယ် ၊ ကြက်ဥ ၊ ရေ ၊ ဂျုံမှုန့်တို့ နဲ့ လုပ်ထားတဲ့ မုန့်နှစ်ထဲ နှစ်ပြီးတော့ ဆီပူပူထဲကို ထည့်ကြော်လိုက်တာပါ။ စားခါနီးမှ လတ်လတ်ဆတ်ဆတ်ကြော်ပေးတဲ့ တမ်ပူရာဟာ ကြွပ်ရွပြီးတော့ စားရတာ မွမွလေးနဲ့ အထဲကအသားက အိပြီး ပျော်ဝင်သွားတတ်ပါတယ်။ ဒါကြောင့်မို့ဆီကြော်အစာတွေကို ကြိုက်တတ်တဲ့သူတွေအတွက် စားကြည့်သင့်တဲ့ အစာတစ်မျိုးပါပဲ။
၅။ Unagi ( အူနာဂီ )
အူနာဂီ ဆိုတာကတော့ ဘာသာပြန်ရရင် ရေချိုငါးရှဉ့်ပါ။ ဂျပန်နိုင်ငံမှာတော့ ဒီ အူနာဂီကို နေရာတိုင်းလိုလိုမှာ ရနိုင်တာကိုတွေ့ရပါတယ်။ ဆိုင်တွေမှာဆိုရင်တော့ ငါးရှဉ့်ကို ဆော့စ်နဲ့ နှပ်ထားပြီးတော့ မီးပြင်းပြင်းနဲ့ ကင်လိုက်တဲ့အခါမှာ ငါးရဲ့ အချိုရည်တွေ ၊ ဆော့စ်ရဲ့ အချိုရည်တွေနဲ့ မွှေးပြီးတော့ နီညိုရောင်လေးနဲ့ စားချင်စဖွယ်ဖြစ်သွားပါတယ်။ ပြီးတော့မှသာ ထမင်းဖြူနဲ့ တည်ခင်းပြီး စားရတာပါ။ အူနာဂီကတော့ ရေချိုငါးရှဉ့်ကို တည်ခင်းတာဖြစ်ပြီးတော့ အနာဂိုကတော့ ရေငံငါးရှဉ့်ဖြစ်ပါတယ်။ ဒီ ၂ ခုက ကွဲပြားခြားနားမှုရှိပါတယ်။
၆။ Takoyaki ( တာကိုယာကီ )
တာကိုယာကီဆိုတာကတော့ မုန့်တစ်မျိုးပါ။ ဂျုံမှုန့်ရယ် ထောပတ်ရယ်နဲ့ အထိကလုပ်ထားပြီးတော့ တာကိုယာကီ လုပ်ဖို့ သီးသန့် အိုးလေးနဲ့ လုပ်ရတာပါ။ မုန့်ကလေးဟာ လုံးလုံးကလေးဖြစ်ပြီး နေရာနဲ့ ဆိုင်အလိုက် ဌာပနာတဲ့ အစာကလေးတွေက ကွဲပြားခြားနားပါတယ်။ တစ်ချို့နေရာတွေမှာ ရေဘဝဲ လက်တံကလေးတွေ ၊ တစ်ချို့နေရာမှာ ဘာမှမပါတာလေးတွေ စသဖြင့် အမျိုးမျိုးရှိပါတယ်။ ပူပူနွေးနွေး နဲ့ ပေါ့ပေါ့ပါးပါး စားရတဲ့မုန့်ဖြစ်ပြီးတော့ စိမ့်တဲ့ အရသာဘက်ကို သွားပါတယ်။ ပေါ့ပေါ့ပါးပါး စားရတာကြိုက်တယ်ဆိုရင်တော့ စားကြည့်သင့်တဲ့ အစားအစာထဲမှာ ပါဝင်တယ်နော်။
ဒီနေ့မှာတော့ ဂျပန်နိုင်ငံရဲ့ ထူးခြားပြီးတော့ ကမ္ဘာကျော်ထင်ရှားတဲ့ အစားအသောက် ၆ မျိုးအကြောင်းကို ဝေမျှပေးခဲ့ပါတယ်။ ဒီ ၆ မျိုးက ဂျပန်နိုင်ငံ ရဲ့ အထူးထင်ရှားတဲ့ အစားအစာတွေပါ။ တခြားနိုင်ငံတွေမှာရကောင်းရနိုင်ပေမယ့် ဂျပန်နိုင်ငံမှာ တည်ခင်းတာလောက် မမှီနိုင်တဲ့ အစားအစာတွေပဲဖြစ်ပါတယ်။ အကယ်၍ သင်ဟာ ဂျပန်နိုင်ငံကို ရောက်ခဲ့သည်ရှိသော် ဒီ ၆ မျိုးကို မဖြစ်မနေ စားခဲ့ကြည့်သင့်တယ်လို့ အကြံပေးရင်းနဲ့ပဲ နိဂုံးချူပ်လိုက်ချင်ပါတယ်။ နောက်ရက်တွေမှာ ပြန်တွေ့မယ်နော်။
-Bahuthuta Corner