နို့ နဲ့ နို့ထွက်ပစ္စည်းတွေကို ကမ္ဘာတစ်ဝှမ်းမှာ နေ့စဉ်နဲ့ အမျှ နေရာအမျိုးမျိုးမှာ ပုံစံအမျိုးမျိုးနဲ့ စားသုံးနေကြပါတယ်။ ဒိန်ချဉ် ၊ ဒိန်ခဲ ၊ ချိစ် ၊ နွားနို့ ကနေစပြီးတော့ ကိတ်မုန့် ၊ ပေါင်မုန့် စသည်အထိ နို့ နဲ့ နို့ထွက်ပစ္စည်းတွေ ပါဝင်နေကြပါတယ်။ နို့ နဲ့ နို့ ထွက်ပစ္စည်းများဟာလည်း နေရာအနှံ့အပြားမှာလွယ်လွယ်ကူကူ ဝယ်ယူရရှိနိုင်ပါတယ်။ ကျွန်တော်တို့ ငယ်စဉ်ကတည်းက အစာအာဟာရ အုပ်စုတွေ အကြောင်းသင်ကြားခဲ့တဲ့နေရာမှာလည်း နို့ နဲ့ နို့ထွက်ပစ္စည်းများ အကြောင်းကိုသင်ယူခဲ့ရသည်အထိ နို့ နဲ့ နို့ထွက်ပစ္စည်းများဟာ ကျွန်တော်တို့ နေ့စဉ်ဘဝတွေကို သက်ရောက်မှု ရှိပါတယ်။ ဒီနေ့မှာတော့ နို့ နဲ့ နို့ထွက်ပစ္စည်းတွေကို စားသုံးတဲ့အခါမှာ ကျွန်တော်တို့ အပေါ်ကို သက်ရောက်နိုင်တဲ့ ကောင်းကျိုး နဲ့ ဆိုးကျိုးလေးတစ်ချို့ကို ဝေမျှပေးပါတယ်။ အရင်ဆုံး ကောင်းမွန်တဲ့ သက်ရောက်မှုလေးတွေကို ဖော်ပြပေးပါမယ်။
၁။ နို့ နဲ့ နို့ထွက်ပစ္စည်းများဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရကြွယ်ဝစွာပါဝင်ပါတယ်။
နို့ နဲ့ နို့ထွက်ပစ္စည်းတွေမှာ အာဟာရဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ ကယ်စီယမ် ၊ ဖော့စဖောရပ် ၊ ဗီတာမင် အေ ၊ ဗီတာမင် ဘီ ၊ ဗီတာမင် ဘီ ၁၂ ၊ ရိုင်ဘိုဗလာဗင် ၊ ပရိုတင်း ၊ ပိုတက်ဆီယမ် ၊ ဇင့် ၊ မက်ကနီဆီယမ် ၊ ဆယ်လီနီယမ်တို့ပဲဖြစ်ပါတယ်။ အဆိုပါဓာတ် တစ်ချို့ဟာ ပြင်ပမှာ အလွယ်တကူမရှိနိုင်တာမို့ နွားနို့ (သို့) နို့ထွက်ပစ္စည်းတွေကို စားသုံးခြင်းကနေ တစ်ဆင့် ရရှိနိုင်ပါတယ်။
၂။ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ သွေးဖိအားနှုန်းတွေကို ထိန်းညှိပေးပါတယ်။
လူတော်တော်များများဟာ လုံလောက်တဲ့ ပိုတက်ဆီယမ်ကို တခြားအစားအစာများကနေ ရရှိခြင်းမရှိပါဘူး။ ပိုတက်ဆီယမ်ဟာ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ သွေးဖိအားတွေကို ထိန်းညှိပေးတဲ့နေရာမှာ အသုံးပြုပါတယ်။ နို့ နဲ့ နို့ထွက်ပစ္စည်းအများစုကိုပါဝင်တဲ့ ပိုတက်ဆီယမ်ဟာ ကိုယ်ခန္ဓာမှာ လိုအပ်တဲ့ လုပ်ဆောင်မှုတွေ ပြုလုပ်ဖို့အတွက် ကောင်းမွန်စွာလုံလောက်ပါ တယ်။
၃။ အရိုး ၊ အဆစ် ကျန်းမာရေးအတွက် အထူးကောင်းမွန်စေပါတယ်။
အထူးသဖြင့် ကလေးသူငယ်တွေ ၊ မြီးကောင်ပေါက်အရွယ်လေးတွေမှာ အရိုးအဆစ်တွေ ဖွံဖြိုးတဲ့အချိန် အထူးအထောက်အကူဖြစ်စေပါတယ်။ ကယ်စီယမ် နဲ့ ဗီတာမင် ဒီ ဟာ အရိုးနဲ့ သွားတွေ ဖွံဖြိုး တည်ဆောက်ဖို့အတွက် အထူးကောင်းမွန်ပါတယ်။ လူကြီးတွေအနေနဲ့လည်း အရိုးပွရောဂါဖြစ်ပွားစေခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
၄။ အစာချေဖျက်မှုအတွက် အထူးကောင်းမွန်စေပါတယ်။
ဒိန်ချဉ်မှာ ပါဝင်တဲ့ မျက်စိနဲ့ မမြင်နိုင်တဲ့ ဘက်တီးရီးယားကလေးတွေမြောက်များစွာပါဝင်နေပါတယ်။ အဆိုပါ ဘက်တီးရီးယားပိုးလေးတွေဟာ ကျွန်တော်တို့နေ့စဉ်စားသုံးတဲ့အစာတွေကို အာဟာရအဖြစ် ဖြိုခွင်းတဲ့ နေရာမှာ ကောင်းမွန်စွာ လုပ်လုပ်နိုင်ပါတယ်။ ဒါကြောင့်မို့ ဒိန်ခဲ ၊ ဒိန်ချဉ် အစရှိတဲ့ နို့ထွက်ပစ္စည်းတွေဟာ အစာအိမ်ထဲမှာ အစာချေဖျက်မှုကို ကောင်းမွန်စာအထောက်အကူပြုပါတယ်။
၅။ ခန္ဓာကိုယ်ဖွံဖြိုးမှုအတွက် အထောက်အကူဖြစ်စေပါတယ်။
နွားနို့ နဲ့ နို့ထွက်ပစ္စည်းတွေထဲမှာ ပရိုတင်းတွေ ၊ ဇင့်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ပရိုတင်း ဟာ ကြွက်သားဖွံဖြိုးမှုကို အထူးအားပေးပါတယ်။ ဒါကြောင့်မို့ နို့ နဲ့ နို့ထွက်ပစ္စည်းများကို ပုံစံ စားသုံးတဲ့အခါ ခန္ဓာကိုယ်ကို ဖွံဖြိုးတိုးတက်စေပါတယ်။ ဒါတင်မကပဲ ဇင့်ဟာလည်း ဦးနှောက်ဖွံဖြိုးမှုကို ဖြစ်စေတာမို့လည်း နို့ နဲ့ နို့ ထွက်ပစ္စည်းများဟာ ဦးနှောက်နဲ့ ခန္ဓာကိုယ် ဖွံဖြိုးမှုကိုလည်းအများအပြားအထောက်အကူပြုပါတယ်။
ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုလေးတွေ ဖော်ပြပြီးပြီဆိုတော့ နို့ နဲ့ နို့ထွက်ပစ္စည်းတွေကနေ တစ်ဆင့် ဖြစ်ပေါ်နိုင်တဲ့ မလိုလားအပ်တဲ့ သက်ရောက်မှုလေးတစ်ချို့ကို ဖော်ပြပေးပါတယ်။
၁။ နို့ နဲ့ နို့ထွက်ပစ္စည်းတွေကိုလွန်ကဲစွာစားသုံးခြင်းဟာနှလုံးနဲ့ ပတ်သတ်တဲ့ရောဂါတွေကိုဖြစ်ပွားစေနိုင်ပါတယ်။
နို့ နဲ့ နို့ထွက်ပစ္စည်းတွေမှာ ပျော်ဝင်အဆီတွေ အမြောက်အများပါဝင်နေပါတယ်။ အဆိုပါ အဆီတွေကို Low density lipoprotein ( LDL ) လို့ ခေါ်ပြီး တစ်နည်းအားဖြင့် Bad Cholestrol လို့ ခေါ်ပါတယ်။ LDL ခေါ် bad cholesterol တွေ သွေးထဲမှာ များပြားလာတဲ့အခါ နှလုံးနဲ့ပတ်သတ် နဲ့ ရောဂါ တွေကို ဖြစ်ပွားစေနိုင်ပါတယ်။
၂။ နို့ နဲ့ နို့ထွက်ပစ္စည်းတွေကို စားသုံးခြင်းဟာ ဝက်ခြံထွက်ခြင်းကို ဖြစ်ပေါ်စေပါတယ်။
နို့ နဲ့ နို့ထွက်ပစ္စည်းတွေမှာပါဝင်တဲ့ ပရိုတင်းဓာတ်တွေကို အာဟာရချေဖျက်လိုက်တဲ့အခါမှာ အင်ဆူလင်ကဲ့သို့ ဆင်တူတဲ့ IGF-1 ဆိုတဲ့ ဟော်မုန်း တစ်မျိုးထွက်လာပါတယ်။ ဒီဟော်မုန်းဟာ ကိုယ်နဲ့ ဓာတ်မတည့်တဲ့ အရာတွေကို ဖြစ်ပေါ်စေဖို့အတွက် အားပေးပါတယ်။ အကယ်၍ သင်ဟာ နို့ နဲ့ နို့ထွက်ပစ္စည်းတွေ နဲ့ ဓာတ်မတည့်တဲ့အခါမျိုးတွေမှာဆိုရင် ဝက်ခြံနဲ့ သက်ဆိုင်တဲ့ရောဂါမျိုး ဒါမှမဟုတ် ဓာတ်မတည့်တဲ့ အလာဂျီမျိုးတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ တစ်ခါတစ်လေမှာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဟော်မုန်းတွေ နဲ့ ရောထွေးပြီးတော့ ဟောမုန်းထုတ်လွှတ်ခြင်း ၊ အချက်ပြခြင်းတွေကိုလည်း အနှောက်အယှက်ဖြစ်စေတတ်ပါတယ်။
စာဖတ်သူတို့ရေ နို့ နဲ့ နို့ထွက်ပစ္စည်းတွေဟာ နေရာအနှံ့အပြားမှာ လွယ်လွယ်ကူကူဝယ်ယူရရှိနိုင်သလို ကိုယ်ခန္ဓာကိုယ်အတွက် စားသုံးသင့်တဲ့ အစားအစာထဲမှာ ပါဝင်ပါတယ်။ ကျန်းမာရေးလိုက်စားတဲ့သူ ဒါမှမဟုတ် ပိုမိုကောင်းမွန်တဲ့ ခန္ဓာကိုယ်ကို လိုလားတဲ့သူဆိုရင်တော့ နို့နဲ့ နို့ထွက်ပစ္စည်းဟာ မဖြစ်မနေစားသုံးရမယ့် အစာတစ်မျိုးပဲဖြစ်ပါတယ်။ ဆိုးကျိုးအနည်းငယ်ရှိပေမယ့်လည်း အဆိုပါ အကျိုးဆက်တွေဟာ အလွန်အမင်း စားသုံးခြင်း ဒါမှမဟုတ် ဓာတ်မတည့်မှသာ ဖြစ်ပေါ်တတ်တာမို့လို့ နေ့စဉ် အနေအထားတစ်ခုကို ပုံမှန်စားသုံးခြင်းဟာ ခန္ဓာကိုယ်ကို ထိခိုက်မှုမဖြစ်စေနိုင်ပါဘူး။ ဒါကြောင့်မို့လို့ နို့ နဲ့ နို့ထွက်ပစ္စည်းတွေကို ပုံမှန်စားသုံးသင့်ပါတယ်ဆိုတာကို အကြံပေးရင်း ဝေမျှပေးလိုက်ပါတယ်။