ထူးချွန်တဲ့သူတိုင်းဟာ အောင်မြင်သူတစ်ယောက်ဖြစ်နိုင်သလား။ ဒါမှမဟုတ် အောင်မြင်တဲ့သူတိုင်းဟာ ထူးချွန်လား။ ဒီမေးခွန်းကို မေးလေ့မေးထ မရှိကြပေမယ့် တွေးဖူးကြပါလိမ့်မယ်။ ကျွန်တော်တို့ တကယ်တမ်း မြင်နေတွေ့နေရတဲ့ အောင်မြင်တဲ့သူတွေဆိုတာဟာ ဘယ်တက္ကသိုလ်ကနေ ကျောင်းမပြီးပဲ ထွက်လာတာတို့ ၊ သူများတွေ တန်းတူ ပညာသင်ကြားနေရချိန်မှာ သူဟာ ဘယ်လိုမျိုး လှုပ်ရှားရုန်းကန်ခဲ့ရတာတို့ အစရှိတဲ့ ဇာတ်လမ်းမျိုးတွေပဲ အကြိမ်ကြိမ်အဖန်ဖန်တွေ မြင်ရတွေ့ရတဲ့အခါ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့ ထူးချွန်ဖို့ တကယ်လိုအပ်ရဲ့လားဆိုတဲ့ကို တွေးစရာဖြစ်လာပါလိမ့်မယ်။ ဒီအကြောင်းအရာကို မပြောခင်မှာ ကနဦးအနေနဲ့ ကျွန်တော်တို့ လည်ပတ်နေတဲ့ လူ့ပတ်ဝန်းကျင်အကြောင်းကို အစပြောရလိမ့်မယ်ထင်ပါတယ်။
ကျွန်တော်တို့ဟာ ငယ်စဉ်ကတည်းက ကျောင်းတက်တဲ့အခါမှာ ပညာသင်ကြားဖို့ အရေးကို တိုက်တွန်းခံခဲ့ရသလို ၊ လုံလောက်တဲ့ ပညာရေးရဖို့အတွက်ကို သင်ချင်သည်ဖြစ်စေ ၊ မသင်ချင်သည်ဖြစ်စေ သင်ကြားခဲ့ရပါတယ်။ မိဘတိုင်းဟာ ကိုယ့်သားသမီးကို သူများတန်းတူပညာတွေ တတ်စေချင်တဲ့သူတွေချည်းပါပဲ။ ဒါပေမယ့် ရည်ရွယ်ချက်တွေဟာ ကွဲပြားခြားနားကြပါတယ်။ ငယ်စဉ်မှာ အတန်းပညာကို သေချာ မသင်ကြားခဲ့ရတာကြောင့် သူများထက် ပိုရုန်းကန်ရတဲ့ မိဘတွေဟာ ကိုယ့်သားသမီးကို ကိုယ့်လိုမရုန်းကန်ရဖို့အတွက် ပညာကို သေချာသင်ကြားပြီး ဝင်ငွေကောင်းတဲ့ အလုပ်တစ်ခု ကို လုပ်ကိုင်နိုင်ရေးအတွက် ရည်ရွယ်တတ်ကြပါတယ်။ လက်လုပ်လက်စား မိဘ တစ်ဦးဟာ ကိုယ့်သားသမီးကို ဝင်ငွေကောင်းတဲ့ အလုပ်အကိုင်လေးနဲ့ အခြေတစ်ကျဖြစ်တာကို မြင်ချင်သလိုပဲ ဝန်ထမ်း မိဘဟာလည်း ကိုယ့်သားသမီးကို အဆင့်မြင့်အရာရှိ ဝန်ထမ်းအဖြစ်မြင်ချင်ကြတာဟာ သဘာဝပါပဲ။ လူတွေရဲ့ပင်ကိုယ်ရှိတဲ့ မိဘမေတ္တာစိတ် နဲ့ လောဘ တွေကြောင့် ကိုယ့်သားသမီးကို ကိုယ့်ထက် ပိုအဆင်ပြေတာ ၊ ကိုယ့်ထက် ပိုမြင့်မားတဲ့ နေရာကို ရောက်စေချင်တာဟာ မိဘတွေရဲ့ ထုတ်မပြောလည်း အမြဲတမ်း ရှိနေတဲ့ ဆန္ဒတစ်ခုပါပဲ။ ၁၀၀ မှာ ၉၉ ယောက်လောက်သော မိဘတွေကိုယ့်သားသမီးကိုပညာသင်ကြားရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ဟာ ကိုယ့်သားသမီး ပညာတတ်ဖို့ ၊ ဝင်ငွေကောင်းတဲ့ အလုပ်တစ်ခုရှိဖို့ ဆိုတာပဲဖြစ်ပါတယ်။
ဒီနေရာမှာ ပညာရေးအကြောင်းကိုလည်း ထည့်ပြောပါရစေ။ ပညာရေးဆိုတာဟာ လူ့ပတ်ဝန်းကျင်မှာ ရပ်တည်လည်ပတ်ဖို့အတွက် ရှိသင့်ရှိထိုက်တဲ့ အခြေခံလိုအပ်ချက်တစ်မျိုးထဲမှာပါဝင်ပါတယ်။ ကျွန်တော်တို့ သင်ကြားရတဲ့ သင်္ချာဟာ ကိန်းဂဏန်းတွေ တွက်ချက်ဖို့ ဆိုတာထက် နေ့စဉ်အသုံးပြုတဲ့ ငွေကြေးတွေ ကိုင်တွယ်တဲ့အခါ အသုံးချတတ်ဖို့ ၊ အင်္ဂလိပ်စာဆိုတာဟာ ကိုယ့်နိုင်ငံတစ်ခုတည်းမဟုတ်ပဲအခြားသော ပြည်ပနိုင်ငံတွေ ၊ သူတို့ ထုတ်ကုန်တွေကို နားလည်နိုင်ဖို့ ၊ အပြန်အလှန်ဆက်သွယ်နိုင်ဖို့ ၊ မြန်မာစာဆိုတာဟာ ကျွန်တော်တို့ နိုင်ငံမှာ အသုံးပြုနေတဲ့ စာတွေကို ရေးတတ် ၊ ဖတ်တတ် ၊ နားလည် သဘောပေါက် နိုင်ဖို့ ၊ အစသဖြင့် သင်ကြားခဲ့ရတဲ့ ဘာသာရပ်တစ်ခုစီတိုင်းဟာ ကျွန်တော်တို့ လူနေမှုပတ်ဝန်းကျင်မှာ အသုံးချဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ သင်ကြားရတာက အဆင့်မြင့်လာတာနဲ့ အမျှ ကျွန်တော်တို့ အသုံးချရတဲ့ နေရာတွေက ပိုမိုပြီး အသေးစိတ်ပြီးတော့ သတ်သတ်မှတ်မှတ်ဖြစ်လာခဲ့ပါတယ်။ ဥပမာ – သင်္ချာကိန်းဂဏန်းတွက်ချက်နေရတာကနေ ပိုမိုအဆင့်မြင့်လာတဲ့အခါမှာ ဆောက်လုပ်ရေးတွေ ၊ တီထွင်ဖန်တီးရေးတွေကိုပါ ဆက်လက်သင်ကြားလာနိုင်သလို အခြေခံသိပ္ပံသဘောတရားကို သင်ကြားလာရကနေမှ ဆေးကုသဖို့အတွက် လိုအပ်တဲ့ အဆင့်မြင့် ပညာရေးတွေကို သင်ကြားလာရတဲ့အခါ ကျွန်တော်တို့ဟာ ဒီသင်ကြားမှုတွေကို နေရာတိုင်းမှာ အသုံးချရတာမျိုးမဟုတ်ပဲနဲ့ သူနဲ့ သက်ဆိုင်ရာ နယ်ပယ်မှာ အသုံးချရတာမျိုးကို တွေ့ရနိုင်ပါတယ်။
ပညာရပ်တွေ သင်ကြားရသူတိုင်း အောင်မြင်သူတွေ မဖြစ်နိုင်ဘူးဆိုတာကို ကျွန်တော်တို့ အားလုံးလည်း သိနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ကိုယ်တိုင်လည်း ပညာတွေ သင်ကြားလာရခဲ့တာမို့ ကိုယ်တိုင်လည်း အောင်မြင်သူတစ်ယောက် မဖြစ်သေးလို့ ဒီစာကို အခုဖတ်နေကြရတာမဟုတ်ပါလား။ ဒါပေမယ့် အောင်မြင်သူတစ်ယောက်ဖြစ်ဖို့အတွက်ဆိုတာဟာ လုံလောက်တဲ့ အခြေခံ လိုအပ်ချက်တွေ ပြည့်မှီဖို့လိုအပ်ပါတယ်။ ကိုယ်တိုင်ဟာ ဘာမှလုံလောက်တဲ့ အသိပညာမရှိပဲနဲ့ အောင်မြင်တဲ့သူတစ်ယောက်ဆိုတာဖြစ်ဖို့ဆိုတာ အင်မတန်ရူးမိုက်တယ်လို့ပဲဆိုရမှပါပဲ။ အခု လက်ရှိ ကမ္ဘာမှာ လူသိထင်ရှားနေတဲ့ အောင်မြင်တဲ့သူတွေမှာ အတန်းပညာတွေ မပြီးခဲ့တဲ့ ဇာတ်လမ်းတွေ အမျိုးမျိုးရှိပါလိမ့်မယ်။ ဒါပေမယ့် သူတို့ထုတ်မပြောတဲ့ သူတို့ရဲ့ ထူးချွန်မှုတွေလည်းရှိပါတယ်။ အောင်မြင်တဲ့သူတိုင်းဟာ သက်ဆိုင်ရာ နယ်ပယ်တစ်ခုခုမှာ သာမန်ထက်လွန်ကဲတဲ့ ထူးချွန်မှု တစ်ခုရှိနေပါတယ်။ ထူးချွန်တဲ့ သူတိုင်းဟာ အောင်မြင်တဲ့သူမဟုတ်ပေမယ့် အောင်မြင်တဲ့သူတိုင်းဟာတော့ တစ်ခုမဟုတ် တစ်ခု တစ်နေရာရာမှာ ထူးချွန်တတ်ကြပါတယ်။
အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့ဆိုတာဟာ အများပြောနေကြသလိုပဲ ကံ ၊ ဉာဏ် ၊ ဝီရိယဟာ အင်မတန်ကို အရေးကြီးပါတယ်။ သူဟာ လုံလောက်တဲ့ ကံတရားအကြောင်းဖန်နေဖို့လိုတယ်။ ဆိုပါစို့ သူဟာ လုံလောက်တဲ့ အသိပညာရဖို့အတွက် လုံလောက်တဲ့သင်ကြားမှုရရှိဖို့ လိုအပ်တယ်။ ဒါ့အပြင် သူနေထိုင်ရာ ပတ်ဝန်းကျင် ၊ ကြီးပြင်းရာ ပတ်ဝန်းကျင်မှာ သူ့ကို အထောက်အပံ့ဖြစ်စေဖို့လိုအပ်တယ်။ သူဟာ လူအယောက် ၁၀၀ တွေးသလို မတွေးပဲ ဖောက်တွေးတတ်တဲ့သူတစ်ယောက် ၊သူများထက် ၂ ဆ ၃ ဆ လောက် စဉ်းစားတွေးခေါ်နိုင်စွမ်းမြင့်တတ်ဖို့လိုတယ်။ သူလိုချင်တဲ့ အရာတစ်ခုကို မရမချင်း မဖြစ်မနေ ကြိုးစားအားထုတ်နေဖို့ ၊ လုံ့လဝီရိယရှိနေဖို့ လိုအပ်တယ်။ ဒီအချက်အလက်တွေပြည့်စုံမှသာလျှင် အောင်မြင်သူ တစ်ယောက်ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့်မို့လို့ ထူးချွန်တဲ့သူတိုင်းဟာ အောင်မြင်သူဖြစ်မလာကြပဲ အချိန်တန်ရင် သူများရဲ့ လခစားဝန်ထမ်းဘဝတစ်ခု ၊ ဝင်ငွေအခြေအနေ တည်ငြိမ်တဲ့ ဘဝတစ်ခုမှာပဲ အဆုံးသတ်သွားကြတာပဲဖြစ်ပါတယ်။
ဒီလို အကြောင်းအရာတွေ ပြောနေတဲ့အချိန်မှာ အများစု မေ့ထားကြတာလည်းရှိပါတယ်။ ဒါကတော့ အောင်မြင်မှု တစ်ခုကို ဘယ်လိုတိုင်းတာသလဲဆိုတာပါပဲ။ လူတိုင်းဟာ တစ်ယောက်နဲ့ တစ်ယောက် ရပ်တည်တာခြင်းဟာ မတူသလို စဉ်းစားတွေးခေါ်တာ ၊ ရှင်သန်ရတာချင်းဟာလည်း တစ်ဦးချင်းအလိုက် ကွဲပြားပါတယ်။ သာမန်ဝန်ထမ်းတစ်ယောက်အနေနဲ့ သူ့ရဲ့ အောင်မြင်မှုဟာ အဆင့်မြင့်အရာရှိတစ်ဦး ၊ လုပ်ငန်းရှင် အဆင့် တစ်ခုလို့ မှန်းထားပြီး ဒီအခြေအနေကို ရောက်တဲ့အခါ သူ့ဟာ သူ့အောင်မြင်မှုရရှိတယ်လို့ ဆိုရပါလိမ့်မယ်။ ကျွန်တော်တို့ တိုင်းတာရတဲ့ ပေတံချင်းဟာ တစ်ယောက်နဲ့ တစ်ယောက်မတူညီကြပါဘူး။ တစ်ချို့ဟာလည်း အောင်မြင်မှုဆိုတာထက် အေးချမ်းတည်ငြိမ်တဲ့ ဘဝလေးတွေကိုပဲ လိုချင်ကြတဲ့သူတွေလည်း ရှိပါသေးတယ်။ သူဟာ ထူးချွန်တယ် ၊ သူဟာ အရည်အချင်းတွေများစွာရှိတယ် ဒါပေမယ့် သူကိုယ်တိုင် အေးချမ်းတည်ငြိမ်တဲ့ ဘဝတစ်ခုကိုပဲ ရွေးခြယ်တဲ့အခါ သူ့ရွေးခြယ်မှုအရ သူ့ဘဝမှာ သူဟာ အောင်မြင်သူတစ်ယောက်ပါပဲ။ အောင်မြင်သူတစ်ယောက်ဆိုတာဟာ ရုတ်တရက် မြင်လိုက် ၊ ဖတ်လိုက်ရတာနဲ့ အများထင်သလို မြင်သလို နိုင်ငံကျော်မှ ၊ ကမ္ဘာကျော်မှ ၊ လူသိများမှ အောင်မြင်တာ မဟုတ်ပါဘူး။ ကိုယ့်ဘဝပန်းတိုင် ၊ ကိုယ့်သတ်မှတ်ထားတဲ့အခြေအနေတစ်ခုကို ရောက်ရှိအောင်သွားနိုင်တာဟာလည်း အောင်မြင်မှုတစ်ခုပါပဲ။
ကျွန်တော့်အနေနဲ့ ပြောရရင် ထူးချွန်တဲ့သူတိုင်းဟာ အောင်မြင်တဲ့သူတစ်ဦးမဖြစ်နိုင်ပါဘူး။ အခြေခံ လိုအပ်ချက်တွေ ပြည့်မှီဖို့လိုသလို အများနဲ့ ယှဉ်တဲ့အခါ ကိုယ်သာ တခြားသူထက် နှာတစ်ဖျားပိုသာနေဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ကိုယ်ကိုတိုင်ဟာ အပြိုင်အဆိုင်များတဲ့ အခြေအနေကို ရွေးခြယ်ချင်တဲ့ သူတစ်ယောက်ဖြစ်နေဖို့ လိုအပ်ပါတယ်။ အကယ်၍များ ကိုယ့်မှာ လုံလောက်တဲ့ အခြေခံအသိပညာမရှိ ၊ အခြားသူတွေထက် ပိုမို ထူးချွန်တဲ့ အရည်အချင်းတွေ မရှိရင် အောင်မြင်တဲ့သူတစ်ယောက်ဖြစ်လာနိုင်မလား ဆိုတာကို တွေးကြည့်ဖို့ ပြောရင်းနဲ့ပဲ အဆုံးသတ်လိုက်ပါရစေ။ အဆုံးထိဖတ်ရှု့ပေးလို့ ကျေးဇူးတင်ပါတယ်။
-Bahuthuta Corner