ကျွန်တော်တို့တွေ စာမေးပွဲလို့ အသံကြားရတဲ့အခါ ခေါင်းကိုက်သလို ၊ သွေးတိုးသလို ၊ ဖျားချင်သလို ဖြစ်တတ်ကြပါတယ်။ တကယ်တမ်းမှာတော့ ကျွန်တော်တို့တွေဟာ စာမေးပွဲဖြေဆိုရမှာထက် စာမေးပွဲမှာ ကိုယ်လေ့လာထားတာတွေ မပါတာမျိုး ၊ ကိုယ်မလေ့လာနိုင်တာမျိုး ၊ အမှတ်နည်းတာမျိုးတွေကို ပိုမို စိုးရိမ်တတ်ကြတာပါ။ ဒီနေ့မှာတော့ ဒီလိုမျိုုး စိုးရိမ်မှုတွေ လျော့ပါးသွားစေဖို့အတွက် စာမေးပွဲကို မဖြေဆိုခင် ဘယ်လိုမျိုးပြင်ဆင်ရမလဲဆိုတာကို ဗဟုသုတကနေပြီးတော့ ဝေမျှပေးသွားပါမယ်။
၁။ စာတွေကို လေ့လာတဲ့အခါမှာ တစ်ပြိုင်နက်တည်း အများကြီးလေ့လာတာထက် အပိုင်းကလေးတွေ ဖြတ်ပြီး လေ့လာကြည့်ပါ။
တစ်ခါတစ်လေမှာ စာတွေ တအားဖတ်ဖို့ များလာတဲ့အခါ ဒါမှမဟုတ် စာတွေ ပုံလာတဲ့အခါ ကျွန်တော်တို့တွေဟာ စာတွေကို ကြည့်ပြီးတော့ စိတ်ဖိဆီးလာတတ်ကြပါတယ်။ ဒီလိုအနေအထားမျိုးကို ရောက်လာတဲ့အခါမှာ စာတွေကို ကြည့်ပြီး စိတ်ဖိဆီးနေတာထက် ကိုယ်မဖြစ်မနေလေ့လာရမယ့် စာတွေကနေ စပြီး နောက်ဆုံး ကြည့်ရုံသာကြည့်ရမယ့် စာတွေကို စီလိုက်ပါ။ ပြီးတော့ တစ်ထိုင်တည်း တစ်ပြိုင်နက်တည်း အကုန်လုံး လေ့လာမယ့်အစား အချိန် နဲ့ အပိုင်းအခြားကလေးတွေကို ခွဲခြားလိုက်ပါ။ ဒီနည်းဟာ တစ်ပြိုင်နက်တည်း အများကြီး လေ့လာတာထက် ပိုပြီး မှတ်မိလွယ်သလို လူလည်းပိုပြီး သက်သာစေပါတယ်။ စိတ်ဖိဆီးတာတွေလည်း သိသိသာသာလျော့နည်းလာပြီး စာလေ့လာရတာ နည်းလာတာနဲ့အမျှ ပျော်ဖို့ ကောင်းလာမှာပါ။
၂။ ကိုယ်စာလေ့လာဖို့အတွက် အားသန်တဲ့နေရာတစ်ခုကို မွေးမြူပါ။
ကျွန်တော်တို့တွေဟာ တစ်ယောက်နဲ့ တစ်ယောက် အာရုံစိုက်နိုင်တာခြင်း မတူညီကြပါဘူး။ တစ်ချို့တွေက တိတ်ဆိတ်ငြိမ်သက်တဲ့နေရာတွေကို နှစ်သက်ကြသလို တစ်ချို့တွေကအလင်းရောင်ကောင်းတဲ့နေရာ ၊ တစ်ချို့တွေကတော့ စာဖတ်မီးကောင်းကောင်းရပြီး ပြင်ပ အလင်းရောင်နည်းတဲ့ နေရာတွေကို နှစ်သက်တတ်ကြပါတယ်။ ကိုယ်နှစ်သက်တဲ့နေရာတွေမှာဆို ပိုပြီး သက်တောင့်သက်သာဖြစ်တာမို့ အာရုံလည်း ပိုစိုက်နိုင်ကြပါတယ်။ ဒါ့ကြောင့်မို့ ကိုယ့်မှာနေရာတစ်ခုမရှိသေးဘူးဆိုရင်တော့ ရှာထားသင့်ပါတယ်နော်။
၃။ စာလေ့လာမှုကို အကျင့်တစ်ခုလို နေ့စဉ်မပျက်လုပ်ဆောင်ပါ။
စာလေ့လာရတာကို ပျော်တဲ့ကျောင်းသား ၊ ကျောင်းသူဆိုတာက လက်ချိုးရည်လို့ရမယ်ထင်ပါတယ်။ တစ်ကယ်တမ်းမှာလည်း တစ်နေရာတည်းမှာထိုင်ပြီး ဘယ်သူမှစာမလုပ်ချင်ကြပါဘူး။ ဒါပေမယ့် စာမလုပ်ချင်တဲ့ အခါစာမလုပ်တဲ့အခါ အချိန်တွေ ကြာလာရင် ပိုပြီးတော့ စာကျက်ပျင်းလာတတ်ပါတယ်။ ဒါ့ကြောင့်မို့ နေ့စဉ် အချိန်တစ်ခုသတ်မှတ်ပြီးတော့ စာလုပ်ချင်သည်ဖြစ်စေ ၊ စာမလုပ်ချင်သည်ဖြစ်စေ မပျက်မကွက် အချိန်ပေးပြီး စာလုပ်ပါ။ ကြိမ်ဖန်များစွာ ကြာလာတဲ့အခါမှာတော့ ဒါဟာ အကျင့်တစ်ခုဖြစ်လာပြီး ကိုယ်စာလုပ်ရမယ့် အချိန် ရောက်လာတဲ့အခါ စာလုပ်ဖို့အတွက် အာရုံစူးစိုက်ဖို့ ပိုမိုလွယ်ကူလာမှာပါ။
၄။ အစီစဉ်ချပြီးတော့ လေ့လာဖတ်ရှု့ပါ။
စာကိုလေ့လာတဲ့အခါမှာ စိတ်ကူးပေါက်ရာ ကျက်ပြီး လေ့လာတာထက် အစီအစဉ်နဲ့ ချပြီး လေ့လာတာက ပိုပြီး စနစ်ကျသလို ပိုပြီးလည်း မှတ်မိလွယ်ပါတယ်။ ဒါ့အပြင် ကိုယ်လေ့လာရမယ့် စာတွေကို ပိုမိုစီမံနိုင်ပြီး ပိုမိုနားလည်စေပါတယ်။ အထူးသဖြင့် စာမေးပွဲတွေ နီးလာတဲ့အခါမှာစာကို သေချာအစီအစဉ်ချပြီး လေ့လာခဲ့တဲ့သူက ဘယ်အချိန်မှာ ဘယ်စာကို ဖတ်ရမယ် ၊ ဘယ်အချိန်မှာ ဘယ်စာကို လေ့လာရမယ်ဆိုတာကို အသုံးချပြီး စိတ်ဖိဆီးမှု ကင်းကင်းနဲ့ စာတွေကို သေချာအာရုံ စိုက်နိုင်တာကို တွေ့ရပါလိမ့်မယ်။
၅။ ကိုယ့်လေ့လာမှုတွေကို မှတ်တမ်းတစ်ခု ထားရှိပါ။
စာတွေကိုလေ့လာပြီး ဖြေဆိုခဲ့တဲ့ အမှတ်တွေကို သေချာမှတ်သားထားပါ။ ကိုယ်တစ်ခါ နဲ့ တစ်ခါဖြေဆိုတိုင်း ရရှိတဲ့ အမှတ်တွေရဲ့ ကွာခြားချက်တွေကို သေချာ သုံးသပ်ကြည့်ပါ။ ကိုယ်အမှတ်ကောင်း တဲ့အခါ ဒီဘာသာကို ဘယ်လိုလေ့လာခဲ့တာလည်း ၊ ဒီစာကို ဘယ်လိုမျိုးတွေ လုပ်ခဲ့တာလည်းဆိုတာကိုလည်း မှတ်သားထားသင့်ပါတယ်။ ဒီနည်းဟာ ကိုယ့်စာလေ့လာမှုတွေကို ပိုမိုတိုးတက်ပြီး အကျိုးရှိအောင် လေ့လာနိုင်တဲ့ နည်းလမ်းကို ရှာဖွေဖို့အကောင်းဆုံး နည်းတစ်ခုပါပဲ။
စာမေးပွဲဖြေဆိုခါနီးရင် စိတ်ဖိဆီးမှုဖြစ်တတ်တာကတော့ သဘာဝတစ်ခုပါပဲ။ ကိုယ်လေ့လာထားတာတွေ မပါတာမျိုး ၊ အမှတ်နည်းတာမျိုး ၊ စာမေးပွဲမအောင်မြင်တာမျိုးဟာ ကျောင်းသား ၊ ကျောင်းသူတွေရဲ့ အိမ်မက်ဆိုးပါ။ ဒါပေမယ့် ဒီလိုတွေမဖြစ်ရအောင် ဘယ်လိုမျိုးစာတွေကို လေ့လာသင့်သလဲဆိုတဲ့ နည်းလေးကို ဝေမျှပေးခဲ့ပါတယ်။ ဒီနည်းလမ်းလေးတွေဟာ အကောင်းဆုံးနည်းလမ်း ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် စာဘယ်လိုလေ့လာရမလဲဆိုတာကို သေချာမသိတဲ့ ကျောင်းသား ၊ ကျောင်းသူလေးတွေအတွက် အကျိုးရှိလိမ့်မယ် ရည်စူးရင်းရေးသားဝေမျှပေးခဲ့ပါတယ်ခင်ဗျ။ အဆုံးထိ ဖတ်ရှု့ပေးလို့ ကျေးဇူးတင်ပါတယ်။ နောက်လည်း ဒီလိုမျိုး အကျိုးရှိတာတွေ ဝေမျှပေးမှာမို့ Bahuthuta Corner Page လေးကို See First လုပ်ထားကြပါနော်။
-Bahuthuta Corner