ကျွန်တော်တို့ အခုနောက်ပိုင်းမှာ Camping ထွက်တယ်ဆိုတဲ့ အသုံးအနှုန်းနဲ့ အတူ Camp ထွက်တဲ့ လုပ်ဆောင်မှုတစ်ခု ဟာ မြို့ပြလူတန်းစားတစ်ရပ်မှာ ခေတ်စားလာပါတယ်။ တကယ်ဆိုရင် ဒီ Camp ထွက်ခြင်းဟာ အနောက်တိုင်း နဲ့ ဖွံဖြိုးပြီးဆဲ နိုင်ငံတွေမှာ ပေါ်ပေါက်ခဲ့တာ ကြာပြီဆိုပေမယ့် ကျွန်တော်တို့လို မဖွံဖြိုးသေးတဲ့ နိုင်ငံတွေ ၊ မြို့ပြတွေနဲ့ လူနေမှုအဆင့်အတန်း မမြင့်မားသေးတဲ့ နိုင်ငံတွေမှာတော့ မရင်းနှီးလှတဲ့ လုပ်ဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ ခေတ်စားနေတဲ့ Camp ထွက်ခြင်းရဲ့ အနှစ်သာရ ၊ ဦးတည်ချက်နဲ့ ဘာတွေ လုပ်ဆောင်သင့်တယ် ၊ ဘာတွေယူဆောင်သွားရမလဲဆိုတာကို ဗဟုသုတ ကနေပြီးတော့ ဝေမျှပေးသွားပါမယ်နော်။
Camp ထွက်တယ်ဆိုတာ ဘာလဲ။
Camp ထွက်တယ်ဆိုတာ မြို့ပြ ရဲ့ ကင်းဝေးတဲ့ နေရာတစ်ခုမှာ နေထိုင်စားစရာခင်းကျင်းပြီး အပန်းဖြေတဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ Camp ဆိုတဲ့ စကားလုံးရဲ့ မူရင်း အဓိပ္ပာယ်ဟာ တဲထိုးစခန်းချတာကို သုံးနှုန်းကြပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ အပျော်ခရီး Camp ထွက်ကြတယ်ဆိုတာဟာ မြို့ပြ ၊ လူနေမှု ကင်းဝေးတဲ့ နေရာဒေသေတွေကို သွားရောက်ပြီးတော့ တဲထိုး စခန်းချပြီး သဘာဝ ပတ်ဝန်းကျင်ကို အနီးစပ်ဆုံး ခံစားအပန်းဖြေတာမျိုး ပဲဖြစ်ပါတယ်။
Camp ထွက်ခြင်းရဲ့ မူရင်း အနှစ်သာရ ဦးတည်ချက်ဟာ ဘာဖြစ်မလဲ။
ကျွန်တော်တို့ Camp ထွက်ကြတယ်ဆိုတာဟာ မွန်းကျပ်လာတဲ့ လူမှုပတ်ဝန်းကျင် ၊ စက်တစ်ခုလို လည်ပတ်နေတဲ့ မြို့ပြလူနေမှု တစ်ခုကနေရုန်းထွက်ပြီး စိတ်ရော ကိုယ်ပါ အနားယူဖို့အတွက် ဖိအားကင်းမဲ့တဲ့ နေရာတစ်ခုကို ခဏတာထွက်ခွာ အနားယူတဲ့သဘောပါပဲ။ မြို့ပြမှာ မရရှိနိုင်တဲ့ သန့်ရှင်းလတ်ဆတ်တဲ့ လေတွေ ၊ သဘာဝပတ်ဝန်ကျင်ရှုခင်းတွေ ၊ လူလုပ် အရာဝတ္တုတွေ ဖိအားတွေ ဒါမှမဟုတ် ဆူညံသံတွေ ကင်းဝေးတဲ့ နေရာတွေ ၊ အမြဲတမ်းလည်ပတ်နေတာမျိုးမဟုတ်ပဲ ပြောင်းလဲသွားတဲ့ နေထိုင်မှု ပုံစံလေးတွေဟာ Camp ထွက်ကြခြင်းရဲ့ မူလ အနှစ်သာရတွေပဲဖြစ်ပါတယ်။
Camp ထွက်တဲ့အခါ ဘာတွေလုပ်ဆောင်ကြသလဲ။
Camp တွေ တစ်ခု နဲ့ တစ်ခုပေါ်မူတည်ပြီးတော့ လုပ်ဆောင်ချက်တွေ ကွာခြားမှုရှိပါတယ်။ မြန်မာနိုင်ငံမှာ အထင်ရှားဆုံးတွေထဲက တစ်ခုဖြစ်တဲ့ တိမ်ပင်လယ်ကြည့်တာဆိုရင် Camp တစ်မျိုးပဲဖြစ်ပါတယ်။ အဆိုပါ ပတ်ဝန်းကျင်ကို ကြည့်ရှုတဲ့ Camp မျိုးတွေဆိုရင် ကိုယ်သွားရောက်ကြည့်ရှုချင်တဲ့ နေရာဒေသမှာ တဲထိုးမယ် ၊ စခန်းချဖို့ ပြင်ဆင်မယ် ၊ ချက်ပြုတ်စားသောက်မယ် ၊ အနားယူမယ် ၊ ကိုယ်ကြည့်ချင်တဲ့ သဘာဝပတ်ဝန်းကျင်ကြီးကို စောင့်ကြည့်မယ် အစရှိတာတွေ လုပ်ကြပါတယ်။ ဒီလိုမှမဟုတ်ပဲ မြစ်ချောင်းတွေ ရှိတဲ့ ဒေသမှာ Camp ထွက်တယ်ဆိုရင် ငါးဖမ်းတာ ၊ ရေကူးတာ ၊ လှေလှော်တာ အစရှိတာတွေကိုလုပ်ဆောင်နိုင်ပါတယ်။ တောင်တက်တဲ့ Camp တွေဆိုရင်တော့ တစ်နေကုန် တောင်ကုန်းတွေ ၊ တောင်တွေ အတက်အဆင်းတွေလုပ်ပြီး ညဘက်ရောက်တဲ့အခါမှသာ တဲထိုးပြီး ချက်ပြုတ် အနားယူကြတာမျိုးတွေလည်းလုပ်ကြပါတယ်။ အခုလက်ရှိ မြန်မာနိုင်ငံမှာတော့ တိမ်ပင်လယ်ကြည့်တဲ့ Camp တွေဟာ အထင်ရှားဆုံးနဲ့ လူအသွားအလာအများဆုံး လုပ်ကြတဲ့ Camp အမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။
Camp တစ်ခုထွက်တဲ့အခါ ဘာတွေအဓိကယူဆောင်သွားရမလဲ။
ကိုယ်သွားမယ့် Camp အပေါ်မူတည်ပြီးတော့ ကိုယ်ဘာတွေယူဆောင်သွားရမလဲဆိုတာ ကြိုတင်ပြင်ဆင်ရပါမယ်။ တစ်ချို့ Camp တွေမှာတော့ တဲကနေ စပြီးအစားအသောက်အထိ ဝန်ဆောင်မှုပေးတာတွေရှိပါတယ်။ ဒါပေမယ့် ကိုယ်ဟာ ဒီလို ဝန်ဆောင်မှုပေးတဲ့ Camp တွေမှာမဟုတ်ပဲနဲ့ ကိုယ့်သူငယ်ချင်းတွေနဲ့ဖြစ်စေ ၊ ကိုယ့်မိသားစုနဲ့ ဖြစ်စေသွားတဲ့အခါမျိုးမှာ အဓိက မဖြစ်မနေလိုအပ်တဲ့ ဖုန်း ၊ အားသွင်းဖို့ Power Bank ၊ တဲထိုးစရာ ပစ္စည်းအစုံအလင် ၊ ညဘက်အေးတဲ့အခါ ဝတ်ဆင်ဖို့ အနွေးထည် (သို့) အနွေးစောင် ၊ အဝတ်အစားအပို ၂ စုံ ၊ အရေးပေါ်ဆေးအိတ် ၊ လုံလောက်သော အစားအစာ နဲ့ သောက်ရေသန့်တွေကိုတော့ မဖြစ်မနေသယ်ဆောင်သွားရပါမယ်။ ဒါတွေဟာ အခြေခံအနေနဲ့ မဖြစ်မနေ ယူဆောင်ရတာမျိုးဖြစ်ပြီး အများနဲ့ စုသွားတာ ၊ သူငယ်ချင်းတွေနဲ့ သွားတာ ပျော်ပွဲရွှင်ပွဲတွေ လုပ်ဖို့ဆိုရင် တာဝန်တွေ ခွဲဝေပြီး ပိုမို ထည့်ယူသွားလို့လည်းရပါတယ်။ အဓိကကတော့ Camp ထွက်တာဟာ သဘာဝတရားကြီးနဲ့ ပိုမို နီးစပ်အောင် အနားယူအပန်းဖြေဖို့အတွက် ဖြစ်လို့ ပတ်ဝန်းကျင် ကို ညစ်ညမ်းမှု ၊ ဆူညံမှုမဖြစ်စေတဲ့ အရာတွေကိုသာ လုပ်ဆောင်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
Camp ထွက်ခြင်းကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်သလဲ။
Camp ထွက်ခြင်းဟာ အပေါ်မှာ ပြောခဲ့သလိုပဲ မွန်းကျပ်တဲ့ လူမှုပတ်ဝန်းကျင်တစ်ခုကနေ ရုန်းထွက်လိုက်တဲ့ သဘောပါပဲ။ ဒီလိုရုန်းထွက်လိုက်တာကြောင့် စိတ်ဖိဆီးမှု နည်းသွားမယ်။ ခေါင်းထဲရှုပ်နေတာတွေ ခဏတာ ထုတ်ဖြစ်နိုင်မယ်။ ခေါင်းပေါ့သွားမယ်။ အစရှိတဲ့ အကျိုးကျေးဇူးတွေရနိုင်သလိုပဲ ကိုယ်တိုင် တဲထိုး ၊ ကိုယ်တိုင် ချက်ပြုတ် ၊ အစအဆုံး ကိုယ်တိုင် လုပ်ကိုင်ရတဲ့ Camp မျိုးတွေကို မကြာခဏသွားရင်တော့ Survival Skill လို့ ခေါ်တဲ့ အသက်ရှင်ရပ်တည်ဖို့အတွက် လိုအပ်တဲ့ စွမ်းရည်နဲ့ အသိဉာဏ်တွေ တိုးတက်လာမှာပဲဖြစ်ပါတယ်။ ဒီအရည်အချင်းမျိုးဟာ မြို့ကြီးပြကြီးတွေ မှာ နေထိုင်ရတဲ့အခါ မလိုအပ်ဖူး ၊ မသိသာဘူးထင်ရပေမယ့် သဘာဝဘေးအန္တရာယ်တွေ ကြုံရတဲ့အခါ ၊ မြို့ပြတဲ့ ဝေးလံခေါင်ပါးတဲ့နေရာတစ်ခုမှာ အကြောင်းကြောင်းကြောင့် ရောက်သွား နေထိုင်ရတဲ့အခါမှာ များစွာ အသုံးဝင်ပါတယ်။ ဒါ့အပြင် Camp ထွက်တာဟာ သန့်ရှင်းလတ်ဆတ်တဲ့ လေနဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ဆောင်ဖြစ်တာကြောင့် ကျန်းမာရေးအတွက် များစွာသော ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေလည်းရနိုင်ပါတယ်။
စာဖတ်သူတို့ရေ ဒီနေ့မှာတော့ Camp ထွက်တာနဲ့ ပတ်သတ်တဲ့ မူရင်း အနှစ်သာရတွေ ၊ ဘာတွေ လုပ်ဆောင်ရမလဲ ၊ ဘာတွေ ယူသွားသင့်သလဲ ၊ ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်သလဲဆိုတာတွေကို ရေးသားဖော်ပြပေးသွားပါတယ်နော်။ နောက်လည်း အခုလိုမျိုး ဗဟုသုတရစရာအကြောင်းအရာတွေကို ဝေမျှပေးသွားမှာမို့လို့ Page လေးကို Like & Follow လေး လုပ်ထားကြဖို့ မမေ့နဲ့နော်။ နောက်ပြီး Bahuthuta Corner ကအကြောင်းအရာတွေကို Kbz Pay မှာ Follow လုပ်ထားပြီးလည်း ဝင်ရောက်ဖတ်လို့ရနေပါပြီ။ အဆုံးထိ ဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်။
-Bahuthuta Corner