ကျွန်တော်တို့တွေမှာ စိတ်ဓာတ်ကျတဲ့ အချိန်တွေဆိုတာရှိတတ်ကြပါတယ်။ ကိုယ့်ကို သက်ရောက်လာတဲ့ ပတ်ဝန်းကျင်ဖိအားတွေ ၊ ကိုယ်မလုပ်နိုင်တဲ့အခါ ကြုံလာရတဲ့ အခြေအနေတွေ ၊ စိတ်ပင်ပန်းစရာတွေ များပြားလာတဲ့အခါမှာဘယ်လောက်ပဲ သန်မာတယ်ပြောပြော အနည်းနဲ့ အများတော့ စိတ်ဓာတ်ကျလာကြမှာ ပါပဲ။ တစ်ချို့တွေဟာ စိတ်ဓာတ်ကျတဲ့ အခြေအနေကို ဖြတ်ကျော်လာနိုင်ကြပေမယ့် တစ်ချို့တွေကတော့ ဘဝကြီးကို အရှုံးပေးလိုက်တတ်ကြပါတယ်။ စိတ်ဓာတ်ကျတဲ့ အခါ ဘဝကြီးကို အရှုံးပေးလိုက်ရခြင်းဟာ မှန်ကန်တဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး။ ကိုယ့်ဘဝကြီးကို အရှုံးပေးပြီး ထွက်သွားပေမယ့် ကျန်ခဲ့တဲ့ မိသားစုဝင်တွေ ၊ ကိုယ့်ကိုချစ်တဲ့သူတွေကို ဒီလိုမျိုး ဥပေက္ခာပြုပြီးထွက်သွားတာဟာ တစ်ကိုယ်ကောင်းဆန်တဲ့ လုပ်ရက်တစ်ခုမျိုးပဲဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ ဒီကနေ့မှာတော့ စိတ်ဓာတ်ကျတဲ့အခါ ဘယ်လိုမျိုး ပြန်လည်ကုစားနိုင်မလဲ ၊ စိတ်ဓာတ်ကျတဲ့သူတွေကို ဘယ်လိုမျိုး ဖေးမ ကူညီနိုင်မလဲဆိုတာကို ဗဟုသုတကနေပြီးတော့ ဝေမျှပေးသွားပါတယ်။
၁။ စိတ်ကို တင်းထားတာတွေ လျော့ချလိုက်ပါ။ ကိုယ့်ရဲ့ အခြေအနေအမှန်ကို နားလည်လက်ခံလိုက်ပါ။
တစ်ခါတစ်လေမှာ ကျွန်တော်တို့တွေ အားတင်းပြီး လုပ်ကိုင်ရတဲ့ ကိစ္စတွေရှိပါတယ်။ အားတင်းပြီး ခဲရာခဲဆစ်လုပ်ကိုင်ကြပေမယ့် အဆင်မပြေတဲ့အခါ ၊ အခက်အခဲတွေပဲကြုံလာရတဲ့အခါမျိုးမှာ စိတ်ဓာတ်တွေကျဆင်းသွားတတ်ကြပါတယ်။ ဒီလိုမျိုးအခြေအနေမျိုးကို ရောက်လာတဲ့အခါမှာတော့ ငါဘာလို့မလုပ်နိုင်ရတာလဲ ၊ ငါ့ကျမှ ဘာလို့ဖြစ်တာလဲ ၊ ဘယ်လိုဖြစ်လို့လဲ ဆိုပြီး တွေးပြီး စိတ်ထဲမှာ ပိတ်လှောင်နေမယ့်အစား သြော် ဖြစ်ပြီးသွားတာပဲ ဘယ်တတ်နိုင်မလဲ။ ငါလည်းအကောင်းဆုံးကြိုးစားခဲ့တာပဲ။ အစရှိသလို ကိုယ့်ဘာသာကိုယ်နှစ်သိမ့်လိုက်တာ အကောင်းဆုံးပါပဲ။ ကိစ္စတိုင်းဟာ ကျွန်တော်တို့ ကြိုးစားတိုင်း အောင်မြင်တာမဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ မမျှော်လင့်ထားတဲ့ အခြေအနေအမျိုးမျိုးတွေ ကြုံတွေ့လာရတဲ့အခါမှာ ကျရှုံးတတ်ပါတယ်။ ဒါဟာကိုယ့်ရဲ့ ပေါ့ဆမှုကြောင့် ၊ ကိုယ့်ကြောင့်မဟုတ်ပဲ အခြားပတ်ဝန်းကျင် အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ဖြစ်ရတာကို နားလည်လက်ခံနိုင်ဖို့လိုပါတယ်။ စိတ်ကိုတင်းထားပြီး ပိတ်လှောင်နေတာဟာ စိတ်ဓာတ်ကျခြင်းကို ပိုပြီး တွန်းအားပေးပါတယ်။
၂။ ကိုယ့်ကို မွန်းကျပ်စေတဲ့ ပတ်ဝန်းကျင်ကနေ ခဏလောက်ထွက်ကြည့်ပါ။
တစ်နေ့တစ်နေ့ ထပ်ခါထပ်ခါလုပ်နေရတဲ့ အလုပ်တွေ ၊ စိတ်ဖိဆီးစရာတွေကြောင့် စိတ်ကျဆင်းခြင်းကို ပိုမိုဖြစ်ပေါ်စေပါတယ်။ ကိုယ့်စိတ်ထဲမှာ ပိတ်လှောင်နေတယ်လို့ ခံစားရလာတဲ့အခါ ၊ မွန်းကျပ်လာတဲ့အခါ ၊ လုပ်ချင် ကိုင်ချင်စိတ်တွေဆုံးရှုံးလာတဲ့အခါ ကိုယ်အမြဲလည်ပတ်နေတဲ့ ပတ်ဝန်းကျင်ကနေ အပြောင်းအလဲတစ်ခုခုကို စမ်းသပ်ပြီး လုပ်ကြည့်ပါ။ ရက်အနည်းငယ် ခွင့်ယူပြီးတော့ ခရီးထွက်လိုက်တာတို့ ၊ အချိန်အနည်းငယ်ပေးပြီး ရုပ်ရှင်သွားကြည့်တာ ၊ ဒိတ်လုပ်တာ ၊ သူငယ်ချင်းတွေလည် ပျော်ပွဲစားထွက်တာ ၊ စိတ်ရောလူပါ အနားယူလိုက်တာ အစသဖြင့် မွန်းကျပ်စေတဲ့ ပတ်ဝန်းကျင်ကနေ ခဏလောက်ထွက်သွားကြည့်သင့်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ်ကို ဖိအားဖြစ်စေတဲ့ အရာတွေ ပြဿနာတွေ အပေါ်ကို အာရုံအနည်းငယ်ပြောင်းသွားပြီး ကိုယ့်ကို ပင်ပန်းစေတဲ့ အတွေးတွေကို ဖယ်ရှားပစ်နိုင်ပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ ပုံမှန်လည်ပတ်မှုကို ပြန်လည်ဝင်ရောက်တဲ့အခါမှာ အတွေးအမြင်အသစ်တွေ ၊ ခွန်အားအသစ်တွေနဲ့ ပြန်လည်ဝင်ရောက်နိုင်မှာပဲဖြစ်ပါတယ်။
၃။ ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်းမှုတွေကို အသိအမှတ်ပြုပါ။
ကျရှုံးမှုတွေ ၊ အဆင်မပြေမှုတွေ ထပ်ခါထပ်ခါကြုံလာတဲ့အခါမှာ ကျွန်တော်တု့ိဟာ စိတ်ပင်ပန်းလာတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အကောင်းထက် အဆိုးတွေကို ပိုမိုမြင်တတ်လာကြပြီးတော့ အပြစ်တင်တာမျိုးတွေကို လုပ်တတ်လာကြတယ်။ အယုတ်စွဆုံး ကိုယ့်ကိုကိုယ် အပြစ်တင်တာမျိုးတွေပါလုပ်လာတတ်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မေ့နေကြတာဟာ ကိုယ့်ကိုကိုယ် ချီးကျူးဖို့ကို မေ့နေတတ်ကြပါတယ်။ ဒီလိုကျရှုံးမှုတွေရှိနေပေမယ့် အရှုံးမပေးပဲ ကြိုးစားနေတာတွေ ၊ ဒီလို အခြေအနေအထိ ရောက်လာအောင် ရပ်တည်လာနိုင်တဲ့ ကိုယ့်ကိုကိုယ် ချီးကျူးဖို့ အသိအမှတ်ပြုဖို့ မေ့နေတတ်ကြပါတယ်။ တစ်ချို့တွေဟာ လွယ်လင့်တကူ အရှုံးပေးလိုက်တဲ့အချိန်မှာ ကိုယ်ဟာ အခုချိန်ထိ အရှုံးမပေးသေးပဲ ဆက်လက်ရပ်တည်လာနိုင်တာကို အသိအမှတ်ပြုသင့်ပါတယ်။
၄။ ကိုယ့်မှာ ရှိတဲ့ အရာတွေကို မြင်အောင်ကြည့်နိုင်ပါစေ။
လူတွေဟာ ကိုယ့်မှာ ရှိတဲ့ အရာတွေထက် ကိုယ်ဆုံးရှုံးလိုက်ရတဲ့ မရတဲ့ အရာတွေကို ပိုပြီး မြင်တတ်ကြပါတယ်။ ကိုယ့်ရဲ့ အနီးအနားမှာ ရှိတဲ့အရာတွေထက် အဝေးကအရာတွေကို ပိုပြီးတွေ့တတ်ကြပါတယ်။ ကိုယ့်မှာ ရှိနေတဲ့ အရာတွေကို မေ့တတ်ပြီးတော့ မရလိုက်တဲ့အရာတွေ ၊ ဆုံးရှုံးရတဲ့ အရာတွေအပေါ်မှာ ပိုပြီးနှမြောတဿဖြစ်တတ်ပါတယ်။ အကယ်၍ ကိုယ်သာ ဒီလိုအခြေအနေမျိုးမှာ ရောက်ခဲ့တယ်ဆိုရင် ကိုယ့်မှာ ပိုင်ဆိုင်တဲ့အရာတွေကို အရင်မြင်အောင်ကြည့်ကြည့်ပါ။ ကိုယ်ဟာ စားနိုင်တဲ့ ခန္ဓာကိုယ်တစ်ခုရှိတယ် ၊ သွားနိုင်လာနိုင်တဲ့ ခြေလက်အစုံအလင်ရှိသေးတယ် ၊ ကိုယ့်မိသားစုဝင်တွေရှိသေးတယ် ဆိုရင် သင်ဟာ အတော်ကို ကံကောင်းနေတဲ့ အထဲမှာပါဝင်နေတယ်ပြောလို့ရပါတယ်။ နောက်ဆုံးကုန်ကုန်ပြောရရင် ကိုယ်အိပ်ယာနိုးလာတဲ့အခါ သြော် ဒီနေ့ ငါတစ်ရက် အသက်ရှင်ခွင့်ရနေသေးတာပါလားဆိုပြီး ကိုယ့်ခန္ဓာကိုယ်နဲ့ တစ်နေ့တာ ကောင်းကောင်းမွန်မွန် နိုးထလာနိုင်တာကိုက ကိုယ့်အတွက် ကောင်းမွန်တဲ့အရာတစ်ခုပါပဲ။။
၅။ ကိုယ်ဝါသနာပါတဲ့ အရာတွေအတွက် အချိန်တစ်ခုတော့ရှိပါစေ။
အသက်တွေကြီးလာတဲ့အခါ ကိုယ်လုပ်ချင်တာ ၊ ဝါသနာတွေကို အနည်းနဲ့ အများတော့ စွန့်လွှတ်ရတာပါပဲ။ ကိုယ်လုပ်ချင်တာတွေထက် လုပ်သင့်တာတွေကို လုပ်လာရတဲ့အခါ ကြာလာတော့ စိတ်ထဲမှာ အကြည်ဓာတ်လေးတွေ လျော့ပါးလာပါတယ်။ ဘဝကြီးကို နေမပျော်တော့ပဲ စိတ်ဖိဆီးစရာ ၊ စိတ်ပင်ပန်းစရာတစ်ခုအဖြစ်မြင်လာတတ်ပါတယ်။ စိတ်ဓာတ်တွေကျဆင်းလာတဲ့အခါမှာလည်း စိတ်ထွက်ပေါက်မရှိတော့ပဲ ပိုမိုဆိုးရွားတဲ့အခြေအနေမျိုးကို ရောက်သွားစေနိုင်ပါတယ်။ ဒါ့ကြောင့်မို့ ကိုယ်ဟာ ရေရှည်မှာပဲဖြစ်စေ ၊ ကိုယ်စိတ်ဓာတ်ကျတဲ့အခါမှာပဲဖြစ်စေ ကိုယ့်စိတ်ပေါက်ရစေဖို့ ၊ စိတ်အကြည်ဓာတ်လေးရှိစေဖို့အတွက်ကို ကိုယ်ဝါသနာပါတဲ့ အရာလေးတွေအတွက် အချိန်တစ်ခုဖယ်ထားပေးဖို့လိုအပ်ပါလိမ့်မယ်။
စိတ်ဓာတ်တွေကျဆင်းလာတဲ့အခြေအနေမျိုးကို ဘယ်သူမဆိုကြုံတွေ့ရမှာပါပဲ။ ကျောင်းသားလည်း ကျောင်းသားအလျောက် ၊ လုပ်ငန်းခွင်ဝင်သူလည်း လုပ်ငန်းခွင်ဝင်သူအလျောက် ဘယ်သူမဆို စိတ်ဖိဆီးတာတွေ ၊ စိတ်ပင်ပန်းတာတွေ ကြုံလာတဲ့အခါ စိတ်ဓာတ်ကျလာမှာပါပဲ။ ဒါဟာ ပုံမှန်သဘာဝပဲဖြစ်ပါတယ်။ စိတ်ဓာတ်ကျတဲ့အခါမှာ ခဏအနားယူလိုက်ပြီး အာရုံပြောင်းပြီး ပြန်လည်ရုန်းထလာနိုင်ဖို့ကသာ အရေးကြီးပါတယ်။ ဘဝကြီးနဲ့ နှိုင်းယှဉ်ပြောရရင် စိတ်ဓာတ်ကျတာဟာ အခိုက်အတန့်လေးတွေသာဖြစ်ပြီး တခြားအချိန်တွေထက်စာရင် အင်မတန်နည်းပါးပြီး တိုတောင်းလှပါတယ်။ ဒီလိုအခိုက်အတန့်လေးကြောင့် ဘဝကြီးတစ်ခုလုံးကို အလွယ်တကူ အရှုံးပေးလိုက်တာကတော့ မှန်ကန်တဲ့ လုပ်ရပ်တစ်ခုမဟုတ်တာကြောင့် အလွယ်တကူတော့ အရှုံးမပေးဖို့ တိုက်တွန်းပါရစေ။ ကိုယ်တိုင် စိတ်ဓာတ်ကျတဲ့အခါမှာ ဖော်ပြခဲ့တဲ့ အချက်ကလေးတွေကို လုပ်ဆောင်ကြည့်ပါ။ ကိုယ့်အသိမိတ်ဆွေတွေ စိတ်ဓာတ်ကျတဲ့အခါမှာလည်း ကူညီဖေးမပေးကြဖို့ တိုက်တွန်းရင်းနဲ့ပဲ အဆုံးသတ်လိုက်ပါရစေ။ အဆုံးထိ ဖတ်ရှု့ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။
Ads: ( ဗဟုသုတကော်နာမှ လူငယ်များအတွက် ထိရောက်ပြီးအကျိုးရှိစေမည့် သုတ၊ရသစုံဆောင်းပါးတိုများအား ရေးသားတင်ဆက်ပေးလျက်ရှိပါတယ်။ သင်ယူရရှိလိုက်သည့် ဗဟုသုတများကို လက်တွေ့အသုံးချမှသာလျင် မိမိတို့ဘ၀အတွက် အကျိုးဖြစ်ထွန်းစေမှာဖြစ်တယ်။ ထိုအတွက်အကြောင့် စာဖတ်သူပရိသတ်များအာလုံး ဗဟုသုတမှသည် လက်တွေ့သို့ အကောင်အထည်ဖော်နိုင်ကြပြီး လိုရာပန်းတိုင်ကို တက်လှမ်းနိုင်ကြပါစေ။ ဆက်လက်ပြီး ဗဟုသုတကော်နာသို့ ကြော်ငြာကိစ္စနဲ့ ပတ်သက်ပြီး တစုံတရာ ဆက်သွယ်လိုပါကလည်း အောက်ပါလိပ်စာသို့ မေးမြန်းစုံစမ်းနိုင်ပါတယ်- [email protected])
-Bahuthuta Corner