ကျွန်တော်တို့ နေ့တစ်ဓူဝရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲတွေ ၊ ပြဿနာတွေ ၊ စိန်ခေါ်မှုတွေက ကျွန်တော်တို့အတွက် ပိုကောင်းတဲ့ အခြေအနေတစ်ရပ်ရောက်လာအောင် ဆွဲတင်ပေးတဲ့အရာတွေပါ။ တစ်ယောက်နဲ့ တစ်ယောက် ရင်ဆိုင်ကြုံတွေ့ရတာခြင်းမတူသလို ၊ ဖြေရှင်းတဲ့ ပုံတွေလည်း ကွဲပြားခြားနားမှု ရှိပါတယ်။ အဲ့သလိုတွေကြောင့်မို့ တစ်ယောက်နဲ့ တစ်ယောက် တိုးတက်မှုတွေဟာ ကွာခြားသွားပါတယ်။ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့အပေါ်မှာမူတည်ပြီးတော့ ကျွန်တော်တို့ရဲ့အခြေအနေတွေဟာ ပိုမိုကောင်းမွန်လာနိုင်သလို ပိုမိုဆိုးရွားတာမျိုးလည်းကြုံတွေ့နိုင်ပါတယ်။ တစ်ချို့သူတွေကတော့ စိန်ခေါ်မှုတွေ ၊ အခက်အခဲတွေကို ကြုံတွေ့လာရင် ထွက်ပြေးဖို့ ကြိုးစားတတ်ကြတယ်။ တစ်ချိုကတွေကတော့ ထိပ်တိုက်ရင်ဆိုင်တတ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ ပြဿနာတစ်ခု ၊ စိန်ခေါ်မှု တစ်ခု ၊ အခက်အခဲ တစ်ခုဟာ ဖြေရှင်းချင်းမရှိပဲနဲ့ ပြေပျောက်သွားတယ်ဆိုတာမရှိပါဘူး။ ဒါ့ကြောင့်မို့လို့ ဒီကနေ့မှာတော့ ပြဿတစ်ခုခုနဲ့ကြုံတွေ့တဲ့အခါ ဒါမှမဟုတ် စိန်ခေါ်မှု ၊ အခက်အခဲနဲ့ ကြုံတွေ့တဲ့အခါမှာ ပြင်ဆင်ပြုလုပ်သင့်တဲ့ အခြေခံကျတဲ့ အချက်အလက်ကလေးတွေကို ဝေမျှပေးသွားပါတယ်။
၁။ ပြဿနာရဲ့ အရင်းအမြစ်ကို ရှာဖွေခြင်း။
ပြဿနာ ၊ အခက်အခဲတစ်ခုကြုံတွေ့တဲ့အခါမှာ ဖြေရှင်းဖို့ထက် အရင်ဆုံး အရင်းအမြစ်ကို ရှာဖွေဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့တွေဟာ ပြဿနာကြုံတွေ့တဲ့အခါမှာ အရင်းအမြစ်ကို သတိထားမှုခြင်းမရှိပဲနဲ့ ဖြေရှင်းဖို့ကို အရင်စိတ်အားထက်သန်တတ်ကြပါတယ်။ ဒါပေမယ့် အရင်းအမြစ်ကို မသိတဲ့အခါမှာ လိုအပ်တဲ့ ဖြေရှင်းမှုတွေ မလုပ်နိုင်ပဲနဲ့ လွဲမှားတဲ့ နည်းလမ်းတွေနဲ့ ကိုင်တွယ်မိတတ်ကြပါတယ်။ ဒီလိုအခြေအနေတွေဟာ ပြဿနာကို ပြေလည်ဖို့ထက် ပိုမိုဆိုးရွားစေဖို့ ဒါမှမဟုတ် မလိုလားအပ်တဲ့ အခြေအနေမျိုးရောက်စေဖို့ တွန်းပို့နိုင်တာမို့ ပြဿနာ တစ်ခုနဲ့ ရင်ဆိုင်ရတဲ့အခါ ဖြစ်ပေါ်စေတဲ့ ကိစ္စအရင်းအမြစ်ကို သေသေချာချာသိအောင် ရှာဖွေသင့်ပါတယ်။
၂။ စိတ် နဲ့ ခံစားချက်ကို တတ်ငြိမ်အောင်ထားခြင်း။
ကျွန်တော်တို့ရဲ့ နေ့တစ်ဓူဝ ကြုံတွေ့မှုတွေကြောင့် စိတ်နဲ့ ခံစားမှုအခြေအနေတွေက အမျိုးမျိုး ဖြစ်ပေါ်နေနိုင်ပါတယ်။ ပြဿနာတစ်ခုခုနဲ့ ကြုံတွေ့တဲ့အခါမှာ စိတ်ရှုပ်ထွေးနေမယ် ၊ ခံစားချက်ပြင်းထန်နေမယ်ဆိုရင်တော့ မလိုလားအပ်တဲ့ ဆုံးဖြတ်ချက်တွေ ချမိတတ်ပါလိမ့်မယ်။ စိတ်ခံစားချက်ကို မူတည်ပြီး ချလိုက်တဲ့ ဆုံးဖြတ်ချက်တိုင်းဟာ မှားဖို့အတွက်ရာခိုင်နှုန်းများပြားပါတယ်။ ဒါ့ကြောင့်မို့ ပြဿနာတစ်ခုကို ကိုင်တွယ်ဖြေရှင်းခြင်း မလုပ်ခင်မှာ ကိုယ့်စိတ် နဲ့ ခံစားချက်ကို တည်ငြိမ်အောင်ထားနိုင်ဖို့က အရေးကြီးတဲ့ အချက်တစ်ခုပါပဲ။
၃။ အခြေအနေတစ်ခုမှာ ကိစ္စတစ်ခုကိုသာ အာရုံစူးစိုက်ခြင်း။
အလုပ်ကိစ္စတွေ ၊ မိသားစုကိစ္စတွေ ၊ လူမှုရေးကိစ္စတွေ ရှုပ်ထွေးနေတဲ့အချိန်ကိုင်တွယ်ရမယ့် ပြဿနာ ရှိလာတဲ့အခါမှာ ကိုယ်လုပ်မယ့် ကိစ္စတစ်ခုတည်းကိုသာ အာရုံထားပြီးတော့ ဆောင်ရွက်သင့်ပါတယ်။ ကနဦးအနေနဲ့ မဖြစ်မနေလုပ်ဆောင်ရမယ့် ကိစ္စတွေကို ဦးစားပေးလုပ်ဆောင်ပြီးတော့ အခြားကိစ္စများကို အနည်းငယ်နောက်ရွေ့တာ ဒါမှမဟုတ် ခေတ္တ အနားပေးလိုက်ပြီး ကိုယ်လုပ်ဆောင်မယ့် ကိစ္စတစ်ခုကိုသာ အာရုံစူးစိုက်မှုပေးပြီး ဖြေရှင်းဆောင်ရွက်တာက ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေကို ရရှိစေနိုင်မှာပါ။
၄။ ပတ်ဝန်းကျင် ၊ အခြေအနေနဲ့ နားထောင်ခြင်း။
ပြဿနာတိုင်းကို မြင်တဲ့ အမြင်တွေက မတူညီကြပါဘူး။ ဒါ့အပြင် လူတစ်ဦးနဲ့ တစ်ဦးဆောင်ရွက်ပုံခြင်း ၊ စဉ်းစားပုံခြင်းမတူညီတဲ့အတွက် ပြဿနာကို ကိုင်တွယ်ပုံခြင်းဟာ ကွဲပြားခြားနားပါတယ်။ ဒါ့ကြောင့်မို့ ပြဿနာတစ်ခုကို ကြုံတွေ့တဲ့အခါမှာ ပတ်ဝန်းကျင်က ပေးတဲ့ အသံတစ်ချို့ဟာလည်း အရေးကြီးပါတယ်။ တစ်ချို့သော သူတွေက ပြဿနာဖြေရှင်းခြင်းကို ကောင်းမွန်စွာအတွေ့အကြုံရှိတဲ့အတွက်ကြောင့်မို့ သူတို့ဆီကရလာတဲ့ အသံနဲ့ အကြံတွေဟာကိုယ့်အတွက်ပိုမိုကောင်းမွန်တဲ့ ဖြေရှင်းနည်းတွေကို စဉ်းစားလို့ရစေနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်မမြင်နိုင်တဲ့ အချက်အလက်တစ်ချို့ကိုပါ ရရှိနိုင်တာမို့ တစ်ယောက်တည်း နားပိတ်ပြီး ဖြေရှင်းတာထက် ဆီလျှော်တဲ့ အသံနဲ့ အကြံတွေကို နားထောင်တာက ကောင်းမွန်တဲ့ အချက်တစ်ခုပါပဲ။
၅။ နောက်ဆုံး ဆုံးဖြတ်ချက်မချခင် ပြန်လည်သုံးသပ်ခြင်း (သို့) ပြန်လည်ဆန်းစစ်ကြည့်ခြင်း။
ပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ဆုံးဖြတ်ချက်မချခင်မှာ ကိုယ့်ရဲ့ ကိုင်တွယ်ပုံနဲ့ ဖြေရှင်းပုံ ၊ တွေးခေါ်ပုံ ၊ ဆုံးဖြတ်ချက်တွေကို ပြန်လည်သုံးသပ်သင့်ပါတယ်။ ကိုယ်ရဲ့ လုပ်ဆောင်မှုတစ်ခုဟာ မလုပ်ဆောင်ခင်မှာ အမျိုးမျိုး ပြန်လည်ပြင်ဆင်လို့ရပေမယ့် လုပ်ဆောင်ပြီးရင်တော့ ပြင်ဆင်ဖို့မဖြစ်နိုင်တော့ပါဘူး။ ဒါ့ကြောင့်မို့လို့ နောက်ဆုံးအနေနဲ့ ဆုံးဖြတ်ချက်မချခင် ဒါမှမဟုတ် လုပ်ဆောင်မှု မလုပ်ခင်မှာ အချိန်ခဏယူပြီးတော့ သေချာပြန်လည်ဆန်းစစ်သင့်ပါတယ်။ ဒါမှသာ ကိုယ့်ရဲ့ လုပ်ဆောင်မှုဟာ သက်ရောက်မှု ဘယ်လောက်ရှိနိုင်သလဲဆိုတာကို ပြန်လည်ချိန်ဆနိုင်ပြီးတော့ လွဲမှားနေတာရှိရင် ပြန်လည် ပြင်ဆင်နိုင်မှာပဲဖြစ်ပါတယ်။
ပြဿနာဟာ လူတိုင်းကြုံတွေ့ရမယ့် အခြေအနေတစ်မျိုးပါ။ ရှောင်လွှဲလို့မရတဲ့ ကိစ္စမျိုးမို့ တစ်နေ့မဟုတ် တစ်နေ့မှာတော့ ဖြေရှင်းရမှာပါ။ ဖြေရှင်းတဲ့အခါမှာ အမှားအမှားအယွင်းယွင်းဆုံးဖြတ်ချက်ချမိတာ ၊ ကောက်ချက်ချလွဲတာ ၊ အလွန်အကျွံဆုံးဖြတ်မိတာမျိုးဟာ ပိုမိုဆိုးရွားစေတဲ့ အခြေအနေထဲကို ရောက်ရှိစေပြီးတော့ ကိုင်တွယ်ရပိုမို ခက်ခဲသွားနိုင်ပါတယ်။ ဒါကြောင့်မို့ ပြဿနာ ဖြေရှင်းတဲ့အခါ အတတ်နိုင်ဆုံး စိတ်ကို ငြိမ်အောင်ထားပြီး ကိုင်တွယ်ရမှာကတော့ မဖြစ်မနေကို လုပ်ဆောင်ရမယ့် အနေအထားတစ်ခုပါပဲ။ စာဖတ်သူတို့ရေ ပြဿနာတစ်ခုကို ဘယ်လိုကိုင်တွယ်ခဲ့ကြသလဲ။ ကိုယ်ကိုင်တွယ်ခဲ့တဲ့ ပုံကို စဉ်းစားကြည့်ပြီး ပိုကောင်းသွားသလား ၊ ပိုဆိုးသွားသလား ပြန်လည်သုံးသပ်ကြည့်ဖူးပါသလား။ ဒါမှမဟုတ် ပြဿနာကြုံတွေ့တဲ့အခါမှာ ထွက်ပြေးဖို့ကိုပဲ စဉ်းစားဖူးသလား။ ဒီစာလေးကို ဖတ်ပြီးတဲ့အခါမှာတော့ စဉ်းစားစရာလေးတွေရရှိသွားမယ်လို့ထင်ပါတယ်။ အဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
-Bahuthuta Corner