Bahuthuta Corner.com

ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ လုပ်ဆောင်ချက်များအကြောင်း 

ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ Cells သန်းပေါင်းများစွာနဲ့ ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ Cells တွေကမှ တစ်ဆင့် Tissues တွေဖြစ်ပေါ်လာပြီး Tissues အစုအဖွဲ့တွေကနေမှ Organs တွေ ဖြစ်လာပါတယ်။ Organs တွေ အတူတကွဖွဲ့စည်းတည်ဆောက်ပြီး အလုပ်လုပ်ဆောင်ကြတဲ့ အခါမှာ Organ Systems ဖြစ်ပေါ်လာပြီးတော့ နောက်ဆုံးမှာ Organism ဆိုပြီး သက်ရှိဖြစ်ပေါ်လာပါတယ်။ အဆိုပါ အဆင့်အဆင့် ဖွဲ့စည်းတည်ဆောက်ပုံဟာ လူတစ်မျိုးတည်းတိုင်းမဟုတ်ပဲ သက်ရှိတွေ အများစုဟာလည်း အဆိုပါ အဆင့်အဆင့် ဖွဲ့စည်းတည်ဆောက်ထားတာပါ။ ဒီနေ့မှာတော့ Organ Systems မှာပါဝင်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ သူတို့ တာဝန်ယူဆောင်ရွက်ထားတဲ့ လုပ်ဆောင်ချက်ကလေးများကို ဝေမျှပေးသွားပါမယ်။ 

ကျွန်တော်တို့ လူသားတွေရဲ့ Organ System ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ ဒီခန္ဓာကိုယ်ကြီး အသက်ရှင်ရပ်တည်နိုင်အောင် အဓိက လုပ်ဆောင်ချက်တွေကို ပါဝင်လုပ်ဆောင်နေပါတယ်။ ဒါတွေဟာ အသက်ရှုခြင်း ၊ သွေးလည်ပတ်ခြင်း ၊ အစာချေဖျက်ခြင်း ၊ ဟော်မုန်းထုတ်ခြင်း ( ထိန်းညှိပေးခြင်း ) ၊ အညစ်အကြေးစွန့်ထုတ်ခြင်း ၊ မျိုးပွားခြင်း ၊ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ လုပ်ဆောင်နိုင်အောင် တစ်ခု နှင့် တစ်ခု ဆက်သွယ်ခြင်း ၊ ပြင်ပရန်များကို ကာကွယ်ခြင်း ၊ ခန္ဓာကိုယ်ရွေ့လျားစေခြင်း ( ထိန်းညှိပေးခြင်း ) ၊ သွေးထုတ်လွှတ်ခြင်း ( ထိန်းညှိပေးခြင်း ) အစရှိတဲ့ အရေးကြီးတဲ့ လုပ်ဆောင်ချက်တွေကို ဟန်ချက်ညီညီ နဲ့ လုပ်ဆောင်နေကြပါတယ်။ 

၁။ အသက်ရှုခြင်း 

ကျွန်တော်တို့ မွေးဖွားလာတဲ့ အချိန်ကနေစပြီးတော့ ဒီအသက်ရှုတဲ့ လုပ်ငန်းစဉ်ဟာ ကျွန်တော်တို့ သိ၍ ဖြစ်စေ ၊ မသိ၍ပဲဖြစ်စေ စဉ်ဆက်မပြတ်လုပ်ဆောင်နေပါတယ်။ အသက်ရှုစေဖို့အတွက်ကို အဆုတ်ရယ် ၊ လေပြွန်ရယ်ဟာ အဓိက လုပ်ဆောင်နေပြီး အသက်ရှင်ရပ်တည်ဖို့ အတွက် အခြေခံနဲ့ အဓိက အကျဆုံးလုပ်ငန်းစဉ်ပဲဖြစ်ပါတယ်။ အသက်ရှင်ဖို့အတွက် အဓိက ပါဝင်တဲ့ အစိတ်အပိုင်းတွေဟာ ၊ နှာခေါင်း ၊ ခံတွင်း ၊ လေပြွန် ၊ အဆုတ် တို့ အဓိက လုပ်ဆောင်ပြီး ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အောက်ဆီဂျင်တွေကို ရယူဖို့ အဓိက လုပ်ဆောင်ကြပါတယ်။ အသက်ရှုခြင်း လုပ်ငန်းစဉ်မှာ အများဆုံး အဖြစ်များတဲ့ ရောဂါတွေကတော့ ပန်းနာရင်ကျပ် ရောဂါ နဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ နာတာရှည်ရောဂါ က အများဆုံးအဖြစ်များကြပါတယ်။ တစ်ချို့ဝေဒနာတွေက မသန့်ရှင်းတဲ့ လေထုတွေ ၊ ဆေးလိပ်သောက်သုံးခြင်းတွေကြောင့် အဖြစ်များပြီးတော့ တစ်ချို့ဟာ မွေးရာပါ အားနည်းချက်ကြောင့် ဖြစ်ပေါ်တတ်ပါတယ်။ 

၂။ သွေးလည်ပတ်ခြင်း 

ကျွန်တော်တို့ အသက်ရှုပြီးတဲ့အခါ ရလာတဲ့ အောက်ဆီဂျင်တွေကို ခန္ဓာကိုယ် အနှံ့ပို့ဆောင်ဖို့အတွက်ကို သွေးလည်ပတ်ခြင်းဟာ တာဝန်ယူလုပ်ဆောင်ပါတယ်။ သွေးလည်ပတ်ခြင်းဟာ အောက်ဆီဂျင်တွေကို တင်ပို့တာတွေတင်မဟုတ်ပဲ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေကို သာမက ပို့ဆောင်ပေးပြီး မလိုအပ်တဲ့ စွန့်ထုတ်လိုက်တဲ့ သွေးတွင်း အညစ်အကြေးတွေကိုပါ ပြန်လည်သယ်ဆောင်လာပြီးတော့ ပြန်လည်သန့်စင်ပေးတဲ့အထိလုပ်ဆောင်ပေးပါတယ်။ သွေးတွေလည်ပတ်စေဖို့ အတွက် ကို နှလုံးက အဓိကတာဝန်ယူလုပ်ဆောင်ပေးပြီးတော့ နှလုံး နဲ့ တကွ သွေးလွှတ်ကြော ၊ သွေးပြန်ကြော ၊ သွေးကြောမျှင်လေးတွေဟာ ဒီလုပ်ငန်းစဉ်မှာ ပါဝင်ပြီး အတူတကွ လုပ်ဆောင်နေကြပါတယ်။ သွေးလည်ပတ်တာကို ပိုမိုအားကောင်းစေဖို့အတွက် နှလုံးသွေးကြောဆိုင်ရာ လေ့ကျင့်ခန်းတွေ လုပ်ခြင်း ၊  ဆေးလိပ်(သို့) အရက်သောက်သုံးပါက ဖြတ်တောက်ခြင်း ၊ သံဓာတ်အဓိက ပါဝင်တဲ့ အစားအသောက်တွေကို စားသောက်ခြင်း အစရှိတာတွေက ခန္ဓာကိုယ်တွင်းမှာရှိတဲ့ သွေးလည်ပတ်မှုကို ပိုမိုအားကောင်းစေနိုင်ပါတယ်။ 

၃။ အစာချေဖျက်ခြင်း 

ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အောက်ဆီဂျင်တွေကို အသက်ရှုခြင်းကနေ ရရှိပြီးတော့ တခြားလိုအပ်တဲ့ အာဟာရတွေအတွက် ကျွန်တော်တို့တွေဟာ အစားစားခြင်းကနေရရှိပါတယ်။ အာဟာရတွေဟာလည်း ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ပုံမှန်အတိုင်းလုပ်ဆောင်ဖို့ အရေးကြီတဲ့ နေရာကနေ ပါဝင်နေပါတယ်။ အစာကို ချေဖျက်တဲ့အခါမှာ ရုပ်ပိုင်းဆိုင်ရာ ချေဖျက်ခြင်းနဲ့ ဓာတုနည်းအရချေဖျက်ခြင်းဆိုပြီး ၂ မျိုးရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာချေဖျက်တာကတော့ ကျွန်တော်တို့ စားသောက်လိုက်တဲ့ အစားအစာတွေကို အလွယ်တကူ ပို့ဆောင်ရလွယ်ကူစေဖို့ နဲ့ အာဟာရတွေကို လျှင်မြန်စွာစုပ်ယူဖို့အတွက် အဓိက လုပ်ဆောင်တာပါ။ ရုပ်ပိုင်းဆိုင်ရာ ချေဖျက်ကြတဲ့နေရာမှာ သွား ၊ လျှာ ၊ ခံတွင်းတွေကို အဓိက လုပ်ဆောင်ပြီး လည်မြို ၊ အစာရေမြိုပြွန်ကနေတစ်ဆင့် ဓာတုနည်းအရချေဖျက်ဖို့အတွက်ကို ပို့ဆောင်ပေးပါတယ်။ ကျွန်တော်တို့ ချေဖျက်ထားတဲ့ အစာတွေကို အစာအိမ် ၊ အူမကြီး ၊ အူ ၊ အူသိမ် ၊ အသဲ ၊တို့ကနေ တစ်ဆင့် ဓာတုနည်းအရချေဖျက်ပြီးတော့ လိုအပ်တဲ့ အာဟာရတွေကို စုပ်ယူထားပါတယ်။ စုပ်ယူပြီးသား အစာတွေ ၊ မလိုအပ်တာတွေကိုလည်း စွန့်ထုတ်ပစ်ပါတယ်။ လေ့ကျင့်ခန်းနေ့စဉ်ပုံမှန်လုပ်တာ ၊ အစာစားတဲ့အခါ ဖိုက်တာ အမျှင်ဓာတ်ပါတဲ့ အစာတွေ ၊ ဒိန်ချဉ် အစရှိတာတွေက နေ့စဉ်အစာချေဖျက်ခြင်းကို ပုံမှန်အတိုင်းသာမက ပိုမိုကောင်းမွန်စေတဲ့ အထောက်အကူတွေရရှိစေနိုင်ပါတယ်။ 

၄။ အညစ်အကြေးစွန့်ထုတ်ခြင်း 

ကျွန်တော်တို့ အာဟာရစုပ်ယူပြီးသား အစာတွေနဲ့ မလိုအပ်တာတွေကို ခန္ဓာကိုယ်ကနေတစ်ဆင့် စွန့်ထုတ်ပါတယ်။ ဒီလုပ်ဆောင်ချက်အတွက် ဆီးအိတ် နဲ့ ကျောက်ကပ်တို့က အဓိက လုပ်ဆောင်ပေးကြပါတယ်။ မလိုလားအပ်တဲ့ အရာတွေ ခန္ဓာကိုယ်တွင်းမှာ ရှိနေခြင်းဟာ ကြာမြင့်လာတာနဲ့ အမျှ ခန္ဓာကိုယ်ကို အဆိပ်အတောက်ဖြစ်စေတာမို့ အညစ်အကြေးစွန့်ထုတ်ခြင်းဟာလည်း အစာချေဖျက်ပြီးတာနဲ့ မဖြစ်မနေဆက်လက် လုပ်ဆောင်ရတဲ့ လုပ်ငန်းစဉ်တစ်ခုပဲဖြစ်ပါတယ်။ ပုံမှန်အညစ်အကြေးစွန့်ထုတ်ဖို့ မိမိစားနေတဲ့အစားအစာ နဲ့ နေထိုင်မှုတွေက အဓိကျပါတယ်။ 

၅။ ဟော်မုန်းထုတ်လွှတ်ခြင်း ( ထိန်းညှိပေးခြင်း ) 

ကျွန်တော်တို့ ခန္ဓာကိုယ်တွင်းမှာ လိုအပ်တဲ့ ထိန်းညှိမှုတွေ နဲ့ စိတ်ခံစားမှုတွေ ၊ ကျန်းမာရေးလိုအပ်ချက်တွေက ဟော်မုန်းတွေ ထုတ်လွှတ်ပေးဖို့ နဲ့ ထိန်းညှိပေးဖို့ လိုအပ်ပါတယ်။ အမျိုးသားတွေမှာ ထက် အမျိုးသမီးတွေမှာ ပိုပြီး သိသာထင်ရှားမှုတွေ တွေ့နိုင်ပါတယ်။ အသိသာဆုံးကတော့ ဟော်မုန်းမညီမျှတဲ့ အမျိုးသမီးတစ်ဦးဟာ ရာသီစက်ဝန်း မမှန်တာတွေ ၊ ရာသီထိန်တာတွေ ဖြစ်ပေါ်စေနိုင်တာပဲ။ ဒါတင်မကပဲ နဲ့ ဟော်မှန်းမညီမျှတဲ့အခါ မူးဝေအော့အန်တာ ၊ ဝက်ခြံထွက်တာ ၊ အားနည်းတာ ၊ ခန္ဓာကိုယ် ဟန်ချက်မညီတာ အစရှိတဲ့ သိသာထင်ရှားမှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဟော်မုန်းထုတ်လွှတ်တာ ၊ ထိန်းညှိပေးတာတွေကိုတော့ သိုင်းရွိုက် ၊ ပစ်ကျူတရီ ၊ အဒရီနယ် အစရှိတဲ့ ဂလင်းအစိတ်အပိုင်းလေးတွေကနေ အဓိက လုပ်ဆောင်ပါတယ်။ အကယ်၍ ကိုယ်ဟာ ဟော်မုန်းမညီမျှမှု ၊ လုံလောက်မှုမရှိတာတွေ ကြုံတွေ့နေရတယ်ဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေပြီး လိုအပ်တဲ့ ဆေးဝါး မှီဝဲသင့်ပါတယ်။ ကိုယ်အလေးချိန်ကို ပုံမှန်အတိုင်း ထိန်းထားတာ ၊ စိတ်ဖိဆီးမှုကို ထိန်းချုပ်နိုင်တာ ၊ အိပ်ရေးဝဝ အိပ်တာတွေကလည်း ကိုယ်တွင်းမှာရှိတဲ့ ဟော်မုန်းထုတ်လွှတ်တာနဲ့ ထိန်းညှိတာကို များစွာ အထောက်အကူဖြစ်စေပါတယ်။ 

၆။ ခန္ဓာကိုယ် အစိတ်အပိုင်းများ အတူတကွလုပ်ဆောင်နိုင်ဖို့ ဆက်သွယ်ပေးခြင်း 

ကျွန်တော်တို့ ခန္ဓာကိုယ်က လုပ်ဆောင်သမျှ ၊ သိရှိသမျှအရာအားလုံးကို ဦးနှောက်ကနေ တစ်ဆင့် ထိန်းချူပ်ပါတယ်။ ဒါတင်မကပဲ အစိတ်အပိုင်းတွေ တစ်ခုနဲ့ တစ်ခု အချိတ်အဆက်မိမိလုပ်ဆောင်နိုင်အောင် ၊ လွဲချော်မှုမဖြစ်စေအောင် ဆက်သွယ်ပေးပါတယ်။ ဆက်သွယ်ပေးတဲ့အခါမှာလည်း အလွန်သေးမျှင်တဲ့ နာဗ့်အကြောလေးတွေကနေတစ်ဆင့် လျှင်မြန်တဲ့ လျှပ်စီးကြောင်းလေးတွေနဲ့ ဆက်သွယ်ပို့ဆောင်ပေးပါတယ်။ ဦးနှောက်နဲ့ နာဗ့်ကြောလေးတွေတင်မဟုတ်ပဲ မျက်လုံးနဲ့ နားတို့ဟာလည်း ဒီအစိတ်အပိုင်းမှာပါဝင်လုပ်ဆောင်လျှက်ရှိပါတယ်။ 

၇။ သွေးထုတ်လွှတ်ခြင်း ( ကိုယ်တွင်းလိုအပ်ချက်များ နဲ့ ကာကွယ်ခြင်း ) 

ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် အဓိက လိုအပ်တဲ့ သွေးတွေကို အရိုးတွင်းမှာရှိတဲ့ အရိုးတွင်းချဉ်ဆီတွေကနေ အဓိက ထုတ်လုပ်ပေးနေပါတယ်။ ဒါတင်မကပဲ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ သွေးတင်မကပဲ အခြားသော အရည်တွေကိုပါ ညီမျှအောင်ထိန်းညှိပေးပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ သွေးထုတ်လွှတ်တာထက် ကိုယ်တွင်းလိုအပ်ချက်တွေနဲ့ ကာကွယ်ခြင်းလို့ ခေါင်းစဉ်တပ်ရခြင်းဟာ သွေးတွေတင်မဟုတ်ပဲ ခန္ဓာကိုယ်အတွင်းကို ဝင်ရောက်လာတဲ့ ရောဂါပိုးမွှားနဲ့ ပြင်ပ အရာများကိုလည်း တိုက်ထုတ်ဖို့ အရာတွေကို အဓိက ထုတ်လွှတ်ပြီး ထိန်းညှိပေးနေလို့ပဲဖြစ်ပါတယ်။ သွေးအားနည်းတဲ့ သူတစ်ယောက်ဆိုရင်တော့ ငါးတွေ ၊ အသည်း ၊ ဥ အမျိုးမျိုး နဲ့ နို့ထွက်ပစ္စည်းတွေဟာ သွေးအားကောင်းစေပါတယ်။ 

၈။ ခန္ဓာကိုယ်လှုပ်ရှားစေခြင်း ၊ ခိုင်မာသော ပုံစံရစေခြင်း 

ခန္ဓာကိုယ်ကြီး လှုပ်ရှားစေနိုင်ဖို့ ၊ ရပ်တည်နိုင်ဖို့ နဲ့ ခိုင်မာကျစ်လစ်တဲ့ တည်ဆောက်မှုမျိုးရရှိစေဖို့အတွက် အရိုးနဲ့ ကြွက်သားတွေဟာ အဓိက တာဝန်ယူထားပါတယ်။ ဒါတွေဟာ လှုပ်ရှားစေဖို့တင်မဟုတ်ပဲ ခန္ဓာကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတွေ အလွယ်တကူ မထိခိုက်စေဖို့နဲ့ နေရာတကျရှိ စေဖို့အတွက်ပါ ပါဝင်နေပါတယ်။ အကယ်၍ ကျွန်တော်တို့ ခန္ဓာကိုယ်မှာသာ အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ မရှိခဲ့ရင် ကျွန်တော်တို့ဟာ လှုပ်ရှားနိုင်ခြင်းရှိမှာ မဟုတ်သလို ၊ အခုလိုမျိုး ရပ်တည်နိုင်မှာမဟုတ်ပဲ မြေပြင်မှာပဲ ပုံကျနေမှာပါ။ အရိုးအဆစ်တွေ ကျန်းမာသန်စွမ်းဖို့အတွက် ကယ်လ်ဆီယမ် နဲ့ ဗီတာမင် ဒီကို အဓိက လိုအပ်ပါတယ်။ ကယ်လ်ဆီယမ်ဟာ နို့နဲ့ နို့ထွက်ပစ္စည်းတွေ ၊ အစိမ်းရောင် အသီးအရွက်တွေကနေရရှိနိုင်ပြီး ဗီတာမင်ဒီဟာ နေရောင်ခြည်ကနေ တစ်ဆင့်ရရှိနိုင်ပါတယ်။ 

၉။ ခန္ဓာကိုယ်ပြင်ပ ထိခိုက်မှုမရှိစေရန် ကာကွယ်ခြင်း 

ခန္ဓာကိုယ်တွင်းတင်မဟုတ်ပဲ ခန္ဓာကိုယ်ပြင်ပကအရာတွေကို ကာကွယ်ဖို့အတွက်လည်း လိုအပ်ပါတယ်။ ပူတာ ၊ အေးတာ ၊ ဖုန်မှုန့်တွေ ၊ ရောဂါပိုးမွှားတွေ အလွယ်တကူမဝင်ရောက်နိုင်အောင် နဲ့ ခန္ဓာကိုယ် ပြင်ပနေ ထိခိုက်မှုမရှိအောင် ၊ အရေပြားတွေ ၊ ဆံပင်တွေ ၊ အမွှေးအမျှင်တွေ နဲ့ လက်သည်း ခြေသည်းတွေဟာ အဓိက တာဝန်ယူလုပ်ဆောင်ပါတယ်။ မိမိအနေဖြင့် အမြဲတမ်း  ထိုအရာတွေကို သတိထားပြီး ဂရုစိုက်သင့်ပါတယ်။

၁၀။ မျိုးပွားခြင်း 

ကျွန်တော်တို့ သက်ရှိတွေ ဆက်လက်ရပ်တည်ရှင်သန်နိုင်ဖို့အတွက် ၊ မျိုးစိတ်တွေ ဆက်လက်ထိန်းသိမ်းဖို့အတွက် မျိုးပွားခြင်းကို ဆက်လုပ်လုပ်ဆောင်ရပါတယ်။ ဒီမျိုးပွားအင်္ဂါအစိတ်အပိုင်းတွေဟာလည်း ကျွန်တော်တို့ ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်းမှာပါဝင်ပြီး အရေးကြီးတဲ့ နေရာဒေသတွေကနေ လုပ်ဆောင်နေပါတယ်။ သားအိမ် ၊ ဥပြွန် ၊ သားအိမ်ပြွန်တို့ဟာ အမျိုးသမီးတွေမှာပါဝင်ပြီးတော့ အမျိုးသားတွေမှာတော့ လိင်တံ ၊ ကပ္ပါယ်အိတ် နဲ့ ဝှေးစေ့တို့ဟာ အဓိကပါဝင်ကြပါတယ်။ 

ဒီကနေ့မှာတော့ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ ရှိတဲ့ အရေးကြီး အင်္ဂါအစိတ်အပိုင်းတွေနဲ့ လုပ်ဆောင်ချက်တွေအကြောင်းကို ဖော်ပြပေးသွားပါတယ်။ ဒီအင်္ဂါ အစိတ်ပိုင်းတွေဟာ လူတွေမှာတင်မဟုတ်ပဲနဲ့ အဆင့်မြင့် သက်ရှိသတ္တဝါမျိုးစိတ်တွေ ၊ နို့တိုက်သတ္တဝါတွေ အများစုမှာ ပါဝင်လုပ်ဆောင်နေကြပါတယ်။ နောက်တစ်ပတ်တွေမှာလည်း အခုလိုမျိုး ဗဟုသုတ ရစရာတွေကို ဆက်လက်ဝေမျှပေးသွားမှာမို့ ဆက်လက်ဖတ်ရှုကြဖို့ တိုက်တွန်းရင်းနဲ့ပဲ ဒီနေ့အတွက်ဒီမှာပဲ အဆုံးသတ်လိုက်ပါတယ်။ အဆုံးထိ ဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်။ 

-Bahuthuta Corner

Share:

More Posts

Send Us A Message