Bahuthuta Corner.com

ကောင်းမွန်ခိုင်မာတဲ့ ဆက်ဆံရေးတည်ဆောက်ခြင်း 

ကျွန်တော်တို့ ဘဝကြီးမှာ လူအမျိုးမျိုးဆက်ဆံရေးအမျိုးမျိုးတွေနဲ့ ကြုံတွေ့ခဲ့ရပါလိမ့်မယ်။ တစ်ချို့သောသူတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိသလို တစ်ချို့တွေနဲ့လည်း ပေါင်းရသင်းရတာ အဆင်မပြေလို့ လမ်းခွဲခဲ့ရတာတွေလည်း ကြုံခဲ့ဖူးကြမှာပါ။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာဖြစ်စေ ၊ လုပ်ငန်းခွင်မှာဖြစ်စေ ၊ လူမှုရေးတွေမှာဖြစ်စေ ကောင်းမွန်ခိုင်မာတဲ့ ဆက်ဆံရေးတွေရှိတာက ပိုမိုကောင်းမွန်တဲ့ လူနေမှုဘဝကို ရရှိစေပါတယ်။ တစ်ခါတစ်လေမှာ ကိုယ်က ကောင်းမွန်တဲ့ ဆက်ဆံရေးတွေတည်ဆောက်ခြင် စိတ်ရှိပေမယ့် ဘယ်လိုမျိုးတွေဟာ အရေးကြီးသလဲ ၊ လုပ်ဆောင်သင့်သလဲဆိုတာတွေကို သတိပြုမိဖို့ မေ့လျော့နေတတ်ကြပါတယ်။ ဒီနေ့မှာတော့ ကောင်းမွန်ခိုင်မာတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ဖို့အတွက် အရေးကြီးတဲ့ အချက်အလက်လေးတွေကို ဗဟုသုတကနေပြီးတော့ ဝေမျှပေးသွားမှာပါ။ 

အပြန်အလှန်ဆက်သွယ်မှုရှိခြင်း 

မိသားစုဝင်တွေနဲ့ ဆက်ဆံရေးဖြစ်ဖြစ် ၊ လုပ်ငန်းခွင်ဆက်ဆံရေးဖြစ်ဖြစ် ၊ သမီးရည်းစား သူငယ်ချင်းဆက်ဆံရေး ဖြစ်ဖြစ် ဘယ်ဆက်ဆံရေးတွေမဆို အပြန်အလှန်ဆက်သွယ်မှုရှိဖို့က အင်မတန်အရေးကြီးတဲ့အချက်ပဲဖြစ်ပါတယ်။ အပြန်အလှန်ဆက်သွယ်မှုရှိခြင်းဆိုတာဟာ ကိုယ်နဲ့ သူနဲ့ စကားတွေပြော ၊ စာတွေပို့နေတာကို ဆိုလိုတာမဟုတ်ပါဘူး။ သူနဲ့ ကိုယ်အပြန်အလှန် တစ်ယောက်အကြောင်း တစ်ယောက်ကို ဝေမျှသိစေတာကလည်း အပြန်အလှန်ဆက်သွယ်မှုရှိခြင်းပါပဲ။ အပြန်အလှန်ဆက်သွယ်မှုမရှိတဲ့ သူ ၂ ဦးဟာ တစ်ယောက်အကြောင်း တစ်ယောက် သိနိုင်ဖို့ ခဲယဉ်းတာကြောင့် ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်ဖို့ ခဲယဉ်းပါတယ်။ တစ်ယောက်အကြိုက်ကို မသိတာ ၊ ဆောင်ရ ရှောင်ရမှာတွေကို မသိတာဟာ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်မို့လို့ ကိုယ်ဟာ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို ဖန်တီးချင်တယ်ဆိုရင်တော့ သူနဲ့ကိုယ်ဟာ အပြန်အလှန်ဆက်သွယ်မှုရှိဖို့ လိုပါလိမ့်မယ်။ 

အပြန်အလှန် လေးစားမှုရှိခြင်း 

ဆက်ဆံရေးမှမဟုတ်ပါဘူး ဘယ်နေရမှာမဆို အပြန်အလှန်လေးစားမှုရှိဖို့က အခြေခံကျတဲ့ လူ့ကျင့်ဝတ်တစ်ခုပါပဲ။ ဆက်ဆံရေးကို တည်ဆောက်တဲ့အခါမှာလည်း အပြန်အလှန်လေးစားမှုမရှိခြင်းဟာ ဒီဆက်ဆံရေးတွေကို ပျက်သုဉ်းစေဖို့အတွက် ဦးတည်စေပါတယ်။ တစ်ဖက်သူဟာ ကိုယ့်ကို လေးစားမှုရှိပြီး ဆက်ဆံတဲ့အခါ ကိုယ်ဟာ အပြန်အလှန် လေးစားမှုမပေးနိုင်ရင် ဒီဆက်ဆံရေးဟာ အဆင်မပြေနိုင်ပါဘူး။ တစ်ဦးကို တစ်ဦး အပြန်အလှန်လေးစားမှုလေးနဲ့ ဆက်ဆံခြင်းဟာ ပိုမိုကောင်းတဲ့ ဆက်ဆံရေးကို တည်ဆောက်ဖို့ မရှိမဖြစ် လိုအပ်တဲ့ အရေးကြီးတဲ့ အချက်တစ်ခုပဲဖြစ်ပါတယ်။ 

တစ်ယောက်နဲ့ တစ်ယောက် စည်းကမ်းရှိခြင်း 

တစ်ယောက် ကို တစ်ယောက် စည်းထားပြီး ပေါင်းသင်းဆက်ဆံနိုင်ဖို့ကလည်း အရေးကြီးပါတယ်။ လူတိုင်းမှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းအနားသားလေးတွေရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ကြိုက်တာတွေ ရှိသလို မရှိကြိုက်ကြတဲ့ စည်းလေးတွေရှိပါတယ်။ များသောအားဖြင့် ကိုယ်ရေးကိုယ်တာနဲ့ ပတ်သတ်တဲ့ အရာတွေကို လာရောက်ထိပါးတာမျိုးကို လူတွေတော်တော်များများဟာ မကြိုက်တတ်ကြပါဘူး။ ဒါကြောင့်မို့လို့ ကိုယ်ဟာ တစ်ဖက်သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်ခြင်ရင် စည်းမကျော်မိစေဖို့ကို သတိပြုရပါလိမ့်မယ်။ တစ်ခါတစ်ရံ လွဲမှားမိတာကတော့ ဖြစ်တတ်ပေမယ့် အမြဲတမ်းလိုလို စည်းတွေကျော်မိနေရင်တော့ အဆင်မပြေနိုင်ပါဘူးနော်။ 

တန်ဖိုးရှိတဲ့ အချိန်ကာလများကို အတူတကွတည်ဆောက်ခြင်း 

တစ်ယောက်နဲ့ တစ်ယောက် ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိဖို့ဆိုတာဟာ တန်ဖိုးရှိတဲ့ အချိန် ၊ အခိုက်အတန့်လေးတွေရှိဖို့လိုအပ်ပါတယ်။ ဒီလိုရှိခြင်းအားဖြင့် သူနဲ့ ကိုယ်နဲ့ ကြားမှာ ခိုင်မှာတဲ့ ဆက်သွယ်မှုလေးတွေရှိလာနိုင်ပါတယ်။ များသောအားဖြင့် ကောင်းမွန်တဲ့ အမှတ်တရတွေ ရှိခြင်းဟာ တစ်ဦးနဲ့ တစ်ဦးကို အပြန်အလှန် အမှတ်ရစေပြီးတော့ ပိုမို နီးကပ်စေနိုင်ပါတယ်။ အကယ်၍ ကိုယ်ဟာ တစ်ဖက်သူ တစ်ဦးဦးနဲ့ အမြဲတမ်းလိုလို ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို ဖော်ဆောင်ခြင်တယ်ဆိုရင်တော့ ဖာသိဖာသာ နေတာမျိုး ၊ သာမန်တွေ့ဆုံဆက်ဆံမှုမျိုးဆိုတာထက် ပိုမို အလေးအနက်ဖော်ဆောင်နိုင်တဲ့ ၊ ကောင်းမွန်တဲ့ အမှတ်တရတွေ ကျန်တဲ့ အချိန်ကာလမျိုးကို ဖန်တီးနိုင်ဖို့ဟာလည်း အရေးကြီးပါတယ်။ 

ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို ရေရှည်မှာ တည်ဆောက်နိုင်ဖို့ဆိုတာဟာ တကယ်တမ်းမှာ လွယ်တဲ့အရာတစ်ခုတော့မဟုတ်ပါဘူး။ တစ်ဖက်သူနဲ့ ကိုယ်နဲ့ဟာလည်း အဆင်ပြေနေဖို့ဟာ အင်မတန်အရေးကြီးလှပါတယ်။ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို ရေရှည်တည်ဆောက်နိုင်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာကော ၊ ရုပ်ပိုင်းဆိုင်ရာမှာပါ ကောင်းမွန်တဲ့ အကျိုးရလဒ်တွေကို ရရှိစေပါတယ်။ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ရရှိခြင်း ၊ စိတ်လုံခြုံခြင်း ၊ အပြန်အလှန်မျှဝေနိုင်ခြင်း ၊ ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ခြင်းတွေဟာ သိသာနိုင်တဲ့ အကျိုးရလဒ်တွေပဲဖြစ်တာမို့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကို ပိုင်ဆိုင်နိုင်ဖို့ဟာ အရေးကြီးပါတယ်နော်။ ဒီနေ့မှာတော့ ဘယ်လိုမျိုး ဖန်တီး တည်ဆောက်ရမလဲဆိုတာနဲ့ ပတ်သတ်ပြီး အရေးကြီးတာလေးတွေကို ဝေမျှပေးခဲ့ပြီးပါပြီ။ ကိုယ့်မှာ သူငယ်ချင်းတွေရှိတယ်ဆိုရင်လည်း သူတို့နဲ့ ပတ်သတ်ပြီး ဒီအချက်လေးတွေကို အသုံးချကာ ပိုမိုကောင်းမွန်အောင် ဖန်တီးဖို့ တိုက်တွန်းနှိုးဆော်ပါရစေ။ အဆုံးထိ ဖတ်ရှု့ပေးခဲ့တဲ့ အတွက်ကျေးဇူးတင်ပါတယ်။ 

ဗဟုသုတကော်နာမှ လူငယ်များအတွက် ထိရောက်ပြီးအကျိုးရှိစေမည့် သုတ၊ရသစုံဆောင်းပါးတိုများအား ရေးသားတင်ဆက်ပေးလျက်ရှိပါတယ်။ သင်ယူရရှိလိုက်သည့် ဗဟုသုတများကို လက်တွေ့အသုံးချမှသာလျင် မိမိတို့ဘ၀အတွက် အကျိုးဖြစ်ထွန်းစေမှာဖြစ်တယ်။ ထိုအတွက်အကြောင့် စာဖတ်သူပရိသတ်များအာလုံး ဗဟုသုတမှသည် လက်တွေ့သို့ အကောင်အထည်ဖော်နိုင်ကြပြီး လိုရာပန်းတိုင်ကို တက်လှမ်းနိုင်ကြပါစေ။ ဆက်လက်ပြီး ဗဟုသုတကော်နာသို့ ကြော်ငြာကိစ္စနဲ့ ပတ်သက်ပြီး တစုံတရာ ဆက်သွယ်လိုပါကလည်း အောက်ပါလိပ်စာသို့ မေးမြန်းစုံစမ်းနိုင်ပါတယ်- [email protected]

-Bahuthuta Corner

Share:

More Posts

Send Us A Message