Bahuthuta Corner.com

ကိုယ့်ကိုဆွဲချနေသော အကျင့်များ (သို့) အောင်မြင်မှုလမ်းစပေါ်က အဟန့်အတားများ 

ကျွန်တော်တို့ရဲ့ နေ့တစ်ဓူဝအကျင့်စရိုက်တွေ စိတ်နေစိတ်ထားတွေဟာ ကျွန်တော်တို့ရဲ့ အနာဂတ်အပေါ်မှာ သက်ရောက်မှု များစွာရှိပါတယ်။ စည်းစနစ်တကျ နဲ့ ပုံမှန်တည်ဆောက်ပြီး လည်ပတ်နေတဲ့သူဟာ အနာဂတ်ဟာ တည်ငြိမ်မှုရှိသလို စည်းစနစ်မရှိပဲ ပရမ်းပတာ လှုပ်ရှားသွားလာနေရင်တော့ ကျွန်တော်တို့ရဲ့ အနာဂတ်ပန်းတိုင်ဟာ တည်ငြိမ်မှုမရှိပဲ အရလှမ်းနိုင်ဖို့ ခဲယဉ်းနေပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ နေ့တစ်ဓူဝ အကျင့်စရိုက်တွေ ၊ စိတ်နေစိတ်ထားတွေဟာ ကိုယ့်အနာဂတ်ရဲ့ အခြေခံအုတ်ချပ်တွေဖြစ်တာကြောင့် သေချာ ဂရုတစိုက်ပြုပြင်တည်ဆောက်ဖို့လိုပါတယ်နော်။ ဒီကနေ့မှာတော့ ဗဟုသုတကနေပြီး ကျွန်တော်တို့ကို အောင်မြင်မှုတွေ ၊ အိမ်မက်တွေ ၊ ပန်းတိုင်တွေနဲ့ အလှမ်းဝေးစေမယ့် အကျင့်စရိုက်တွေ အကြောင်းကို ဝေမျှပေးသွားပါမယ်။ 

စိတ်အလိုလိုက်တာ (သို့မဟုတ်) ကိုယ့်ဘာသာစောင့်ထိန်းနိုင်စွမ်းမရှိတာ… 

ကျွန်တော်တို့ စိတ်ရော ခန္ဓာကိုယ်ရောဟာ သက်တောင့်သက်သာဖြစ်မှုကို အင်မတန် နှစ်ခြိုက်ပါတယ်။ သက်တောင့်သက်သာနေချင်တယ်။ အေးအေးလူလူနေချင်ကြတယ်။ ဒါတွေဟာ သဘာဝပဲ ဆိုပေမယ့် လိုအပ်တာထက် စိတ်ကိုအလိုလိုက်မိရင်တော့ ကိုယ်လုပ်ချင်တဲ့ အစီအစဉ်တွေ စည်းကမ်းတွေပျက်ကွက်လာပါလိမ့်မယ်။ ကိုယ်ချမှတ်ထားတဲ့ စည်းကမ်းတွေ ၊ အစီအစဉ်တွေကို သတ်မှတ်ထားတဲ့အတိုင်းမလုပ်နိုင်ခြင်းဟာ ကိုယ့်ဘာသာကို ပျက်ဆီးစေဖို့ လမ်းစတည်တဲ့ အကြောင်းအရာတွေထဲက တစ်ခုပါပဲ။ ဒါ့ကြောင့်မို့ကိုယ်ဟာ အနာဂတ်တစ်ခုကို ခိုင်ခိုင်မာမာတည်ဆောက်ခြင်တဲ့သူတစ်ယောက်ဆိုရင် စိတ်အလိုလိုက်တတ်တဲ့ အကျင့်ကို တတ်နိုင်သမျှ ဖျောက်ဖျက်ဖြစ်ရပါမယ်နော်။

ကိုယ့်ကိုကို ယုံကြည်မှုမရှိတာ (သို့) ကိုယ့်ကိုကိုယ်လေးစားမှုပျောက်ဆုံးနေတာ…

လုပ်ငန်းတွေမှာပဲဖြစ်စေ ၊ အပေါင်းအသင်းတွေကြားမှာပဲဖြစ်စေ ၊ လူမှုပတ်ဝန်းကျင်မှာပဲဖြစ်စေ ယုံကြည်မှု ၊ လေးစားမှုဟာ အလွန်အရေးကြီးပါတယ်။ အခြားသူတွေက လေးစားယုံကြည်ဖို့ဆိုတာဟာ ကိုယ်ကိုတိုင်ဟာ ယုံကြည်လေးစားမှုရှိနေဖို့လိုအပ်ပါတယ်။ ကိုယ့်ဘာသာ တာဝန်မယူနိုင်ဘူးထင်တာတွေ ၊ ကိုယ့်ဘာသာ ယုံကြည်ချက်မရှိတာတွေဟာ အချိန်ကြာလာတာနဲ့ အမျှ ကိုယ့်ကိုယ်ပျက်ဆီးစေတတ်ပါတယ်။ ကိုယ့်ဘာသာ ယုံကြည်မှု အပြည့်နဲ့ လှုပ်ရှားသွားလာနေတဲ့ သူထက် ၊ ကိုယ့်ဘာသာ ယုံကြည်မှုမရှိ ၊ တာဝန်မယူရဲ ၊ လေးစားမှုတွေမရှိတဲ့သူတစ်ယောက်ဟာ ဘယ်နေရာမှာမှ ဦးဆောင်သူကောင်းတစ်ဦးအဖြစ်သော်လည်းကောင်း ၊ ယုံကြည်စိတ်ချရတဲ့သူတစ်ယောက်အဖြစ်သော်လည်းကောင်း ရှိလာမှာမရှိဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ဘာသာကို ယုံကြည်မှုအပြည့်ရှိပြီး ၊ ကိုယ့်ဘာသာကိုယ် လေးစားမှုရှိအောင် တည်ဆောက်နိုင်ဖို့ဟာလည်း အရေးကြီးတဲ့ စိတ်နေစိတ်ထားတစ်ခုပါပဲ။ 

လေးဖျင့်ပြီး တိကျပြတ်သားမှုမရှိတာ…

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အချိန်ဆွဲတတ်တဲ့သူတွေ ၊ ဘာမှတိတိကျကျရေရေရာရာ ပြတ်သားမှုမရှိတဲ့သူတွေကို တွေ့ဖူးကြပါလိမ့်မယ်။ ဒီလူတွေဟာ ဘယ်တော့မှ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ ဆုံးဖြတ်ချက်တစ်ခုကို ချနိုင်တာကို မတွေ့ရပါဘူး။ အချိန်ဆွဲတတ်တဲ့အကျင့်ဟာ ဘယ်နေရာမှာမဆို မကောင်းတဲ့ အကျင့်တစ်ခုပဲဖြစ်ပါတယ်။ အကျင့်ဆွဲတတ်တာကြောင့် အလုပ်မပြီးတာတွေ ၊ အခွင့်အလမ်းတွေ လွဲသွားတာတွေ ၊ အသင်းအဖွဲ့တွေမှာ အလွန်အမင်းဖိအားတွေနဲ့ တွန်းအားပေးရတာမျိုးဖြစ်တတ်ပါတယ်။ ဒါ့အပြင် တိကျပြတ်သားမှုမရှိတာဟာလည်း အလားတူပါပဲ။ တိကျပြတ်သားမှုမရှိတာမျိုးတွေဟာ ဆုံးဖြတ်ချက်ချပေးနိုင်တဲ့သူတစ်ဦး ဖြစ်လာစေဖို့အတွက် အကြီးမားဆုံးအဟန့်အတားတစ်ခုပါပဲ။ ဒါ့ကြောင့်မို့ကိုယ်ဟာ ဦးဆောင်သူတစ်ယောက် ၊ ဆုံးဖြတ်ချက်ချပေးရတဲ့သူတစ်ယောက်ဖြစ်လာစေဖို့အတွက် ဒီအကျင့်စရိုက်တွေဟာ အကြီးမားဆုံး အဟန့်အတားတစ်ခုလို့တောင် ဆိုရပါလိမ့်မယ်။ 

မလိုလားအပ်တဲ့နေရာတွေမှာ အချိန်တွေအသုံးပြုမိနေတာ…. 

လုပ်ငန်းခွင်ဝင်နေရတဲ့သူတွေ ၊ နေ့တစ်ဓူဝလှုပ်ရှားသွားလာနေရတဲ့သူတွေအတွက် စိတ်ထွက်ပေါက်တစ်ခုဆိုတာ လိုအပ်ပါတယ်။ စိတ်ထွက်ပေါက်မရှိတဲ့အခါ အချိန်ကြာလာတာနဲ့အမျှ လုပ်ကိုင်ရတာ ပျော်ရွှင်မှုမရှိတော့ပဲ စိတ်ဖိဆီးတာ ၊ စိတ်ပင်ပန်းတာတွေဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် လိုအပ်တာထက် ပိုပြီး အချိန်တွေကုန်လွန်စေတာဟာလည်း ကိုယ့်ရဲ့ နေ့စဉ်ဆောင်ရွက်ချက်တွေကို ထိခိုက်ပျက်ယွင်းစေပါတယ်။ ကိုယ့်ဟာကိုယ် သတ်မှတ်ထားတဲ့ အချိန်ပမာဏထက် ပိုလွန်ပြီး အချိန်တွေ ကုန်ဆုံးစေတာ ၊ အကျိုးမရှိစေတဲ့ နေရာတွေကိုအချိန်တွေ ပေးမိတာက ကိုယ်တစ်ဖက်မှာ လုပ်ကိုင်စရာရှိတာတွေ နှောင့်နှေးကြန့်ကြာစေတာကိုလည်း သတိပြုမိဖို့လိုအပ်ပါလိမ့်မယ်နော်။ 

ပတ်ဝန်းကျင်က အသံတွေကို လစ်လျူရှု့တတ်တာ… 

တစ်ခါတစ်ရံမှာ ကျွန်တော်တို့ဟာ အာရုံတွေထဲ နစ်ဝင်နေတဲ့အခါမှာ ကိုယ့်ကိုကိုယ် သတိပြုမိဖို့ မေ့လျော့သွားတတ်ကြပါ။ ဒီနေရာမှာ ကိုယ်ဟာ ဘယ်လိုအနေအထားနဲ့ သွားလာနေတယ် ၊ ဘာတွေဖြစ်နေတယ်ဆိုတာကို သတိပြုမိကြမှာမဟုတ်ပါဘူး။ ကိုယ့်ရဲ့အလုပ်ခွင်ပတ်ဝန်းကျင် ၊ မိသားစု ၊ သူငယ်ချင်းတွေဟာ ကိုယ့်ကို မြင်ရတဲ့အခါ သူတို့က ကိုယ်သတိမပြုမိတဲ့ ဟာကွက်တွေ ၊ အားနည်းချက်တွေ ၊ လိုအပ်ချက်တွေကို သတိပြုမိတတ်ကြပါလိမ့်မယ်။ သူတို့ အကြံပေးလာတဲ့ အကြံပေးမှုတွေကို နားထောင်ပြီး ကိုယ့်ဘာသာပြန်လည်သုံးသပ်ကြည့်ဖို့ဟာလည်း အင်မတန်ကို အရေးကြီးပါတယ်။ အဲ့လိုမှမဟုတ်ပဲ ကိုယ်ဟာ နားမထောင်ပဲ လစ်လျူရှု့ပြီး လုပ်ချင်ရာလုပ်မယ်ဆိုရင်တော့ အချိန်ကြာလာတာနဲ့အမျှ ကိုယ်လည်း ပင်ပန်းသလို ဟာကွက်တွေ ၊ အားနည်းချက်တွေ များစွာကျန်ရစ်လာပါလိမ့်မယ်။ 

ကျွန်တော်တို့ အသားကျနေတဲ့ စိတ်နေစိတ်ထားတွေ အကျင့်တွေကို ဖယ်ဖျောက်ပစ်ဖို့ဆိုတာဟာ လွယ်ကူတဲ့ လမ်းစဉ်းတစ်ခုတော့မဟုတ်ပါဘူး။ ဆုံးဖြတ်ချက်ပြတ်သားဖို့ ၊ ခိုင်မာဖို့ နဲ့ ဝိရိယ ရှိဖို့ဟာ အရေးပါတဲ့ အခန်းကဏ္ဍ တစ်ခုအဖြစ်ပါဝင်နေပါတယ်။ ကျွန်တော်တို့ကို ဆွဲချနေတဲ့ အကျင့်တွေ ၊ စိတ်ထားတွေကို ပြင်ဆင်နိုင်ရင် ကျွန်တော်တို့အတွက်များစွာအကျိုးရှိစေတာအမှန်ပါပဲ။ ဒီအကျင့်တွေကို ဖယ်ရှားနိုင်တဲ့အခါ ကိုယ်ဟာ ပိုမိုပျော်ရွှင်လာမယ် ၊ ပိုပြီး လှုပ်ရှားသွားလာနိုင်လာမယ် ၊ ကိုယ်လိုချင်တဲ့ ပန်းတိုင်နဲ့ပိုပြီး နီးကပ်လာမှာကို ခံစားမိပါလိမ့်မယ်။ ဒါ့ကြောင့်မို့လို့ ဒီလိုအကျင့်စရိုက်တွေ ၊ စိတ်ထားတွေရှိတဲ့အခါ ဖယ်ရှားပစ်ဖို့ ကြိုးစားပါလို့ အကြံပြုရင်းနဲ့ပဲ ဒီနေ့အတွက် ဒီမှာပဲ အဆုံးသတ်လိုက်ပါရစေနော်။ အဆုံးထိ ဖတ်ရှု့ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ 

 ဗဟုသုတကော်နာမှ လူငယ်များအတွက် ထိရောက်ပြီးအကျိုးရှိစေမည့် သုတ၊ရသစုံဆောင်းပါးတိုများအား ရေးသားတင်ဆက်ပေးလျက်ရှိပါတယ်။ သင်ယူရရှိလိုက်သည့် ဗဟုသုတများကို လက်တွေ့အသုံးချမှသာလျင် မိမိတို့ဘ၀အတွက် အကျိုးဖြစ်ထွန်းစေမှာဖြစ်တယ်။ ထိုအတွက်အကြောင့် စာဖတ်သူပရိသတ်များအာလုံး ဗဟုသုတမှသည် လက်တွေ့သို့ အကောင်အထည်ဖော်နိုင်ကြပြီး လိုရာပန်းတိုင်ကို တက်လှမ်းနိုင်ကြပါစေ။ ဆက်လက်ပြီး ဗဟုသုတကော်နာသို့ ကြော်ငြာကိစ္စနဲ့ ပတ်သက်ပြီး တစုံတရာ ဆက်သွယ်လိုပါကလည်း အောက်ပါလိပ်စာသို့ မေးမြန်းစုံစမ်းနိုင်ပါတယ်- [email protected]

-Bahuthuta Corner

Share:

More Posts

Send Us A Message