Bahuthuta Corner.com

စိတ်တက်ကြွမှ လုပ်တတ်သူလား ဒါမှမဟုတ် စည်းကမ်းနဲ့စနစ်တကျလုပ်တတ်သူလား။

ဒီစာလေးကို မဖတ်ခင်မှာ အရင်စဉ်းစားကြရအောင်။ ကိုယ့်အကြောင်းကို အရင်စဉ်းစားကြည့်ကြပါစို့။ ကိုယ်ဟာ လုပ်ငန်းတစ်ခုကို မလုပ်ခင်မှာ ဒါမှမဟုတ် လုပ်ကိုင်တဲ့အခါမှာ ဘယ်လိုမျိုးလုပ်က်ိုင်တတ်ပါသလဲ။ စိတ်အားတက်ကြွမှ လုပ်ကိုင်တတ်သူလား ၊ ဒါမှမဟုတ် စည်းကမ်းတွေ ဥပဒေသတွေ သတ်မှတ်ပြီးတော့မှ လုပ်ကိုင်တတ်သူလား။


ကျွန်တော်တို့ဟာ နေ့တစ်ဓူဝ လှုပ်ရှားသွားလာ လုပ်ကိုင်နေကြရပါတယ်။ တစ်နေ့တာ လုပ်ငန်းစဉ်တွေမှာ တစ်ချို့ ကိစ္စတွေက အစီအစဉ်အတိုင်းပြီးသွားပေမယ့် အစီအစဉ်မရှိပဲနဲ့ လုပ်ဖြစ်သွားတဲ့ ကိစ္စမျိုးတွေလည်း အများကြီးရှိပါတယ်။ ဒါပေမယ့် တကယ်တမ်း လုပ်ကိုင်ကြတဲ့အခါ အရင်းခံကို စဉ်းစားကြည့်ရင် စိတ်အားတက်ကြွမှု နဲ့ လုပ်ဆောင်တာရယ် ဒါမှမဟုတ်ပဲနဲ့ စည်းကမ်းသတ်မှတ်ထားလို့ လုပ်ကြတာရယ်ဆိုပြီး ၂ မျိုးသီးသန့်ခွဲခြားနိုင်ပါတယ်။ လုပ်ငန်းဆောင်တာကိစ္စတွေက မလုပ်မဖြစ် လုပ်ရတဲ့ ကိစ္စတွေ ဖြစ်ပေမယ့် တစ်ကယ်တမ်းလုပ်ကိုင်ကြတဲ့အခါ ကိုယ့်ရဲ့ စိတ်အရင်းခံပေါ်မူတည်ပြီးတော့လုပ်ကိုင်ကြ ပါတယ်။
တစ်ချို့နေ့ရက်တွေမှာ ကိုယ်ဟာ လေးလံထိုင်းမှိုင်းနေမယ်။ စိတ်က ပျင်းရိနေမယ်။ စိတ်ကလုပ်ချင် ကိုင်ချင်စိတ်မရှိဘူး။ ဒါ့ကြောင့်မို့ လုပ်ရမယ့်ဟာတွေကို သွက်သွက်လက်လက်လုပ်နိုင်တာမျိုးမရှိပဲနဲ့ မလုပ်မဖြစ်တဲ့ ကိစ္စတွေကလွဲပြီးတော့ တခြားကိစ္စတွေကို အချိန်ဆွဲတာ ၊ အနောက်ကိုရွေ့တာမျိုးတွေ လုပ်ဖြစ်ကြပါတယ်။ ဒီဖြစ်ရပ်ဟာ ကိုယ်ရဲ့ စိတ်အားတကက်ကြွမှုနဲ့ တိုက်ရိုက်သက်ဆိုင်သွားပါတယ်။ ကိုယ်ဟာ စိတ်အားတက်ကြွမှ လုပ်ကိုင်တတ်တဲ့သူဆိုရင် ဒီလိုနေ့မျိုးတွေမှာ အလုပ်တွင်မှာ မဟုတ်ပါဘူး။ အလုပ်မတွင်တဲ့အပြင် အလုပ်လုပ်လို စိတ်တွေပါ ကုန်ဆုံးပြီး တစ်နေ့တာလုံးမှာ အဆင်မပြေတာတွေများပြားစုပြုံလာတာကို တွေ့ရပါလိမ့်မယ်။


အဲ့ဒီလိုမျိုးမဟုတ်ပဲနဲ့ ကိုယ်ဟာ တစ်နေ့တာ လုပ်စရာရှိတာတွေကို မှန်မှန်ကန်ကန်လုပ်မယ်။ စိတ်အားတက်ကြွမှုကို အခြေခံခြင်းမရှိပဲနဲ့ အလုပ်ပြီးခြင်း ၊ မပြီးခြင်း ၊ သတ်မှတ်ထားတာတွေကို လုပ်နိုင်ခြင်း မလုပ်နိုင်ခြင်းအပေါ်မှာပဲ ဆုံးဖြတ်မယ်ဆိုရင်တော့ သင်ဟာ စည်းကမ်းဥပဒေသတွေအတိုင်း လုပ်ကိုင်တဲ့သူမျိုးဖြစ်ပါလိမ့်မယ်။ ကိုယ်ဟာ ဒီလိုလူမျိုးဆိုရင်တော့ နေ့စဉ်လုပ်ငန်းဆောင်တာတွေဟာ ပုံမှန်အတိုင်း လည်ပတ်ပါလိမ့်မယ်။ ဒါပေမယ့် နေ့စဉ် နေ့တိုင်း ဒီလိုပဲဖြစ်နေရင် တစ်ဖြည်းဖြည်းနဲ့ ငြီးငွေ့ စရာကောင်းတာကိုလည်းတွေ့လာပါလိမ့်မယ်။


ဒီ ၂ ခု နှိုင်းယှဉ်ကြည့်တဲ့အခါမှာတော့ စိတ်အားတက်ကြွမှ လုပ်ကိုင်တတ်တဲ့သူထက် စည်းကမ်းဥပဒေသတွေနဲ့ လုပ်ကိုင်တဲ့သူက ပိုပြီး အလုပ်တွင်တယ်လို့ ထင်ရပါလိမ့်မယ်။ တကယ်တမ်းမှာလည်း နေ့စဉ်စည်းကမ်းသတ်မှတ်ပြီး လုပ်ကိုင်တဲ့သူဟာ ပိုပြီး ခရီးရောက်ပါလိမ့်မယ်။ ဘာကြောင့်လည်း ဆိုတော့ သူ့ရဲ့ လုပ်ကိုင်ဖို့အတွက်ခွန်အားက စိတ်အားထက်သန်တာကို အခြေခံတာမျိုးမဟုတ်ပဲနဲ့ စည်းကမ်းဥပဒေသတွေကို အခြေခံတာမျိုးဖြစ်လို့ပါပဲ။ စိတ်ကို အစိုးမရတဲ့ အတွက်ကြောင့်မို့ စိတ်အားထက်သန်မှ ထလုပ်တတ်တဲ့သူမျိုးဟာ အလုပ်တွင်မယ့်အစား အလုပ်ကို တည်တည်ငြိမ်ငြိမ်လုပ်နိုင်စွမ်းမရှိပဲ အမြဲတမ်း အတက်အကျ အပြောင်းအလဲတွေနဲ့ ကြုံတွေ့နေရပါလိမ့်မယ်။


ဒီလိုတွေ ရေးသားဖော်ပြလိုက်တဲ့အခါမှာ စဉ်းစားသုံးသပ်မိကြပါလိမ့်မယ်။ ဒါဆိုရင် စည်းကမ်းနဲ့ နေတဲ့သူဟာ ပိုပြီးတော့ ကောင်းတာပေါ့ဆိုပြီး ကောက်ချ ချကြပါလိမ့်မယ်။ ဒီနေရာမှာ ကျွန်တော်တို့ မေ့နေကြတာလေးတွေရှိပါတယ်။ ဒါကတော့ ဘာလဲဆိုတော့ အလုပ်တိုင်းဟာ တစ်ခုတည်း တစ်သတ်မှတ်တည်းသွားတာမဟုတ်တာပါပဲ။ တစ်ချို့ အလုပ်တွေက စိတ်ခံစားချက်ကို မူတည်ထည့်သွင်းပြီး လုပ်ကိုင်ကြရတယ်။ တစ်ချို့အလုပ်တွေကတော့ နေ့စဉ် အစီအစဉ်အတိုင်းလုပ်ကိုင်သွားကြရတာကို တွေ့ရပါလိမ့်မယ်။ အကယ်၍ ကျွန်တော်တို့ဟာ သာမန်လူတစ်ယောက်အဖြစ်သာ နေထိုင်မယ်ဆိုရင်တော့ ဒီအထိက ကိစ္စမရှိပါဘူး။ ဒါပေမယ့် သာမန်ထက် ပိုလွန်ကဲတဲ့ သူတစ်ယောက်အဖြစ်ကို စဉ်းစားမယ်ဆိုရင်တော့ နည်းနည်းဆက်တွေးဖို့လိုလာပါလိမ့်မယ်။


ဆိုကြပါစို့ အောင်မြင်တဲ့အဆိုတော်တွေ ၊ လုပ်ငန်းရှင်တွေ ၊ စွန့်ဦးတီထွင်တဲ့သူတွေအရင်လေ့လာမယ် ဆိုရင် သူတို့ဟာ သာမန်သူမျိုးတွေ မဟုတ်တာအမှန်ပါပဲ။ သူတို့မှာ ထူးခြားပြီး ခေါင်းအပိုပါတာလည်း မဟုတ်သလို ခြေတွေလက်တွေလည်းအပိုပါတာမျိုးမဟုတ်ပါဘူး။ သူတို့ရဲ့ ထူးခြားချက်ကတော့ သူတို့ဟာ ဘယ်လို စိတ်သွင်းပြီး ဘယ်လိုတွေလုပ်ကိုင်ခဲ့ကြသလဲဆိုတာပါပဲ။ ကနဦးက ဖော်ပြခဲ့သလိုပဲ တစ်ချို့ အလုပ်တွေဟာ စိတ်ခံစားချက်ကို မူတည်ထည့်သွင်းပြီး လုပ်ကိုင်ရသလို တစ်ချို့ အလုပ်တွေက နေ့စဉ်အစီအစဉ်တိုင်း လုပ်ကိုင်ကြရတဲ့အလုပ်တွေမျိုးပါပဲ။ ဒါပေမယ့် တကယ်တမ်း ပိုမို ထူးခြားသွားတဲ့သူမျိုးတွေကတော့ ကိုယ့်ရဲ့ စိတ်အားထက်သန်မှုတွေကို စည်းကမ်းဥပဒေသတွေ နဲ့ လုပ်ကိုင်ကြတဲ့အခါမျိုးမှာ သူတို့ဟာ သာမန်လူတွေထက် ပိုမိုပြီးတော့ ထူးကဲသွားပါတယ်။


ဥပမာ – အောင်မြင်နေတဲ့အဆိုတော် တစ်ယောက်ဟာ စိတ်ခံစားချက်အပေါ်မှာ မူတည်ပြီးတော့ သီချင်းတွေ ဖန်တီးတယ်။ ဒါပေမယ့် စိတ်အားတက်ကြွမှုမရှိတဲ့အခါမျိုး ရက်မျိုးတွေမှာလည်း ရပ်တန့်နေတာမျိုးမရှိပဲ တစ်မျိုးမဟုတ် တစ်မျိုး ဖန်တီး ပြုလုပ်နေခြင်းဟာဆိုရင်သူ့ကို ထူးချွန်စေဖို့လမ်းစတစ်ခုပါပဲ။ သူဟာ စိတ်ခံစားချက်တွေ အရမ်းတက်ကြွပြီး ကောင်းမွန်နေတဲ့ နေ့တွေရှိမယ်။ ဒါပေမယ့် ပုံမှန်လုပ်ကိုင်ဖန်တီးနေတာမျိုးမရှိရင် သီချင်းဖန်တီးဖို့ စိတ်ခွန်အားတက်ကြွနေတဲ့အချိန် တခြားအရာတွေ လုပ်မိကောင်းလုပ်မိနေလိမ့်မယ်။ ဒါမှမဟုတ် လုံလောက်တဲ့ ကျွမ်းကျင်ဖန်တီးမှု လိုအပ်နေတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်မယ်။ ဒါဆိုရင် သူ့အတွက်ခံစားချက်တွေနဲ့ ပြည့်နှက်နေတဲ့ သီချင်းတစ်ပုဒ်ဟာ ထွက်လာဖို့ဆိုတာ အင်မတန်ခဲယဉ်းသွားပါလိမ့်မယ်။ အဲ့လိုမှ မဟုတ်ပဲနဲ့ စိတ်ခွန်အားတက်ကြွတာရယ် ၊ နေ့စဉ် စည်းကမ်းဥပဒေသတွေ သတ်မှတ်ပြီးတော့ လုပ်ကိုင်တာမျိုးရယ်ပေါင်းစဉ်လိုက်တဲ့အခါမျိုးမှာဆိုရင် သူဟာ စိတ်ခွန်အားတက်ကြွမှုတွေရှိလာတဲ့အခါတိုင်းမှာ ခံစားချက်အပြည့်နဲ့ သီချင်းတွေကို သီဆို ဖန်တီးနိုင်မှာပဲဖြစ်ပါတယ်။


ဒီလိုပါပဲ တခြားအောင်မြင်တဲ့သူတွေ ၊ ထူးချွန်တဲ့သူတွေကို လေ့လာကြည့်တဲ့အခါမှာ စိတ်ခွန်အားထက်သန်မှုရယ် ၊ စည်းကမ်းဥပဒေသရယ်ကို ရောစပ်ပြီး လုပ်ကိုင်ကြတာကို တွေ့နိုင်ပါလိမ့်မယ်။စိတ်ခွန်အားတက်ကြွမှုကို တွန်းကန်အား ၊ ဖန်တီးနိုင်အား ၊ လောင်စာအဖြစ်အသုံးချကြပြီးတော့ စည်းကမ်းနဲ့ဥပဒေသတွေကိုတော့ နေ့စဉ်နဲ့ အမျှအရှေ့ကို အရောက်လှမ်းနေတဲ့ ခြေလှမ်းတွေ အဖြစ်အသုံးချကြပါတယ်။ ဒါကြောင့်မို့ သူတို့ဟာ သာမန်လူတွေထက် ထူးကဲပြီးတော့ အမြဲတမ်း ခြေလှမ်းတွေဟာ အရှေ့ကို ရောက်နေတာမျိုးတွေဖြစ်ပါတယ်။


ကျွန်တော် အစောပိုင်းမှာ မေးခဲ့သလိုပါပဲ။ သင်ဟာ စိတ်ခွန်အားတက်ကြွမှ လုပ်ကိုင်တတ်တဲ့သူလား။ ဒါမှမဟုတ်ရင် စည်းကမ်းဥပဒေသတွေနဲ့ လုပ်ကိုင်တတ်တဲ့သူမျိုးလား။ သင်ကိုယ့်ကိုသင်စဉ်းစားကြည့်ပါ။ ပြီးရင် ပြန်လည်သုံးသပ်ကြည့်ပါ။ စာဖတ်သူတို့ရေ သင်ဟာ အမြဲတမ်း နှာတစ်ဖျား သာချင်တယ် ၊ ခြေလှမ်းတွေ ပိုပြီး အရှေ့ရောက်ချင်တယ် ၊သာမန်ထက်ပိုပြီးထူးကဲတဲ့သူမျိုးတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ ဒီ ၂ ခုစလုံးကို ရောစပ်ပြီး လုပ်ကိုင်ကြည့်စေချင်ပါတယ်။ သင့်အတွက် ပိုပြီး အကျိုးရှိစေမှာ အမှန်ပါပဲ။

Share:

More Posts

Send Us A Message