ကျွန်တော်တို့ နေ့စဉ်လုပ်ဆောင်နေရတဲ့ လုပ်ငန်းဆောင်တာတွေ ၊ တာဝန်ယူမှုတွေ ရှိပါတယ်။ တစ်ချို့ အရာတွေက နေ့စဉ်ပုံမှန်လုပ်ဆောင်နေရတာဖြစ်ပြီး တစ်ခါတစ်ရံမှာတော့ နေ့စဉ်မဟုတ်တဲ့ လုပ်ဆောင်မှုတွေလည်းရှိပါတယ်။ ကိုယ်ဟာအမြဲတမ်း လေ့လာနေတဲ့သူ တိုးတက်ဖို့ကြံဆောင်နေတဲ့သူဆိုရင်တော့ ပိုလိုတောင်မှ လုပ်စရာတွေ များပြားနေတတ်ပါတယ်။ ဒါပေမယ့် ပင်ပန်းလာတဲ့အခါ လုပ်စရာတွေများလာတဲ့အခါမှာ ကျွန်တော်တို့ဟာ ငါတို့ လုပ်နေတာဟာ တိုးတက်မှု ရှိရဲ့လား ဒါမှမဟုတ် တကယ်ကော ဖြစ်လာရဲ့လား တိုးတက်လာရဲ့လားဆိုတဲ့ သံသယဝင်မှုလေးတွေ ပေါ်ပေါက်လာတတ်ပါတယ်။ ကျွန်တော်တို့ရဲ့ နေ့စဉ်နဲ့ အမျှ တိုးတက်လာတဲ့ တိုးတက်မှုလေးတွေဟာ ပေတံ တွေ စံနှုန်းတွေနဲ့ တိုင်းတာလို့မရပါဘူး။ မျက်စိနဲ့ မမြင်ရနိုင်တဲ့အရာဖြစ်လို့ တိုင်းတာဖို့ရာ ခဲယဉ်းပါတယ်။ ဒါပေမယ့် လုံးဝတိုင်းတာလို့ မရတာမျိုးတော့ မဟုတ်ပါဘူး။ ဒီနေ့မှာ ကိုယ့်ရဲ့ လုပ်ဆောင်မှုတွေ ၊ တိုးတက်မှုတွေကို ဘယ်လိုမျိုးသိသာစေနိုင်သလဲ ၊ ဘယ်လိုမျိုး သိနိုင်မလဲ စတာတွေအတွက် အချက်ကလေးတစ်ချို့ကို ဝေမျှပေးပါတယ်။
၁။ တစ်ချိန်မှာ တစ်ခုတည်းကို အာရုံစိုက်ခြင်း။
ကျွန်တော်တို့ဟာ လုပ်ဆောင်စရာတွေ များပြားလာခဲ့အခါမှာ အာရုံများတတ်ကြပါတယ်။ ဒါလုပ်ရမယ် ၊ ဟိုဟာလုပ်ရမယ်။ ဒါမပြီးသေးဘူး စသဖြင့် အတွေးတွေ ၊ အာရုံတွေ များပြားလာတတ်ကြပါတယ်။ ဒီလိုထွေပြားမှုက ကောင်းတာထက် ဆိုးတာကိုပဲ ပေါ်ပေါက်စေနိုင်ပါတယ်။ ဒါ့အပြင် အာရုံထွေပြားမှုတွေကြောင့် လက်ရှိလုပ်နေတာကို အာရုံမစိုက်နိုင်တော့ပဲ ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို အပြည့်အဝမထုတ်ဖော်နိုင်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့်မို့ ကိုယ်ဟာ တစ်ခုခုကို လုပ်ဆောင်တော့မယ်ဆိုရင်တော့ ကိုယ်လုပ်ဆောင်နေတဲ့ အရာတစ်ခုကိုသာ တစ်စိုက်မတ်မတ်အာရုံစိုက်ဖို့ လိုပါလိမ့်မယ်။ သို့မှသာ ကိုယ်တာဝန်ယူထားတဲ့ ဒါမှမဟုတ် ကိုယ်လုပ်နေတဲ့အရာတွေမှ ကိုယ့်ရဲ့ ပြည့်ဝတဲ့ စွမ်းဆောင်ရည်တွေနဲ့ ဖော်ဆောင်နိုင်ပြီး နောက်လုပ်စရာတွေကိုလည်း ဆက်လက်ပြီး လုပ်ကိုင်နိုင်မှာပဲဖြစ်ပါတယ်။
၂။ မှတ်တိုင်လေးများ (သို့) ပန်းတိုင်ကလေးများထားရှိခြင်း။
လုပ်ငန်းဆောင်တာတွေများပြားလာတဲ့အခါ အရေးသိပ်မကြီးတဲ့ ကိစ္စလေးတွေ ၊ ကိစ္စအသေးအဖွဲလေးတွေကိုလည်း မေ့သွားတတ်ကြပါတယ်။ အဲ့လိုမှမဟုတ်ပဲနဲ့ လုပ်စရာတွေ အများကြီးရှိသေးတယ်တာပဲဆိုပြီးလည်း စိတ်ဖိဆီးတတ်ကြပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့ဟာ မှတ်စုကလေးတစ်ခု ထုတ်ပြီး ဒီနေ့ ဘာလေးတွေ လုပ်ရမယ် ၊ ဘာတွေ ပြီးရမယ်ဆိုပြီး မှတ်တိုင်သေးသေးလေးတွေ သတ်မှတ်လိုက်တာဟာ မထင်ထားလောက်အောင်အကျိုးရှိတာကို တွေ့ရပါမယ်။ ပထမဆုံး ကိုယ်ဟာ လုပ်စရာတစ်ခုပြီးတိုင်း ဒီနေ့အတွက် ငါ ဘယ်မှတ်တိုင်ကလေးကို ပြီးသွားပြီ နောက်ဘာလုပ်ရမယ်ဆိုတာကို ပြန်လည်သတိထားနိုင်သလို မှတ်တိုင်ကလေးတွေ တစ်ခုပြီး တစ်ခု ပြီးသွားတာ ၊ အလုပ်ကလေးတွေ တစ်ခုပြီး တစ်ခုရှင်းသွားနိုင်တာကိုကြည့်ပြီး စိတ်ဖိစီးနေတာတွေကို လျော့ကျသွားစေနိုင်ပါတယ်။ ကိုယ်ဟာ အလုပ်များတဲ့အခါ စိတ်ဖိဆီးတတ်တဲ့သူဆိုရင် ဒီနည်းလမ်းလေးကို ကျင့်သုံးသင့်ပါတယ်။
၃။ မဖြစ်မနေလုပ်သင့်တဲ့ အရာတွေကို ဦးစားပေးလုပ်ဆောင်ခြင်း။
အလုပ်များတဲ့နေ့တွေရောက်တဲ့အခါမှာ လုပ်ကိုင်စရာတွေများပြားပြီးတော့ စိတ်ပင်ပန်း ၊ လူပင်ပန်းဖြစ်ရပါတယ်။ အလုပ်များတဲ့နေ့တွေမှ မဟုတ်ပဲ သင်ဟာ ဦးတည်ချက်များပြားတဲ့သူ ၊ ရည်မှန်းချက်ကြီးမားတဲ့သူဆိုရင်လည်း ထိုနည်း၎င်းကောင်း ခံစားရမှပါပဲ။ ဒီအခါမှာ အရေးမကြီးတာတွေကို အရင်လုပ်မိပြီး အချိန် ၊ လူ ၊ အင်အားတွေ အသုံးချမိတတ်ပါတယ်။ ဒီလိုမျိုးမဖြစ်ရအောင် ကိုယ့်အတွက် ဘာတွေကအရေးကြီးတယ် ၊ ဘာတွေက မဖြစ်မနေလုပ်ရမယ်ဆိုတာကို သိထားရပါမယ်။ ရုတ်တရက်မစဉ်းစားနိုင်ဘူးဆိုရင်တောင် အချိန်ခဏကလေးယူပြီး မဖြစ်မနေကို လုပ်ဆောင်ရမယ့် ကိစ္စလေးတွေ ကို အရင်ဆွဲထုတ်လိုက်ပါ။ ပြီးရင် အဲ့အထဲကမှ ကိုယ့်အတွက် အရေးကြီးတဲ့ ကိစ္စလေးတွေကို ပြန်လည်ပြီးတော့ စီစဉ်လိုက်ပါ။ ဒီအခါမှာ ကိုယ်ဟာ ဘယ်အရာတွေကို ဦးစားပေးလုပ်ဆောင်ရမလဲဆိုတာကို ရှင်းရှင်းလင်းလင်း မြင်လာပါလိမ့်မယ်။
၄။ အချိန်တွေကို လစ်ဟင်းမှုမရှိစေဖို့ အကျိုးရှိရှိ စီမံခန့်ခွဲခြင်း။
ပုံမှန်လူတစ်ယောက်အနေနဲ့ ညနက်မှ အိပ်တာမျိုး ၊ အိပ်ယာကို နောက်ကျမှထတာမျိုးတွေက ကိစ္စမရှိပေမယ့် လုပ်စရာများတဲ့သူမျိုး ၊ အိမ်မက်ကြီးကြီးမက်ထားတဲ့သူမျိုးဆိုရင်တော့ ဒါတွေဟာ ကိုယ့်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် မလိုလားအပ်ပဲ ဆိုရှယ်မီဒီယာပေါ်မှာ အချိန်ဖြုန်းတာတွေ ၊ ကိုယ့်ရဲ့ အပေါင်းအသင်းတွေနဲ့ အချိန်ပိုကုန်တာတွေကို သတိပြုရပါမယ်။ ကျွန်တော်တို့ဟာ အနားယူသင့်တယ် ၊ ကိုယ်ပိုင် အချိန်ရှိသင့်တာ မှန်တယ် ဆိုပေမယ့် စနစ်ကျတဲ့ စီမံခန့်ခွဲမှုမရှိတဲ့အခါမှာ အချိန်တွေကို အလဟဿဖြုန်းတီးမိတတ်ကြပါတယ်။ ဒီလိုမျိုးမဖြစ်စေဖို့အတွက် ကိုယ်ဟာ ဘယ်အချိန်မှာ ဘာလုပ်ရမယ်။ ဘယ်အချိန်မတိုင်ခင်မှာ ဘာကို လက်စသတ်မယ်ဆိုတဲ့ စနစ်ကျတဲ့ အချိန်ကို စီမံခန့်ခွဲမှုမျိုးရှိဖို့လိုအပ်ပါတယ်။ ဒီအချက်ဟာ အောင်မြင်တဲ့သူူတွေ ၊ ကျော်ကြားထူးချွန်တဲ့သူတွေတိုင်းမှာ ရှာတွေ့နိုင်တဲ့ အချက်တစ်ခုပါပဲ။ ဒါကို ကြည့်ခြင်းအားဖြင့် ကိုယ်ဟာ သာမန်ထက် ပိုမို ထူးချွန်တဲ့ သူတစ်ယောက်ဖြစ်ဖို့အတွက် မဖြစ်မနေ လုပ်ဆောင်ရမယ့် အရာတစ်ခုကို သတ်မှတ်နိုင်ပါတယ်။
၅။ အဆုံးသတ်ပန်းတိုင်ကို ရှင်းရှင်းလင်းလင်း နားလည်ထားရှိခြင်း။
ပန်းတိုင်မရှိတဲ့ ခရီးဟာ ပရမ်းပတာ ဆန်လွန်းပါတယ်။ ကိုယ်ဟာ ကိုယ်သွားနေတဲ့ လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း တိတိပပ နားလည်ထားဖို့ လိုပါလိမ့်မယ်။ ဒါမှသာ ကိုယ် ဘယ်အထိသွားရမယ် ၊ ဘယ်လိုလုပ်ရမယ်။ ဘာတွေကိုရှောင်ရှားရမလဲဆိုတာကို အချိန်နဲ့ အမျှပြန်လည်ဆန်းစစ်နိုင်မှာပဲဖြစ်ပါတယ်။ ကိုယ့်အိမ်မက်တွေ ၊ ပန်းတိုင်တွေဟာ ကိုယ်နဲ့ ဘယ်လောက်ကွာသေးလဲဆိုတာကို ပြန်လည်ဆန်းစစ်နိုင်တာနဲ့ အမျှ ငါ ဘာတွေ ပိုလုပ်ဆောင်ရမလဲ ၊ ငါ ဘယ်နေရာကို အရင်ရောက်အောင်သွားရမလဲဆိုတာကို သုံးသပ်နိုင်ဖို့လိုအပ်ပါတယ်။ ဒါမှသာ ကိုယ်သွားနေတဲ့ ခရီးတစ်ခုက ပန်းတိုင်ရောက်ပြီလား။ ဒီပန်းတိုင်တစ်ခုပြီးရင် ငါနောက်ထပ် ဘယ်ကိုဆက်သွားရမလဲ ဆုံးဖြတ်နိုင်ပြီး တစ်ခုပြီး တစ်ခုကို ပြတ်ပြတ်သားသား ဖြတ်ကျော်နိုင်မှာပဲဖြစ်ပါတယ်။
ဒီနေ့မှာ အဓိက ကျတဲ့ အချက်ကလေး ၅ ခုကို ဝေမျှပေးခဲ့ပါတယ်။ ဒီအချက်ကလေး ၅ ခုဟာ လုပ်ငန်းခွင်မှာပဲဖြစ်စေ ၊ ပညာသင်ကြားတဲ့အခါမှာပဲဖြစ်စေ မဖြစ်မနေ လုပ်ဆောင်သင့်တဲ့အချက်ကလေး ၅ ပါ။ ကိုယ်ဟာ ဒီအချက်ကလေးတွေကို လုပ်ဆောင်တဲ့အခါ နေ့စဉ် ၊ နေ့တစ်ဓူဝ မသိသာနိုင်ပေမယ့် ကိုယ့်ပန်းတိုင်ကိုရောက်သွားပြီးတဲ့အခါမှာတော့ အနောက်ကို ပြန်လည်လှည့်ကြည့်တဲ့အခါ ကိုယ်ဘယ်လောက်အထိ ဖြတ်သန်းခဲ့သလဲ ၊ ကိုယ်ဘယ်လောက်အထိ ပြီးမြောက်ခဲ့သလိုဆိုတာကို ထင်ထင်ရှားရှား သိမြင်နိုင်ပါတယ်။ ဒါ့အပြင် ဒီလို စည်းစနစ်ကလေးတွေကို လုပ်လေ့လုပ်ထရှိတဲ့အခါမှာတော့ ကိုယ်ဟာ အလုပ်ကို အချိန်တစ်ခုအတွင်းမှာ စွမ်းဆောင်ရည် အပြည့်အဝနဲ့ ဖော်ဆောင်နိုင်တဲ့ အလေ့အကျင့် ကိုရရှိလာမှာပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ဒီအချက်ကလေးတွေနဲ့ ဖော်ဆောင်ကြည့်ပါ။ ပြီးရင် ပန်းတိုင်တစ်ခုကို ရောက်သွားခဲ့တဲ့အခါ ကိုယ့်အတွက် ဘယ်လိုအကျိုးရှိသွားသလဲ သုံးသပ်ကြည့်ပါ။ နောက်နေ့မှ စလုပ်မယ်လို့ တွေးမယ့်အစား ဒီနေ့ပဲ စလုပ်ကြည့်လိုက်ပါ။ အဆုံးထိ ဖတ်ရှုသွားပေးလို့ ကျေးဇူးတင်ပါတယ်။
-Bahuthuta Corner