Bahuthuta Corner.com

ကမ္ဘာ့အလှဆုံးကမ်းခြေများ 

ကျွန်တော်တို့ စာဖတ်သူတွေထဲမှာ ကမ်းခြေတွေကို ကြိုက်နှစ်သက်တဲ့သူတွေရှိပါသလား။ ဘာကြောင့် ကမ်းခြေတွေကို သဘောကျတာပါလဲ။ ပင်လယ်ပြာကြီးကြောင့်လား ၊ သဲသောင်ပြင်တွေကြောင့်လား ဒါမှမဟုတ် နေဝင်ချိန်ဆည်းဆာကို ကြည့်ရတာ သဘောကျတာလား ၊ ညအခါမှာ ကမ်းခြေကနေ ကြယ်တွေကို ကြည့်ရတာကြိုက်တာလား။ ကမ်းခြေတွေရောက်လို့ရှိရင်ကော ဘယ်လိုမျိုး နေထိုင်ရတာ သဘောကျပါသလဲ။ ရေကူးရတာလား ၊ သဲသောင်ပြင်မှာ လမ်းလျှောက်ရတာလား။ ဒီကနေ့မှာတော့ ကမ်းခြေတွေကို ချစ်တဲ့သူတိုင်းအတွက် ပုံလေးတွေ မြင်တာနဲ့တင် သွားချင်စိတ်တွေ တဖွားဖွားဖြစ်ပေါ်လာစေမယ့် ကမ္ဘာ့အလှဆုံးကမ်းခြေတွေကို ဝေမျှပေးသွားပါမယ်။ 

Saud Beach ( Philippines ) 

Saud Beach ဟာ အာရှတိုက်တစ်ခွင်လုံးမှာ အလှပဆုံးသော ကမ်းခြေလို့ တင်စားခံထားရတဲ့ ကမ်းခြေ တစ်ခုပဲဖြစ်ပါတယ်။ Pagudpud Ilocos Norte လို့ ခေါ်တဲ့ ဖိလစ်ပိုင်နိုင်ငံတွင်းမှာရှိတဲ့ ဒေသမှာ ရှိတဲ့ ကမ်းခြေတစ်ခုဖြစ်ပြီးတော့ ကြည်လင်နေတဲ့ ပင်လယ်ရေတွေ ၊ ဖြူဖွေးသန့်စင်တဲ့ သဲသောင်ပြင်တွေ ကြောင့် ထင်ရှားကျော်ကြားပါတယ်။ ဒါ့အပြင်ကို လူအသွားအလာနည်းတာကြောင့် မလိုလားအပ်တဲ့ ညစ်ညမ်းမှုတွေ မရှိတဲ့ အပြင်ကို တိတ်ဆိတ်ငြိမ်သက်ပြီး ဆူညံသံတွေ ကင်းစင်တဲ့ ကမ်းခြေဒေသတစ်ဖြစ်တာမို့ ပင်လယ်တွေ ၊ ကမ်းခြေတွေကို ချစ်တဲ့သူတွေအတွက်တော့ လုံးဝကို နိဗ္ဗာန်ဘုံတစ်ခုဖြစ်နေမှာပါပဲ။ အကယ်၍ သင်သာ စိတ်ဝင်စားမယ်ဆိုရင် ဒီ link မှာ ဝင်ပြီးတော့ Saud Beach ကို ဘယ်လိုသွားရောက်လည်ပတ်နိုင်တယ်ဆိုတာ အပြင် လည်ပတ်သူတွေ ပေးခဲ့တဲ့ ကောင်းမွန်တဲ့ မှတ်ချက်တွေကိုပါ ဝင်ရောက်လေ့လာကြည့်နိုင်ပါတယ်။

Elafonissi Beach ( Greece ) 

အာရှတိုက်မှာ မဟုတ်ပဲနဲ့ တခြားဒေသတွေမှာဆိုရင် ၊ ဒါမှမဟုတ် သမာရိုးကျကမ်းခြေမျိုးကို သဘောကျတာမျိုးမဟုတ်ပဲ အဆန်းအပြားတွေကို စိတ်ဝင်စားတဲ့သူဆိုရင်တော့ Elafonissi Beach က သင့်အတွက် စိတ်ဝင်စားဖို့ အကောင်းဆုံးနေရာတစ်ခုဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုရင်တော့ တခြားကမ်းခြေတွေနဲ့ မတူညီတဲ့ သူရဲ့ ထူးခြားချက်ဟာ သဲသောင်ပြင်ဟာ အဖြူရောင်မဟုတ်ပဲ ပန်းနုရောင်သဲသောင်ပြင်လေးဖြစ်နေလို့လို ဆိုရမှာပါပဲ။ ဒါ့အပြင် ပင်လယ်ရေဟာ နွေးထွေးတဲ့ ခံစားမှုကို ပေးစွမ်းနိုင်ပြီးတော့ အရိုင်းဆန်ပါတယ်။ ကမ်းခြေဟာလည်း ကုန်းမြေပြင်နဲ့ ဆက်စပ်နေတာမဟုတ်ပဲ ကျွန်းတစ်ခုမှာတည်ရှိတာဖြစ်ပြီးတော့ ရေတိမ်တဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။ ပန်းရောင်သဲသောင်ပြင် ၊ နွေးထွေးတဲ့ ပင်လယ်ရေ နဲ့ လူတွေကင်းကွာပြီး သဘာဝအတိုင်းအရိုင်းဆန်ဆန် နဲ့ ကျွန်းပေါ်မှာ ရှိတဲ့ ကမ်းခြေတစ်ခုဟာ ထူးခြားပြီး ထင်ရှားတာကတော့ ထူးဆန်းမှာတော့မဟုတ်ပါဘူးနော်။ အကယ်၍ သင်ဟာလေ့လာချင်တယ် သူ နဲ့ ပတ်သတ်တဲ့ မှတ်ချက်ကလေးတွေကို ကြည့်ရှုချင်တယ်ဆိုရင် ဒီမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 

Sotavento Beach ( Spain ) 

ကမ်းခြေတွေအကြောင်းပြောရင်တော့ စပိန်နိုင်ငံ မှာရှိတဲ့ Sotavento Beach ကို မေ့ထားလို့မရပြန်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရေကူးဖို့ ၊ ရေလွှာလျောစီးဖို့ ၊ ရွက်လွှင့်ဖို့ အစရှိတာတွေကို လုပ်ဆောင်နိုင်ဖို့ အကောင်းဆုံးနေရာတစ်ခုလို့ တင်စားထားတဲ့ ကမ်းခြေတစ်ခုဖြစ်နေလို့ပါပဲ။ တခြားကမ်းခြေတွေလိုမျိုး ရှည်လျားတဲ့ နေရာမျိုးမဟုတ်ပေမယ့် အင်မတန်သဲထူထပ်တဲ့ သောင်ပြင်တွေရယ် ၊ စဉ်ဆက်မပြတ် ရိုက်ခတ်နေတဲ့ ပင်လယ်ရေလှိုင်းတွေရယ် ၊ ပင်လယ်ပြင်ကနေ တိုက်ခတ်လာတဲ့လေကြောင်းတွေရယ်ဟာ အပန်းဖြေဖို့ မဟုတ်ပဲနဲ့ ပင်လယ်ကမ်းခြေမှာရှိတဲ့ activities တွေကို လုပ်ဆောင်ဖို့ အဖက်ဖက်ကနေ သင့်လျော်တဲ့ နေရာတစ်ခုဖြစ်နေစေတာပါပဲ။ စိတ်ဝင်စားတယ် ၊ စူးစမ်းလေ့လာကြည့်ချင်တယ် ၊ လူတွေရဲ့ မှတ်ချက်တွေကို ကြည့်ချင်တယ်ဆိုရင်တော့ ဒီမှာ ကြည့်လို့ရပါတယ်နော်။ 

Whiteheaven Beach ( Australia ) 

အဖြူရောင်နိဗ္ဗာန်ကမ်းခြေလို့ အမည်ရတဲ့ Whiteheaven Beach ဟာ သြစတေးလျနိုင်ငံမှာရှိပါတယ်။ နာမည်နဲ့ လိုက်အောင်ကို လှပဖြူဖွေးတဲ့ သဲပြင်တွေရယ် ၊ ကြည်လင်တောက်ပနေတဲ့ ပင်လယ်ရေပြင်ပြာကြီးဟာ သင့်ကိုယ် နိဗ္ဗာန်တစ်ခုကို ရောက်သွားသလားလို့တောင် ထင်မှတ်ရလောက်တဲ့ အထိဆွဲဆောင်မှုတစ်ခုဖြစ်နေစေမှာပါ။ သူ့ရဲ့ အဓိက ဆွဲဆောင်မှုကတော့ နာမည်အတိုင်းပဲ အဖြူရောင် နိဗ္ဗာန်လို့ တင်စားလို့ ရနိုင်တဲ့ သဲသောင်ပြင် နဲ့ ပင်လယ်ရေပြာတို့ရဲ့ ပေါင်းစပ်မှုတစ်ခုပါပဲ။ အကယ်၍ သင်ကသာ သဘာဝတိုင်း နိဗ္ဗာန်ကို ခံစားကြည့်ဖူးချင်တယ်ဆိုရင်တော့ ဒီနေရာက သင့်အတွက် အသင့်တော်ဆုံးနေရာတစ်ခုဖြစ်နိုင်ပါတယ်။ အဖြူရောင်သဲသောင်ပြင်မှာ လမ်းလျှောက်ကြည့်ပါ ၊ ကြည်လင်တောက်ပနေတဲ့ အပြာရောင် ပင်လယ်ရေပြင်ဟာ သင့်ကို နွေးထွေးစေပြီး မျက်စိကနေ မြင်ရတဲ့ မြင်ကွင်းဟာ သြော် ငါ ရောက်နေတာ နိဗ္ဗာန်တစ်ခုလားဆိုတဲ့ ဒွိဟတစ်ခုကို သင့်ကို ပေးစွမ်းနိုင်ပါလိမ့်မယ်။ 

ဒီနေ့မှာတော့ ထူးခြားလှပပြီးတော့ မတူညီတဲ့ ကမ်းခြေ ၄ ခုကို ဝေမျှပေးသွားပါတယ်။ ကမ်းခြေ တစ်ခုစီတိုင်းဟာ တစ်ခုနဲ့ တစ်ခု မတူညီ ထူးခြားလှပတဲ့ စွဲဆောင်မှုရှိပြီး ကိုယ်ပိုင်အလှကိုယ်စီနဲ့ ကမ္ဘာကျော်ပါတယ်။ ဒါ့ကြောင့်မို့ သင်ဟာ ကမ်းခြေတွေကို ချစ်တယ် ၊ သဲသောင်ပြင်တွေကို မြတ်နိုးတယ် ၊ ပင်လယ်ကြီးကို စိတ်ဝင်စားတယ် ၊ သဘာဝတရားနဲ့ နီးစပ်ချင်တယ် ဆိုရင်တော့ ဒီကမ်းခြေလေးတွေအကြောင်းကို ဖတ်ကြည့်လေ့လာနိုင်ပါတယ်။ တစ်နေ့နေ့မှာ သွားရောက်လည်ပတ်ပြီးရင် အတွေ့အကြုံလေးတွေကို ဝေမျှပေးဖို့လည်း တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။ အဆုံးထိ ဖတ်ရှုပေးသွားခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။

-Bahuthuta Corner

Share:

More Posts

Send Us A Message