Bahuthuta Corner.com

ခေါင်းကိုက်တဲ့အခါ အလျှင်မြန်ဆုံးသက်သာပျောက်ကင်းစေဖို့

ကျွန်တော်တို့ဟာ အနည်းနဲ့အများတော့ ခေါင်းကိုက်ခြင်းဝေဒနာကို ခံစားဖူးကြမှာပါ။ ခေါင်းကိုက်တယ် ဆိုရာမှာလည်း အကြောင်းအမျိုးမျိုးပေါ်မူတည်ပြီး တစ်ခုနဲ့ တစ်ခု ကွဲပြားပါတယ်။ အိပ်ရေးပျက်တာ ၊ ပင်ပန်းတာ ၊ နေပူတာ ၊ အဖျားရှိတာ ၊ အားနည်းတာ ၊ စိတ်ဖိဆီးမှုများတာ စတာတွေကြောင့် ခေါင်းကိုက်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ခေါင်းကိုက်ခြင်း ဝေဒနာကို ခံစားရတဲ့အခါမျိုးမှာ ကိုယ်လုပ်နေတဲ့ လုပ်ငန်းဆောင်တာတွေကို တွင်တွင်ကျယ်ကျယ်မလုပ်နိုင်တော့ပဲ ဝေဒနာကို ခံစားရတာမို့ အလုပ်လည်း မတွင် လူလည်း ဝေဒနာခံစားရပါတယ်။ ဒါကြောင့်မို့လို့ ခေါင်းကိုက်ဝေဒနာကို ခံစားရတာအခါ အမြန်ဆုံး သက်သာပျောက်ကင်းစေနိုင်မယ့် နည်းလမ်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

၁။ အလင်းအရောင်နည်းပြီး တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာအနားယူပါ။

              ဆူညံသံတွေ ၊ လူတွေ ၊ အလင်းရောင်များလွန်းတာတွေဟာ ခေါင်းကိုက်ဝေဒနာခံစားရတဲ့အခါမှာ ဝေဒနာကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ခေါင်းကိုက်တဲ့အခါ လူဟာ သည်းခံနိုင်စွမ်းမရှိတဲ့အပြင်ကို အသေးအဖွဲ အသံလေးတွေကအစ ဝေဒနာကို ပိုမိုပြင်းထန်စေတယ်လို့ ခံစားရပါတယ်။ ဒါကြောင့်မို့လို့ အလင်းရောင်နည်းပြီးတော့ တိတ်ဆိတ်ငြိမ်သက်နေတဲ့ နေရာတစ်ခုမှာ အနားယူဖို့လိုပါတယ်။ ခန္ဓာကိုယ်ဟာ လည်း အလင်းရောင်နည်းပြီး တိတ်ဆိတ်တဲ့နေရာမျိုးမှာ ကိုယ့်ရဲ့ လုပ်ငန်းဆောင်တာတွေကို လျော့ချလိုက်ပြီး လူကို သက်တောင့်သက်သာဖြစ်စေပါတယ်။ ဒါကြောင့်မို့လို့ ခေါင်းကိုက်တဲ့အခါ တိတ်ဆိတ်ပြီး ငြိမ်သက်တဲ့နေရာတစ်ခုမှာ သက်တောင့်သက်သာအနားယူသင့်ပါတယ်။

၂။ ဦးခေါင်းကို နှိပ်နယ်ကြည့်ပါ။

              ခေါင်းကိုက်တဲ့အခါ ဒါမှမဟုတ် ဦးခေါင်းကြီးတင်းနေတယ်လို့ ခံစားရတဲ့အခါ ဦးခေါင်းကို ဖွဖွလေး ဖိပြီး နှိပ်ကြည့်ပါ။ အကြောတွေတင်းပြီး ဝေဒနာခံစားနေရတဲ့အခါ ဖွဖွလေး နှိပ်လိုက်ခြင်းအားဖြင့် တင်းနေတဲ့အကြော လေးတွေ အနည်းငယ်ပြေလျော့သွားနိုင်ပြီးတော့ ခေါင်းကိုက်ခြင်းဝေဒနာကို အနည်းနဲ့ အများသက်သာသွားစေနိုင်တာကိုတွေ့ရပါတယ်။ ကိုယ်ဟာ အနံ့တွေနဲ့ အသားကျနေတဲ့သူတွေရင်တော့ ဆေးအပူကပ်တာမျိုး ၊ ပရုတ်ဆီခပ်ပါးပါးလူးကြည့်ပြီး နားထင်လေးတွေကို နှိပ်နယ်ကြည့်တာက အနည်းနဲ့ အများသက်သာစေတာကို တွေ့ရမှာပါ။

၃။ ရေကို လုံလောက်စွာသောက်ပါ။

              တစ်ခါတစ်ရံမှာ အလုပ်တွေများနေတဲ့အခါ ရေသောက်ဖို့ မေ့လျော့နေတတ်ကြပါတယ်။ ဒါ့ကြောင့်မို့လည်း ခေါင်းကိုက်တတ်ကြပါတယ်။ ဒါပေမယ့် သတိမထားမိပဲ တခြားအကြောင်းအရာတွေနဲ့ ရောလျက်ပြီးတော့ ရေသောက်ဖို့ကို မေ့လျော့တတ်ကြပါတယ်။ ဒါကြောင့်မို့ ခေါင်းကိုက်တဲ့အခါ အရင်ဆုံး တစ်နေ့တာအတွက် ရေကို လုံလုံလောက်လောက်သောက်ဖြစ်ရဲ့လားဆိုတာကို ဆန်းစစ်ဖို့ သတိပေးခြင်ပါတယ်။ အကယ်၍ ရေမသောက်ဖြစ်လို့ ခေါင်းကိုက်တာမျိုးဆိုရင် ရေကို လုံလုံလောက်လောက်သောက်ပြီးတဲ့အခါ ခေါင်းကိုက်နေတဲ့ ဝေဒနာဟာ သိသိသာသာ သက်သာပျောက်ကင်းသွားပါလိမ့်မယ်။

၄။ လိုအပ်တဲ့ ဆေးဝါးသောက်သုံးမှုကိုပြုလုပ်ပါ။

              ခေါင်းကိုက်တာ ဘယ်လိုမှသက်သာမှုမရှိဘူး။ အဆင်မပြေတော့ဘူးဆိုရင်တော့ သက်ဆိုင်ရာ ဆေးဝါးကျွမ်းကျင်သူ ဒါမှမဟုတ် ဆရာဝန်တွေ ညွှန်ကြားတဲ့ ဆေးဝါးမျိုးကို မှီဝဲဖို့ အကြံပြုချင်ပါတယ်။ များသောအားဖြင့် အနာသက်သာစေတဲ့ဆေးတောင့်လေးတွေကို သောက်သုံးကြပါတယ်။ တကယ်တမ်းမှာ ဆေးအရည်သောက်သုံးခြင်းဟာ ဆေးအတောင့်သောက်သုံးခြင်းထက် အကျိုးသက်ရောက်တာ ပိုမိုမြန်ဆန်တာကို တွေ့ရပါတယ်။ အကယ်၍ အစာအိမ်နာခြင်းဝေဒနာရှိတယ်ဆိုရင်တော့ ဆေးမသောက်ခင်မှာ ဆရာဝန်၊ ဆေးဝါးကျွမ်းကျင်သူတွေနဲ့ ကြိုတင်မေးမြန်းပြီးမှ သောက်သုံးသင့်ပါတယ်။

၅။ ကဖိန်းဓာတ်ပါတဲ့ အရည်ကို အနည်းငယ်သောက်သုံးကြည့်ပါ။

              ကိုယ်ဟာ ကော်ဖီ ၊ လက်ဖက်ရည်တွေနဲ့ ကျွမ်းဝင်တဲ့သူဆိုရင်တော့ ခေါင်းစကိုက်တဲ့အခါ ဒါမှမဟုတ်ရင် ခေါင်းကိုက်ကြောင်းသတိထားမိတဲ့အခါမှာ ကော်ဖီ ဒါမှမဟုတ် လက်ဖက်ရည်ကို အနည်းငယ် သောက်သုံးကြည့်ပါ။ ကဖိန်းဓာတ်ဟာ ဝေဒနာကို သက်သာပျောက်ကင်းစေတဲ့ ဟော်မုန်းကို အထောက်အကူပြုလို့ပါပဲ။ တစ်ခု သတိထားရမှာကတော့ အနည်းငယ်သာ သောက်သုံးသင့်တာဖြစ်ပြီးတော့ အလွန်အကျွံ သောက်သုံးမိတာ ၊ အများအပြားသောက်သုံးမိတာဆိုရင်တော့ ခေါင်းကိုက်ခြင်းဝေဒနာကို မသက်သာစေတဲ့ အပြင်ပိုမိုပြင်းထန်စေမှာကို သတိပြုသင့်ပါတယ်။

၆။ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ပါ။

              တစ်ခါတစ်လေမှာ အိပ်ရေးပျက်တာတွေများတဲ့အခါမှာ ခေါင်းကိုက်ခြင်းဝေဒနာကို ခံစားရပါတယ်။ အဲ့ဒီအခါမှာ နှစ်ခြိုက်စွာအိပ်စက်ခြင်းဟာ အကောင်းဆုံး ကုသနည်းပါပဲ။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတဲ့အခါ ခန္ဓာကိုယ်ဟာ ကောင်းမွန်စွာ အနားယူနိုင်ပြီး လိုအပ်တဲ့ ဟော်မုန်းတွေက ထွက်လာပြီးကာခေါင်းကိုက်ခြင်းကို ဖြစ်စေတဲ့ ဝေဒနာတွေကိုသက်သာပျောက်ကင်းစေပါတယ်။

စာဖတ်သူတို့ရေ အနည်းနဲ့အများတော့ ခေါင်းကိုက်ဖူးကြမှာပဲနော်။ ခေါင်းကိုက်တဲ့အခါ များသောအားဖြင့် ဆေးသောက်သုံးကြပေမယ့် ဆေးသောက်စရာမလိုတဲ့ နည်းလမ်းလေးတွေလည်းအများကြီး ရှိပါသေးတယ်။ နောက်ပြီးတော့ ခေါင်းကိုက်ခြင်းအကြောင်းအရာတွေက မတူညီတဲ့အတွက် ကုသပုံတွေက အများကြီးကွဲပြားနိုင်ပါတယ်။ ယခုဝေမျှပေးသွားတာကတော့ ပုံမှန်ခေါင်းကိုက်ခြင်းဝေဒနာကို သက်သာပျောက်ကင်းစေတဲ့ နည်းလမ်းလေးတွေပဲဖြစ်ပါတယ်။ အကယ်၍ ခေါင်းကိုက်နေတာဟာ ကာလရှည်ကြာနေပြီ။ သက်သာပျောက်ကင်းတာမျိုးမရှိဘူး။ ခဏခဏဖြစ်နေတာမျိုးဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ အကြံပေးချင်ပါတယ်။

Ref- https://www.webmd.com/migraines-headaches/5-ways-to-get-rid-of-headache#091e9c5e8132be00-2-12

Ref – https://www.mayoclinic.org/diseases-conditions/chronic-daily-headaches/in-depth/headaches/art-20047375

Share:

More Posts

Send Us A Message