ကိုယ့်ရဲ့ နေ့စဉ်လုပ်ဆောင်တတ်တဲ့ အကျင့်တွေဟာ ကိုယ့်အပေါ်မှာ အများကြီးအကျိုးသက်ရောက်မှု တွေရှိပါတယ်။ ကိုယ်ရဲ့လုပ်ဆောင်တတ်တဲ့ အမူအကျင့်တွေအပေါ်မှာ မူတည်ပြီးတော့ ကိုယ့်အနာဂတ်ဟာ သက်ရောက်မှုတွေ ၊ အပြောင်းအလဲတွေ ဖြစ်လာမှာပါ။ ကိုယ်ဟာ အားကစားပုံမှန်လုပ်တတ်တဲ့သူ ၊ ကျန်းမာရေးကို အရေးပေးလိုက်စားတဲ့သူဆိုရင် အနာဂတ်ကာလမှာ ကိုယ့်ခန္ဓာကိုယ်ဟာ ကောင်းမွန်တဲ့ အနေအထားကို ရရှိမှာဖြစ်တဲ့အပြင် ကိုယ်ဟာ ပုံမှန်လေ့လာနေတတ်တဲ့သူ ၊ စဉ်ဆက်မပြတ် လိုအပ်ချက်တွေ ဖြည့်တင်းတတ်တဲ့သူဆိုရင် အချိန်ကြာလာတာနဲ့အမျှ ကိုယ်ဟာ တစ်ရက်ထက် တစ်ရက်ပိုပြီး တိုးတက်လာမှာပါ။ ဒါကြောင့်မို့ ကိုယ့်အပေါ်ကို အများကြီးအကျိုးရှိစေမယ့် လုပ်ဆောင်သင့်တဲ့ အကျင့် ၄ မျိုးကို ဖော်ပြပေးသွားပါမယ်။
၁။ အိပ်ယာ စောစောဝင်တာ ၊ အိပ်ယာ စောစောထတာ။
ယခုခေတ်မှာ အိပ်ယာဝင်ချိန်တွေကို ထိခိုက်လာကြပါတယ်။ တစ်နေကုန် လုပ်ငန်းခွင် ၊ ကျောင်းမှာ အချိန်ကုန်ဆုံးခဲ့တာတွေကြောင့် ညအိပ်ယာဝင်ခါနီးမှာလူမှုကွန်ယက်တွေ အသုံးပြုပြီး အချိန်ကုန်ဆုံးလာကြတယ်။ ဖုန်း ကလာတဲ့ ရေဒီယိုလှိုင်းတွေ ၊ လူမှုကွန်ယက်ပေါ်က အကြောင်းအရာတွေကြောင့် ညအိပ်ယာ ဝင်တာနောက်ကျပြီးတော့ မနက်ပိုင်းမှာလည်း စောစောထဖို့အခက်အခဲရှိလာနိုင်ပါတယ်။ တကယ်တမ်း မနက်ပိုင်းစောစော အိပ်ယာထတဲ့အခါ ကိုယ့်ရဲ့ တစ်နေကုန် လုပ်ဆောင်စရာရှိတာတွေအပြင် မနက်ခင်းပိုင်းမှာ ကိုယ့်အတွက် ကိုယ်ပိုင်အချိန်ပိုရနိုင်ပါတယ်။ ဥပမာ မနက်စောစောနိုးထတဲ့ အခါ ကိုယ်လက်လှုပ်ရှားမှုလုပ်တာပဲဖြစ်ဖြစ် ၊ ကိုယ်ကြိုက်နှစ်သက်တဲ့ မနက်စာကို ချက်စားဖြစ်တာပဲဖြစ်ဖြစ် ၊ စာဖတ်တာပဲ ဖြစ်ဖြစ် စတာတွေဟာ ကိုယ့်အတွက် အကျိုးရှိတဲ့ သက်ရောက်မှုတွေပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ည အိပ်ယာ စောစောဝင်တာမျိုး ၊ မနက်ခင်း အိပ်ယာစောစောထတာမျိုး စတဲ့ အကျင့်ကိုမွေးမြူသင့်ပါတယ်။ ဆိုရိုးတခုတောင်ရှိပါတယ် Early to bed and early to raise makes a man healthy, wealthy and wise ဆိုတဲ့ အိပ်ယာ စောစောဝင်တာ နဲ့ အိပ်ယာစောစောထတာက လူတစ်ယောက်ကို ကျန်းမာစေတယ် ၊ ချမ်းသာစေတယ် နောက်ပြီးတော့ အသိဉာဏ်ကြွယ်ဝစေတယ်ဆိုတာပါပဲ။
၂။ အမြဲတမ်း အစီအစဉ်ချပါ။
A goal without a plan is just a wish ဆိုသလိုပဲ အစီအစဉ်မရှိတဲ့ ပန်းတိုင်တစ်ခုဟာ စိတ်ကူးယဉ်သက်သက်မျှသာဖြစ်တယ်။ အစီအစဉ်မရှိပဲ နေထိုင်လုပ်ကိုင်တာဟာ အရမ်းကို ပရမ်းပတာနိုင်လွန်းပါတယ်။ ဒါ့အပြင်ကို ကိုယ့်မှာ ဘယ်လောက်အထိ ပြီးမြောက်အောင်မြင်ခဲ့သလိုဆိုတာကို တိုင်းတာဖို့ခက်ခဲလွန်းတာကြောင့် ကိုယ့်ဟာကို ပြန်လည်သုံးသပ်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့်မို့ကိုယ်ဟာ ဘယ်ဟာပြီးရင် ဘာလုပ်မယ်ဆိုတဲ့ အစီအစဉ်ချတဲ့အကျင့်ကို မွေးမြူသင့်ပါတယ်။ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် ၊ ကျောင်းသင်ခန်းစာမှာပဲဖြစ်ဖြစ် ကိုယ်ဟာ အမြဲတမ်းအစီအစဉ်တကျလုပ်ကိုင်နိုင်ခြင်းအားဖြင့် ကိုယ့်လုပ်ဆောင်နိုင်စွမ်းတွေပမာဏတွေကို ကိုယ်ပြန်သုံးသပ်သိနိုင်ပါတယ်။ ထို့အပြင်ကို အစီအစဉ်တကျလုပ်ခြင်းအားဖြင့် မလိုလားအပ်ပဲ ကုန်ဆုံးစေမယ့် အချိန်တွေကို အကျိုးရှိအောင်လည်း စီမံခန့်ခွဲတတ်လာပါလိမ့်မယ်။
၃။ ကိုယ့်ရဲ့ဝါသနာ ဒါမှမဟုတ် လေ့လာဖို့အတွက် အမြဲတမ်းအချိန်တစ်ခုယူပါ။
ကိုယ့်ရဲ့ နေ့တစ်ဓူဝမှာ ကိုယ့်ရဲ့ ဝါသနာပါတာတစ်ခုကို လုပ်ဆောင်ဖို့ ဒါမှမဟုတ် တစ်စုံတစ်ခုကို အမြဲတမ်းလေ့လာဖို့ အချိန်ယူရပါမယ်။ ကိုယ့်ရဲ့ ဝါသနာပါတာကို လုပ်ဆောင်ခြင်းအားဖြင့် တစ်နေကုန် စိတ်ပင်းပန်းတာတွေပြေစေနိုင်တဲ့ အကျိုးကိုရရှိနိုင်မယ်။ ဒါ့အပြင် ကိုယ့်ရဲ့ဝါသနာပါတာဟာ အနုပညာ ၊ အတီးအမှုတ်စတာမျိုးသာဖြစ်ခဲ့ရင် နေ့စဉ်ပြုလုပ်ခြင်းဟာ တစ်ခါတည်း လေ့ကျင့်ပြီးသားဖြစ်သွားနိုင်ပါတယ်။ နောက်ပြီးတော့ ကိုယ့်လက်ရှိလုပ်ကိုင်နေတာတွေအပြင် တစ်ခြားတစ်ခုခုကို အမြဲတမ်းလေ့လာသင့်ပါတယ်။ လေ့လာသင်ယူခြင်းဟာ တစ်ထိုင်တည်း လေ့လာတာမျိုးမဟုတ်ပဲနဲ့ တစ်စုံတစ်ခုကို လုပ်နေရင်းနဲ့လည်း လုပ်လို့ရနိုင်ပါတယ်။ ဥပမာ ကိုယ်ဟာ ဓာတ်ပုံတွေ ၊ ပုံဆွဲတာတွေဖန်တီးတာမျိုးဝါသနာပါတဲ့အခါ ဓာတ်ပုံတွေကို ပြန်လည်း ပြုပြင်ဖန်တီးကြည့်တာ ၊ ဒီဂျစ်တယ် အနုပညာတွေကို ပြန်လည်ဆွဲကြည့်ပြီး မသိတာမျိုးတွေလိုက်လံရှာဖွေဖန်တီးကြည့်တာ စတာမျိုးတွေသကဲ့သို့ အချိန်တစ်ခုယူပြီး လုပ်ဆောင်မယ်ဆိုရင် ကိုယ့်အတွက် စိတ်ပင်ပန်းမှုပြေပျောက်စေတဲ့အပြင် အချိန်ကြာလာတဲ့အခါ အခြားကျွမ်းကျင်မှုတွေပါရှိလာပါလိမ့်မယ်။ Steve Jobs ပြောခဲ့သလို Learn continually – there’s always “one more thing” to learn. အမြဲတမ်း လေ့လာနေပါ။ တစ်ခုမဟုတ် တစ်ခု လေ့လာဖို့ အမြဲတမ်းရှိပါတယ်။
၄။ ကိုယ့်ဘာသာ ဂရုစိုက်ပါ။
ကျွန်တော်တို့ဟာ အမြဲတမ်း လုံးပန်းနေရတဲ့အခါ ကိုယ့်ဟာကို ဂရုစိုက်ဖို့မေ့သွားတတ်ကြပါတယ်။ အခြားသူတွေနဲ့ နေထိုင်တဲ့အခါမှာ ပိုလို့တောင်မေ့သွားတတ်ကြတယ်။ နောက်ဆုံးဖျားနာပြီး ထိခိုက်မှသာလျှင် သတိပြုမိတတ်ကြတယ်။ လူဟာ အသွေးအသား နဲ့ စိတ်နဲ့ ဖွဲ့စည်းထားတာကြောင့် အမြဲတမ်း အလုပ်လုပ်မနေနိုင်ပါတယ်။ ထိုက်သင့်တဲ့ အနားယူမှု ၊ ဂရုစိုက်မှုတွေ လိုအပ်ပါတယ်။ ကိုယ်ဟာ ကျန်းမာရေးအရသော်လည်းကောင်း ၊ စိတ်ကျန်းမာရေးအရသော်လည်း လိုအပ်ချက်ရှိတာနဲ့ အညီ လေ့ကျင့်ခန်းလုပ်တာ ၊ ခရီးထွက်တာ ၊ ကိုယ်နှစ်သက်ရာ ဝါသနာနဲ့ အချိန်ဖြုန်းတာ ၊ ရုပ်ရှင်ကြည့်တာ ၊ စာဖတ်တာ ၊ အိမ်မွေးတိရစ္ဆာန်လေးတွေမွေးမြူတာ ၊ ချက်ပြုတ်တာမျိုးတွေ လုပ်သင့်ပါတယ်။ လုံလောက်တဲ့ ဂရုစိုက်မှု ၊ အနားယူမှုမရှိတဲ့အခါ လူဟာ အရမ်းပင်ပန်းလာပြီး ထုံသွားတတ်ပါတယ်။ အဆိုပါ ကာလမျိုးမှာ အာရုံစူးစိုက်ဖို့ခက်ခဲတာမျိုး ဒါမှမဟုတ် ဆက်လက်လုပ်ဆောင်နိုင်တာမျိုးတွေမရှိတော့တဲ့အပြင် ဖျားနာတာမျိုး ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာမျိုးတွေပါ ကြုံလာနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကိုယ့်ဘာသာကို အမြဲတမ်းစမ်းစစ်ပြီး ဂရုစိုက်တတ်တဲ့ အကျင့်ကို လုပ်ဖို့လည်း လိုပါလိမ့်မယ်။ An empty lantern provides no light. Self-care is the fuel that allows your light to shine brightly စကားလို မီးအိမ်အလွတ်တစ်ခုဟာ အလင်းရောင်မပေးစွမ်းနိုင်ပါဘူး။ ကိုယ့်ဘာသာ ကိုယ်ဂရုစိုက်တာဟာ ကိုယ့်အစွမ်းအစတွေ တောက်ပဖို့အတွက် လောင်စာဖြည့်သွင်းပေးတာပါပဲ။ ဒီအကျင့်လေးတွေဟာ နေ့တစ်ဓူဝမှာ တကူးတကလုပ်စရာမလိုတဲ့အကျင့်လေးတွေပါ။ ကျန်းမာရေးနဲ့ လည်းညီညွှတ်တဲ့အပြင် ကိုယ့်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေတာမျိုးမရှိပဲ ပေါ့ပေါ့ပါးပါးလုပ်နိုင်တဲ့ အကျင့်လေးတွေပဲဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာအောင်မြင်တဲ့သူတွေ ဒါမှမဟုတ် ထိပ်တန်းပုဂ္ဂိုလ်တွေကို လေ့လာကြည့်တဲ့အခါမှာလည်း ဒီလိုမျိုး ကိုယ့်ကို တိုးတက်ပြီး ကောင်းမွန်စေမယ့် သက်ရောက်မှုရှိစေတဲ့အကျင့်လေးတွေ ပိုင်ဆိုင်ထားတာကို တွေ့နိုင်ပါတယ်။ ဒါကြောင့်မို့ စာဖတ်သူတို့ရေ ကိုယ့်မှာကောင်းမွန်တဲ့ အကျင့်လေးတွေကို ပေါ့ပေါ့ပါးပါးလေးတွေကနေစပြီး မွေးမြူကြည့်ကြပါနော်။