Bahuthuta Corner.com

ပန်းနာရင်ကျပ်ခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ 

ရေနစ်ဖူးပါသလား။ အသက်ရှုတဲ့အခါ လေတွေ ဝင်မလာပဲ ရေတွေမွန်းသွားတဲ့အခါ ဘယ်လိုခံစားရသလို ဆိုတာ ခံစားဖူးပါသလား။ ရေထဲမှာ မြုပ်နစ်တဲ့အချိန်မှာ လေတွေရှုသွင်းချင်ပေမယ့် လေဘယ်လိုမှ ဝင်မလာတဲ့အခြေအနေမျိုးကို ကြုံတွေ့ရဖူးပါသလား။ ဒါဟာ ရေနစ်တဲ့အခြေအနေတစ်ခုပါ။ ပန်းနာရင်ကျပ်ရှိတဲ့သူတွေ ၊ အသက်ရှုကျပ်တတ်တဲ့သူတွေ ၊ ရင်ကျပ်တတ်တဲ့သူတွေဟာ ရေမနစ်ပဲ လေထုထဲမှာနေပြီး အသက်ရှုမရပဲ မွန်းကျပ်ရတဲ့သူတွေပါ။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ လေတွေရှိနေပေမယ့် အသက်ရှုမရတဲ့အခါ ၊ လေရှုသွင်းလို့မရတဲ့အခါမှာ ကြုံတွေ့ခံစားရတဲ့ မွန်းကျပ်မှုဟာ ဖော်ပြစရာ စကားလုံးမရှိဘူးလို့ပဲ ဆိုရပါလိမ့်မယ်။ ရင်ကျပ်တတ်တဲ့သူတွေအတွက် ဒါမှမဟုတ် မကြုံရဖူးသေးတဲ့သူတွေအတွက်  ဒီနေ့မှာတော့ ပန်းနာရင်ကျပ်ခြင်း နှင့်သက်ဆိုင်တဲ့ အခြေအနေတွေ ၊ ရောဂါဖြစ်ပေါ်ရခြင်းတွေ ၊ သက်ဆိုင်ရာ ကုထုံးတွေ အကြောင်းကို ဗဟုသုတကနေပြီးတော့ မျှဝေပေးသွားပါမယ်။ 

ပန်းနာရင်ကျပ်ဆိုတာဟာဘာလဲ။ 

ပန်းနာရင်ကျပ်ဆိုတာဟာ ကျွန်တော်တို့ အဆုတ်ကို အဓိက ဒုက္ခပေးတဲ့ ရောဂါတစ်မျိုးပဲဖြစ်ပါတယ်။ ကလေးတွေကော လူကြီးတွေပါ မကျန်ဖြစ်ပွားတတ်တဲ့ ရောဂါတစ်မျိုးပဲဖြစ်ပါတယ်။ မိသားစုမျိုးရိုးစဉ်ဆက်ထဲမှာလည်း ပန်းနာရင်ကျပ်ရှိတဲ့သူရှိရင် ဒီရောဂါဟာ လက်ဆင့်ကမ်း ဖြစ်ပွားနိုင်ပါတယ်။ ပန်းနာရင်ကျပ်ရောဂါဟာ ဖြစ်ပွားစရာ အကြောင်းအရာဟာ သတ်သတ်မှတ်မှတ်တစ်ခုတည်းမရှိပါဘူး။ မျိုးရိုးစဉ်ဆက်ကြောင့်ဖြစ်စေ ၊ ပတ်ဝန်းကျင်ကြောင့်ဖြစ်စေ ၊ အခြားသော သက်ရောက်မှုများကြောင့် ဖြစ်စေ ဖြစ်ပွားစေနိုင်ပါတယ်။ ပန်းနာရင်ကျပ်ရောဂါ ခံစားရတဲ့သူဟာ အသက်ရှုကိုပြင်းထန်စွာရှုရခြင်း ၊ အသက်ရှုမရခြင်း ၊ ရင်ဘတ်တင်းကျပ်နေခြင်း ၊ မနက်အိပ်ယာနိုးတဲ့အခါ (သို့) ညဘက်အိပ်ယာဝင်ခါနီးတွေမှာ ချောင်းဆိုးခြင်း ၊ အသက်ရှုမဝခြင်း အစရှိတာတွေ ကြုံတွေ့ရနိုင်ပါတယ်။ 

ပန်းနာရင်ကျပ်ခြင်းဟာ ဘယ်လိုဖြစ်ပေါ်စေသလဲ။ 

ကျွန်တော်တို့ အသက်ရှုတဲ့အခါ ရှုသွင်းလိုက်တဲ့ လေတွေဟာ လေပြွန်ကနေ တစ်ဆင့် အဆုတ်ထဲကိုဝင်ရောက်ပါတယ်။ ပန်းနာရင်ကျပ်ခြင်းဟာ ဒီလေပြွန်ကို အဓိက ထိခိုက်စေပြီး  ဒီလေပြွန်ကို အဓိက ထိခိုက်စေတဲ့ အခြေအနေ ၃ မျိုးဟာ  လေပြွန်ယောင်ယမ်းခြင်း ၊ ချွဲများအလွန်အမင်းထွက်ခြင်း ၊ လေပြွန်ကို ထိန်းထားသော ကြွက်သားများယောင်ယမ်းခြင်းတွေပဲဖြစ်ပါတယ်။ ပန်းနာရင်ကျပ်ဖြစ်ပေါ်တဲ့အခါမှာ သက်ဆိုင်ရာ ရောဂါအခြေအနေများအရ လေပြွန်ယောင်ယမ်းတဲ့အခါမှာ လေအလုံအလောက်မရရှိခြင်း ၊ ခွဲျတွေအလွန်အမင်းထွက်တဲ့အခါမှာ လေပြွန်များကို ပိတ်မိသွားခြင်း ၊ ထိန်းထားတဲ့ ကြွက်သားတွေ ယောင်းယမ်းလာတဲ့အခါ လေပြွန်များကို ညှစ်ပစ်ခြင်း အစရှိတာတွေ ဖြစ်ပေါ်စေပါတယ်။ 

ပန်းနာရင်ကျပ်ခြင်းကို ဘယ်လိုအရာတွေက တွန်းအားပေးနိုင်သလဲ။ 

ကိုယ့်မှာ ပန်းနာရင်ကျပ်ရှိတယ် ဒါမှမဟုတ် ရင်ကျပ်တတ်တယ် ၊ အဆိုပါ လက္ခဏာတွေရှိတယ်ဆိုရင် ဒီအရာတွေကို ရှောင်ရှား (သို့) သတိပြုသင့်ပါတယ်။ 

၁။ အအေးမိခြင်း ၊ ဖျားခြင်း ၊

၂။ မီးခိုးမွှန်ခြင်း ၊ ဖုန်မှုန့်များ ၊ မှိုများ ထူထပ်စွာ ရှုသွင်းမိခြင်း ၊

၃။ ကိုယ်နဲ့ မတည့်သော အလာဂျစ်ဖြစ်ပေါ်စေသည့် အစားအစာများ ၊ အရာများကို စားသောက် (သို့) ထိတွေ့ခြင်း ၊

၄။ အလွန်အမင်း စိတ်ဖိဆီးခြင်း (သို့) အလွန်အမင်း ရယ်ခြင်း ၊ ခံစားချက်ပြင်းထန်ခြင်း ၊

၅။ ရာသီဥတု အကူးအပြောင်းများ (သို့) အပူချိန် အကူးအပြောင်းများ ၊ 

၆။ ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုလုပ်မိခြင်း အစရှိတာတွေဟာ ကိုယ့်မှာ ရှိနေတဲ့ ပန်းနာရင်ကျပ်ခြင်း ၊ ရင်ကျပ်ခြင်း အခြေအနေတွေကို တွန်းအားပေးဖြစ်ပေါ်စေနိုင်ပါတယ်။ 

ပန်းနာရင်ကျပ်ခြင်းကို ဘယ်လိုကုသ ၊ သက်သာနိုင်သလဲ။ 

လတ်တလောမှာတော့ ပန်းနာရင်ကျပ်ခြင်းကို ပျောက်ကင်းစေတဲ့ ကုသခြင်းတွေမရှိသေးပါဘူး။ ဒါပေမယ့် ရှိရင်းစွဲအခြေအနေထက် ပိုဆိုးမလာအောင် ၊ ပန်းနာရင်ကျပ်ခြင်းလက္ခဏာတွေ ပြင်းထန်မလာအောင် သာမန်လူတစ်ယောက်ကဲ့သို့ နေထိုင်နိုင်အောင် ကုသနိုင်တဲ့ ကုထုံးတွေများစွာရှိပါတယ်။ အသက်ရှုဆေးများ ၊ သောက်ဆေးများ ၊ ထိုးဆေးများ ၊ ခွဲစိတ်ကုသမှုများ အစရှိတဲ့ ကုထုံးတွေများစွာရှိပါတယ်။ အသက်ရှုဆေးများမှာဆိုလျှင် ရောဂါအခြေအနေဆိုးလာတဲ့အခါ အသုံးပြုရတဲ့ဆေး ၊ ဒါမှမဟုတ် ရှိရင်းစွဲအခြေအနေကို ပိုမိုဆိုးမလာအောင်ထိန်းတဲ့ဆေး ၊ ရံဖန်ရံခါမှာ ၂ မျိုးစလုံး အသုံးဝင်တဲ့ ဆေး အစရှိတာတွေအပြင် သောက်ဆေးတွေမှာလည်း ဆရာဝန်ညွှန်ကြားချက်အရ သောက်သုံးနိုင်တဲ့ ဆေးတွေအမြောက်အများရှိပါတယ်။ ဒါ့အပြင် သဘာဝနည်းအရ အသက်ရှုလေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း ၊ လေကောင်းလေသန့်ရတဲ့ နေရာတွေမှာ နေထိုင်ခြင်း ၊ ရိုးရာဆေးကုသနည်းများကို အသုံးချကြည့်ခြင်း ၊ အစားအစာကို သင့်တင့်မျှတစွာ စားခြင်း ၊ စိတ်ကို တည်ငြိမ်အောင်နေထိုင်ခြင်း အစရှိတဲ့ နည်းတွေဟာလည်း ပန်းနာရင်ကျပ်ရောဂါကို သက်သာစေနိုင်ပါတယ်။ 

ပန်းနာရင်ကျပ်ခြင်းကို ကြုံတွေ့ရတဲ့အခါ သတိထားရမှာဟာ ခံစားချက်ပြင်းထန်တာမျိုး ၊ စိတ်ဖိဆီးတာ ၊ ထိတ်လန့်တာမျိုးဟာ ရောဂါအခြေအနေကို ပိုမိုဆိုးရွာစေတဲ့ အနေအထားတစ်ခုကို တွန်းပို့စေပါတယ်။ အကယ်၍ ကိုယ်ဟာ ပန်းနာရင်ကျပ်ရှိတယ် ၊ ရင်ကျပ်တတ်တယ်ဆိုရင် အသက်ရှုကျပ်လာတဲ့အခါ စိတ်ကို တည်ငြိမ်အောင်ထားတတ်ဖို့ သတိလေးရှိနေရပါမယ်။ ဒါ့အပြင် ကိုယ့်ဟာ ဆေးတွေ သောက်သုံးရတာမျိုး ၊ လိုအပ်ချက်အရဆောင်ထားရတဲ့ အနေအထားမျိုးဆိုရင် ကိုယ့်ရဲ့ သက်ဆိုင်ရာဆေးဝါးတွေကို အမြဲတမ်း ကိုယ်နဲ့ မကွာရှိစေဖို့ ၊ လိုအပ်တဲ့အခါတိုင်း အဆင်သင့်သုံးရဖို့အတွက် အမြဲတမ်း ဂရုစိုက် သယ်ဆောင်ထားသင့်ပါတယ်။ ဒါ့အပြင် လူနေထူထပ်တဲ့နေရာ သို့ ဖုန်ထူထပ်တဲ့နေရာတွေကို သွားလာရမယ့် အခါမျိုးတွေမှာ အသက်ရှုမကျပ်စေဖို့ မလိုလားအပ်တဲ့ ဖုံတွေမဝင်စေဖို့အတွက် လိုအပ်တဲ့ မျက်နှာဖုံးအစွပ်ကို တပ်ဖို့ကိုလည်း သတိပြုဖို့လိုပါတယ်။ ပန်းနာရင်ကျပ်ရောဂါဟာ အသက်အန္တရာယ်ဖြစ်ပေါ်စေတဲ့ ရောဂါ တစ်မျိုးဖြစ်ပေမယ့် သေချာဂရုစိုက်ထိန်းသိမ်းတဲ့အခါမှာတော့ စိတ်ပူစရာမလိုတဲ့ အခြေအနေမျိုးအထိ ထိန်းချူပ်နိုင်တဲ့ ရောဂါတစ်မျိုးပဲဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ သင်ကိုယ်တိုင်ဖြစ်စေ ၊ သင့်ပတ်ဝန်းကျင်မှာဖြစ်စေ ပန်းနာရင်ကျပ်တဲ့အခါ ၊ ပန်းနာရင်ကျပ်တတ်တဲ့သူရှိတဲ့အခါ ဒီအချက်အလက်ကလေးတွေကို မျှဝေပေးပါလို့ တိုက်တွန်းရင်း ဒီနေ့အတွက် ဒီမှာပဲ အဆုံးသတ်လိုက်ပါရစေ။ အဆုံးထိ ဖတ်ရှု့ပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျ။

-Bahuthuta Corner

Share:

More Posts

Send Us A Message