Bahuthuta Corner.com

ခရီးမထွက်ခင် ကျစ်ကျစ်လစ်လစ်ပြင်ဆင်ရမည့် နည်းလမ်းကလေးများ 

ကျွန်တော်တို့ ဘဝတွေမှာ ခရီးတွေများစွာ ထွက်ဖူးကြပါလိမ့်မယ်။ ကိုယ်ဟာခရီးထွက်ရတာ မကြိုက်တဲ့သူဆိုရင်တောင်မှ လုပ်ငန်းလိုအပ်ချက်အရဖြစ်စေ ၊ ကိစ္စတစ်ခုခုကြောင့်ဖြစ်စေ တစ်ခုမဟုတ်တော့ တစ်ခု ခရီးတော့သွားရမှာပဲဖြစ်ပါတယ်။ အကယ်၍ လုပ်ငန်းလိုအပ်ချက်အရ ခရီးထွက်ရတဲ့အခါ လုပ်ငန်းဘက်က စီစဉ်ပေးတာတွေရှိရင် ကိုယ့်ဘက်ထွေထွေထူးထူးပြင်ဆင်ရတာမျိုးမရှိလို့ သက်သာပေမယ့် အပျော်တမ်းခရီးတွေ ၊ လေ့လာလေးခရီးတွေ ၊ မိသားစုခရီးတွေ ထွက်တဲ့အခါမှာတော့ ကိုယ်တိုင်ကိုယ်ကျ စီစဉ်ရပါပြီ။ ဒီအခါမှာ ခရီးမထွက်ချင် ခရီးစဉ်ကို ဘယ်လိုမျိုးကျစ်ကျစ်လစ်လစ်နဲ့ အကျိုးရှိရှိသွားလို့အောင် ပြင်ဆင်နိုင်မယ့် နည်းလမ်းလေးတွေကို ဝေမျှပေးသွားပါမယ်။ 

၁။ ငွေကြေးစီမံခန့်ခွဲမှုကို ကြိုတင်ပြင်ဆင်ခြင်း။ 

ခရီးမထွက်ခင် အရင်ဆုံးတွေးရမယ့် အရာဟာ ငွေကြေးပဲဖြစ်ပါတယ်။ ကိုယ်ဟာ ထွက်မယ့် ခရီးအပေါ်မူတည်ပြီးတော့ ကုန်ကျမယ့်စရိတ်တွေ ၊ သုံးမယ့်စရိတ်တွေကို လုံလုံလောက်လောက်ဖြစ်အောင် စီမံခန့်ခွဲဖို့အရေးကြီးပါတယ်။ ခရီးတစ်ခုထွက်တဲ့အခါ ငွေကြေးက အင်မတန်အရေးပါပါတယ်။ ကိုယ်မရောက်ဖူးတဲ့ ဒေသတစ်ခု နေရာတစ်ခုမှာ အသိမိတ်ဆွေမရှိတာ ၊ ငွေကြေးပြတ်တောက်မှု ဖြစ်တာ အစရှိတာတဲ့ အကြောင်းအမျိုးမျိုးတွေ ကြုံတွေ့လာရနိုင်ပါတယ်။ ကိုယ်ဟာ ခရီးမထွက်ခင်ကတည်းက ငွေကြေးကို ကြိုတင်စီမံခန့်ခွဲပြီး ပြင်ဆင်လာမယ်ဆိုရင်တော့ ဒီပြဿနာတွေက အလွယ်တကူပဲဖြေရှင်းနိုင်ပါလိမ့်မယ်။ အဲ့လိုမှမဟုတ်ဘူး ကိုယ်ဟာ ငွေကိုင်ရတာ အားနည်းတယ် ၊ အစီအစဉ်မချတတ်ဘူးဆိုရင်တော့ ကိုယ့်အတွက် ကုန်ကျနိုင်တဲ့ စရိတ်ကလေးတွေကို ချတွက်ပြီး အရေးပေါ်သုံးဖို့ ဆိုပြီး သီးသန့်ဖယ်ထားကြည့်ပါ။ အနည်းဆုံးတော့ ကိုယ်ခရီးက ချောချောရှုရှုပြန်ရောက်တဲ့အခါမှာတော့ ဒီငွေဟာ ကိုယ့်လက်ထဲမှာပဲ ကျန်နေဦးမှာပဲဖြစ်ပါတယ်။ 

၂။ ကိုယ်သွားရောက်မယ့် ဒေသတစ်ခုကို ကြိုတင်လေ့လာခြင်း။ 

ကိုယ်ဟာ ခရီးတစ်ခုကို မသွားခင်မှာတော့ ကိုယ်သွားရောက်မယ့် ဒေသတစ်ခုကို မဖြစ်မနေကြိုတင်ပြီး လေ့လာထားဖို့ကအရေးကြီးပါတယ်။ ဒီနေရာမှာ အရေးကြီးတာဟာ ခရီးစဉ်အပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားနိုင်ပါတယ်။ ဥပမာ ကိုယ်သွားတဲ့ခရီးစဉ်ဟာ အေးတဲ့ဒေသတစ်ခုဖြစ်တယ်။ ကိုယ်က လေ့လာမှုမရှိတဲ့ ရောက်သွားပြီးမှ လုံလောက်တဲ့ အနွေးထည်မပါတာ။ လုံလောက်တဲ့ အနွေးဝတ်စုံ မပါတာ အစရှိတာတွေက မလိုလားအပ်ပဲ ငွေကို ပိုမိုယိုစီးစေနိုင်တဲ့ အဖြစ်အပျက်ကလေးတစ်ခုဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် လေ့လာရေးခရီးတွေ ထွက်တဲ့အခါမှဆိုရင် ကိုယ်လုံးဝမသိတဲ့ အခါမှာ ကိုယ့်အတွက် လေ့လာရတာ ၊ ရှာဖွေစူးစမ်းရတာ ခက်ခဲပါလိမ့်မယ်။ အဲ့လိုမှ မဟုတ်ပဲ ကိုယ်ဟာ ကြိုတင်ပြီး ဒေသဆိုင်ရာအကြောင်းအရာတွေကို ရှာဖွေထားမယ် ၊ ကြိုတင်လေ့လာထားမယ် ၊ ကြိုတင်ပြီး အစီအစဉ်လေးတွေ ဆွဲထားနိုင်မယ်ဆိုရင် ကိုယ်ရောက်တဲ့အခါ ယောင်အအ ဖြစ်မနေတော့ပဲ ဘာလုပ်ရမယ် ၊ ဘယ်သွားရမယ်ဆိုတာကို အလွယ်တကူဆုံးဖြတ်နိုင်မှာပဲဖြစ်ပါတယ်။ တစ်ချို့ဒေသတွေမှာ ဘာသာရေး ၊ လူမျိုးရေး ၊ ယုံကြည်ကိုးကွယ်မှု ၊ လူနေမှု ပုံစံတွေ ကွာခြားတာကိုလည်း သတိပြုရပါမယ်။ 

၃။ အထုတ်အပိုးများကို ကျစ်ကျစ်လစ်လစ်စီစဉ်ခြင်း။ 

ကိုယ်ဟာ ခရီးထွက်ရတော့မယ်ဆိုရင် အထုတ်အပိုးကတော့ မဖြစ်မနေပြင်ဆင်ရတော့ပါမယ်။ အဝတ်အစားတွေ ၊ တစ်ကိုယ်ရေအသုံးအဆောင်တွေ ၊ ကိုယ့်ရဲ့ လုပ်ငန်းဆောင်တာ ကိရိယာတွေ ၊ နိုင်ငံကူးသန်းလက်မှတ်တွေ အစရှိသဖြင့် ပြင်ဆင်ရပါမယ်။ နောက်ဆုံးမထွက်ခွာခင် အထိ နိုင်ငံကူးသန်း လက်မှတ် တွေနဲ့ငွေကြေးတွေကို စစ်ဆေးရပါမယ်။ ပြီးရင်တော့ ကိုယ်ခရီးသွားမယ့် အခါ ကိုယ်နေမယ့် ရက်ပိုင်း ၊ အချိန်အတိုင်းအတာ တစ်ခုအထိ ဝတ်စားဆင်ယင်ရမယ့် အဝတ်အစားတွေကို အစီအစဉ်တကျ ထည့်ဖို့လိုအပ်ပါလိမ့်မယ်။ မလိုလားအပ်ပဲ အဝတ်အစားတွေ ပိုထည့်မိတာ ၊ ဖိနပ်တွေ ပိုယူမိတာတွေဟာ ခရီးသွားတဲ့အခါ သယ်ယူရင် ပိုမို ဝန်လေးတာမျိုးတွေ မနိုင်မနင်းဖြစ်တာမျိုးတွေ ကြုံတွေ့နိုင်သလို အဝတ်အစားလိုအပ်မှု ရှိတာ ၊ လုံလုံလောက်လောက်မပါတာမျိုးဆိုရင်လည်း အခက်အခဲကြုံလာနိုင်ပါတယ်။ 

၄။ ကိုယ်သွားမယ့် ခရီးစဉ်ကို သေချာနားလည်သိရှိခြင်း။ 

ကိုယ်ဟာခရီးထွက်မယ့် အခါ ကိုယ်သွားရတဲ့ အဓိက ခရီးစဉ်ကိုလည်း သိရှိနားလည်ဖို့အရေးကြီးပါတယ်။ လုပ်ငန်းခရီးစဉ်ဖြစ်စေ ၊ အပျော်တမ်း ခရီးစဉ်ဖြစ်စေ ၊ လေ့လာရေး ခရီးစဉ်ဖြစ်စဉ် ဒီခရီးတစ်ခုဖြစ်ဖို့အတွက် အချိန်တွေ ၊ ငွေ တွေ ၊ လူအင်အားတွေ ရင်းနှီးမြုပ်နှံထားရပါတယ်။ ဒါ့ကြောင့်မို့ ကိုယ်ဟာ ခရီးတစ်ခုသွားပြီတော့ ကိုယ်သွားရတဲ့ အဓိက ရည်မှန်းချက်ကို အောင်မြင်အောင်အရယူနိုင်ဖို့က အရေးကြီးပါတယ်။ အဲ့လိုမှ မဟုတ်ပဲကိုယ်ဟာ ခရီးသာထွက်လိုက်ရတယ် ပင်ပန်းပြီး ငွေကုန် ၊ အချိန်ကုန်တာပဲ အဖတ်တင်တယ်။ ဘာမှ ထူးခြားပြီး ရရှိလာတာမရှိဘူးဆိုရင်တော့ ကိုယ့်အတွက် ဆုံးရှုံးသွားတာပါပဲ။ ဒါ့ကြောင့်မို့ ခရီးမထွက်ခင်မှာပဲဖြစ်ဖြစ် ခရီးစဉ်မှာပဲဖြစ်ဖြစ် ကိုယ်ဟာ ဒီခရီးကို ဘာကြောင့်လာရတာလဲဆိုတဲ့ အဓိက ဦးတည်ချက်ကို သေချာနားလည်ဖို့ လိုအပ်ပါတယ်။ 

စာဖတ်သူတို့ရေ ဒီနေ့မှာတော့ ကိုယ်ခရီးမသွားခင် ပြင်ဆင်ရမယ့် အဓိက အချက် ၄ ခုကို ဖော်ပြပေးသွားပါတယ်။ ဘယ်ခရီးစဉ်ပဲဖြစ်ပါစေ ဒီအချက် ၄ ခုက အရေးကြီးတဲ့ အချက်ထဲမှာပါတာမို့ ကိုယ်ဟာ ခရီးထွက်တော့မယ်ဆိုရင် ဘာလုပ်ရမှန်းမသိရင် ဒီအချက်ကလေးတွေကို လုပ်ဆောင်ကြည့်ဖို့အကြံပေးချင်ပါတယ်။ ခရီးစဉ်တစ်ခုကို ကျစ်ကျစ်လစ်လစ်နဲ့ အကျိုးှရှိရှိသွားလာနိုင်တဲ့အခါမှာ ကိုယ့်မှာ အချိန် ၊ ငွေ ၊ လူအင်အား အစရှိတာတွေက သက်သာတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့်မို့လို့ ခရီးမထွက်ခင် သေချာကြိုတင်ပြင်ဆင်ဖို့အတွက် အကြံပေးချင်ပါတယ်။ အဆုံးထိဖတ်ရှု့ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

-Bahuthuta Corner

Share:

More Posts

Send Us A Message