ခေတ်အဆက်ဆက်မှာလည်း အမျိုးသားတွေဟာ ဖိနှိမ်ခံထားရတယ်။ ဒီလိုပြောရင် တစ်ချို့တွေက ဟုတ်ရဲ့လား။ တကယ်မှမဟုတ်တာ။ အမျိုးသားတွေဟာ အမြဲတမ်းဦးဆောင်သူ ၊ အရေးပါသူ ၊ စံနှုန်းတွေရဲ့တိုင်းတာသူ ၊ အခွင့်အရေးအရဆုံး သက်ရှိမျိုးစိတ်တစ်ခုလို့ ပြေးမြင်တတ်ကြပါတယ်။ အမျိုးသား လို့ဆိုလိုက်တာနဲ့ အလိုလိုနေရင်း အရေးပါအရာရောက်တဲ့သူတစ်ဦးဖြစ်သွားတာမျိုး။ နိုင်ငံတစ်ခုလုံးကနေစပြီး ကိုယ့် မိသားစုမှာတောင် အမျိုးသား တစ်ဦး ရဲ့ သြဇာအာဏာက အမျိုးသမီးဖြစ်သူထက် ပိုပြီးတော့ သက်ရောက်မှုတွေပိုရှိပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင်မှာဖြစ်စေ ၊ ပတ်ဝန်းကျင်မှာဖြစ်စေ အရေးပါတဲ့ ဆုံးဖြတ်ချက်တစ်ခု ၊ နေရာတစ်ဦးကို ရွေးခြယ်တဲ့အခါမှာ အမျိုးသားတွေကပဲ အမြဲတမ်း ဦးဆောင်နေတတ်ကြပါတယ်။ ဒီလိုမျိုး အခွင့်အရေးတွေ ရရှိနေတဲ့ အမျိုးသားတွေဟာ ဖိနှိမ်ခံထားရတယ်ဆိုတာ မဖြစ်နိုင်လောက်ပါဘူးလို့ပဲ တွေးမိခဲ့ကြပါတယ်။
ခေတ်အဆက်ဆက်ကနေ ယနေ့ထိတိုင်အောင် လူအများစုအပေါ်သက်ရောက်နေတဲ့ မဟာဖိုဝါဒီဟာ အမျိုးသား ၊ အမျိုးသမီး အကုန်လုံးအပေါ်ကို ဖိနှိမ်မှုတွေရှိနေပါတယ်။ လူတစ်ယောက်ရဲ့ လုပ်နိုင်စွမ်းတွေ ၊ လုပ်ပိုင်ခွင့်တွေကို ကန့်သတ်ပိတ်ပင်ထားတာဟာ ဖိနှိမ်မှုတစ်မျိုးဖြစ်သလို သူ့ရဲ့ ငြင်းဆိုပိုင်ခွင့် ၊ ဖြစ်တည်မှုတွေ ၊ ဖြစ်ကို ဖြစ်ရမယ့် စံနှုန်းတွေ ကို မဖြစ်မနေ နေရမယ်ဆိုတဲ့ ဖိအားသက်ရောက်မှုတွေဟာလည်း ဒီလူတစ်ယောက်ကို တစ်မျိုးတစ်ဖုံ ဖိနှိမ်ထားသလိုပါပဲ။
အမြင်သာဆုံးပြောရမယ်ဆိုရင် အမျိုးသားတစ်ယောက်က ဦးဆောင်နိုင်စွမ်းရှိရမယ် ၊ ကြံ့ခိုင်ရမယ် ၊ ခိုင်မာရမယ် အစရှိတဲ့ အတွေးအမြင်တွေဟာ ပတ်ဝန်းကျင်မှာ လူတိုင်းတွေ့ကြုံဖူးပါလိမ့်မယ်။ ငယ်စဉ်ကလေးဘဝကတည်းက ယောင်္ကျားလေးတွေကို သွန်သင်ဆုံးမကြတဲ့အခါ ခေတ်အဆက်ဆက်က ရဲစွမ်းသတ္တိတွေနဲ့ ပြည့်ဝနေတဲ့ စစ်သည်တော်တွေ ၊ သူရဲကောင်းတွေ ကို ဥပမာပေးပြီး ဆုံးမကြသလို သူတို့ကို ဖိနှိမ်ထားတဲ့ စံနှုန်းတွေပါ ထည့်သွင်းပြီး ဒီအတိုင်းဖြစ်အောင် ပုံစံသွင်းမိတတ်ကြပါတယ်။ အများဆုံးကတော့ – ယောင်္ကျားလေးဟာ မငိုရဘူး။ မင်းဒါလေးတောင် မလုပ်နိုင်ဘူးလား မင်းကို စကပ်ဝတ်ထားပေးဖို့ပဲကောင်းတယ်။ ယောင်္ကျားလေးဆိုတာ ပန်းရောင်မကြိုက်ရဘူး စသဖြင့် လူတိုင်း ကြားဖူးကြမှာပါပဲ။
ယောင်္ကျားလေးပဲဖြစ်စေ ၊ မိန်းကလေးပဲဖြစ်စေ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံအရ ကွာခြားမှုတွေ ရှိပေမယ့် အကုန်လုံးဟာ လူသားတွေပဲဖြစ်ပါတယ်။ ရှေးယခင် လက်ရုံးရည်တွေ ၊ ခွန်အားတွေနဲ့ ဖြေရှင်းပြီး မဖြစ်မနေကို အားသုံးရမယ့် ခေတ်အခါတွေမှာတော့ ဒီစံနှုန်းတွေဟာ အမျိုးသားတွေအတွက် အခွင့်အရေးတွေ ဖြစ်ကောင်းဖြစ်နိုင်ခဲ့ပေမယ့် နှလုံးရည်ကို အားထားပြီး ခွန်အားတွေကို အသုံးချဖို့ မလိုတော့တဲ့ အချိန်အခါတွေ ရောက်လာတဲ့ ဒီစံနှုန်းတွေကပဲ အမျိုးသားတွေကို တစ်ဖန်ပြန်လည်ဖိအားတွေ ဖြစ်လာစေပါတော့တယ်။ အမျိုးသားတစ်ဦးဟာ စိတ်ပိုင်းဆိုင်ရာ ဝေဒနာ ပြင်းပြင်းထန်ထန်ရှိနေတဲ့ အခါတောင်မှ ကိုယ့်ဝေဒနာကို ထုတ်ဖော်ပြလို့မရတာမျိုးဟာ လူသားတစ်ဦးအနေနဲ့ ကြည့်မယ်ဆိုရင် ဝမ်းနည်းဖို့တောင်ကောင်းပါတယ်။ မျက်ရည်တွေဟာ ခံစားချက်တွေရဲ့ ပြည့်နှက်တဲ့အခါမှာ သက်သာစေတဲ့ ဆေးတစ်ခွက်ဖြစ်တယ်ဆိုပေမယ့် အမျိုးသားတစ်ဦးဟာ ဒီဆေးခွက်ကို မှီဝဲဖို့အတွက်ကို အမျိုးသားဆန်တဲ့ စိတ်တွေကပဲ ပိတ်ပင်ထားပါတယ်။ ကျွန်တော်တို့ အမျိုးသားတွေဟာ မျက်ရည်ကျခွင့်မရှိပါဘူး။
နောက်တစ်ခု မြင်သာအောင် ပြောရရင် ပတ်ဝန်းကျင်မှာတင်မဟုတ်ပဲ မိသားစုအတွင်းမှာကို အမျိုးသားဖြစ်လာရတာဟာ အရာရာတိုင်းကို ဦးဆောင်ရမယ်။ တာဝန်ယူရမယ်။ အမျိုးသမီးတွေထက် ပိုပြီး ကြံခိုင်ရမယ်။ ပိုပြီး လုပ်နိုင်ကိုင်နိုင်ရမယ်ဆိုတဲ့ အတွေးအခေါ်မျိုးပါပဲ။ အမျိုးသားတွေဟာလည်း အမျိုးသမီးတွေ လိုပဲ ခံစားချက်တွေရှိပါတယ်။ အမျိုးသားတိုင်းဟာ မွေးကတည်းက အရာရာကို အောင်နိုင်သူအဖြစ်မွေးဖွားလာတာမဟုတ်ပါဘူး။ လူသားတစ်ယောက်အဖြစ်သာမွေးဖွားလာခြင်းဖြစ်ပါတယ်။ အမျိုးသားတစ်ဦးက ဦးဆောင်သူ လုပ်ချင်မှလုပ်မယ်။ သူဟာ နောက်ကွယ်မှာပဲ နေချင်နေလိမ့်မယ်။ ကျားကျား ဖျတ်ဖျတ်လတ်လတ် နဲ့ အရာရာကို လုပ်ဆောင်ချင်မှ လုပ်ဆောင်လိမ့်မယ်။ သူဟာ သက်တောင့်သက်သာနဲ့ နေတဲ့ အခြေအနေမျိုးကို လိုချင်ကောင်းလိုချင်လိမ့်မယ်။ သူ့ရဲ့ ကိုယ်ပိုင်ရွေးခြယ်မှုနဲ့ သူရွေးခြယ်ပါလိမ့်မယ်။ ဒါပေမယ့် အမျိုးသားဆန်တဲ့ စံနှုန်းတွေပါလာတဲ့အခါမှာတော့ ကိုယ့်ရွေးခြယ်မှုတွေဟာ မစစ်မှန်နိုင်တော့ပါဘူး။ ကျွန်တော်တို့ အမျိုးသားတွေဟာ ဦးဆောင်သူပဲဖြစ်ရပါမယ်။ ပျော့ညံ့နေလို့မရပါဘူး။
ခေတ်အဆက်ဆက် အမျိုးသမီးတွေရဲ့ ဖိနှိမ်ခံထားရမှုတွေ နဲ့ နှိုင်းယှဉ်လိုက်တဲ့အခါမှာ ကျွန်တော်တို့ အမျိုးသားတွေဟာ အလိုလိုနေရင်း အခွင့်အရေးတွေရသလိုဖြစ်နေတတ်ကြပါတယ်။ တစ်ဦးချင်းစီကို သေချာမေးကြည့်ပါ။ အခုလို စံနှုန်းတွေ ၊ သတ်မှတ်ချက်တွေကြားမှာ ကြီးပြင်းလာတဲ့ အမျိုးသားတွေ အနေနဲ့ တကယ်ကော ကိုယ့်ရဲ့ စစ်မှန်တဲ့ ရွေးခြယ်မှုတွေနဲ့ ကြီးပြင်းလာခဲ့ရတာလား။ အခုချိန်ထိကော တကယ် ကိုယ်လိုချင်တဲ့ ဘဝမှာရှိနေကြရဲ့လားဆိုတာပါပဲ။ တစ်ကြိမ်တစ်ခါမက နေ့စဉ်ဘဝ နေ့တိုင်းမှာ ကျွန်တော်တို့တွေကို မဟာအမျိုးသားဆန်အောင် ဒီ စနစ်ကြီးတစ်ခု ကအချိန်တိုင်းနှိုးဆော်နေပါတယ်။
အမျိုးသား ၊ အမျိုးသမီး အစရှိတာတွေကို ခဏဖယ်ရှားထားပြီး တွေးကြည့်ကြရအောင်ပါ။ လူတစ်ယောက် ငိုတာ အပြစ်ရှိပါသလား။ လူတစ်ယောက် ပျော့ညံ့တာ အပြစ်ရှိပါသလား။ လူတစ်ယောက် ပန်းကြိုက်တာ အပြစ်ရှိပါသလား။ လူတစ်ယောက် နူးညံ့တဲ့ အရောင်လေးတွေကို ကြိုက်နှစ်သက်တာ အပြစ်ရှိပါသလား။ လူတစ်ယောက် ဟာ အခြားသူတစ်ယောက်လိုမျိုး အရည်အချင်းတွေ ပိုင်ဆိုင်နိုင်မှု မရှိတာဟာ အပြစ်ရှိပါသလား။ လူသားတစ်ယောက်အနေနဲ့ စဉ်းစားကြည့်ရင်ဒီအဖြေတွေကို သေချာတွေးခေါ်ကြည့်နိုင်ပါလိမ့်မယ်။ မှန်ပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက်စာရင် ပိုမိုပြင်းထန်တဲ့ ဖိနှိမ်မှုတွေကို ခေတ်အဆက်ဆက်တင်မဟုတ်ပဲ ယခုထက်ထိတိုင်အောင် ခံစားနေကြရတာပါပဲ။ ဒါပေမယ့် အမျိုးသားတွေဟာ အမြဲတမ်း အသာစီးရနေတာမဟုတ်ဘူးဆိုတာကိုလည်း ကိုယ့်ဘာသာ သတိပြုမိစေချင်ပါတယ်။ အမျိုးသားတွေဟာလည်း ဒီစနစ်ကြီးတစ်ခုရဲ့ သားကောင်ပါပဲ။
အမျိုးသား ၊ အမျိုးသမီး မဆိုနဲ့ လူသားတစ်ယောက်ရဲ့ အခြေခံ အခွင့်အရေးတွေကိုတောင်မှ ပြည့်ပြည့်ဝဝ ခံစားခွင့်မပေးနိုင်တဲ့ ဒီစနစ်ကြီးဟာ ရေရှည်မှာ ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ အကျိုးရလဒ်တွေ ရနိုင်မှာလားဆိုတာကြီးက မေးခွန်းထုတ်စရာတစ်ခုဖြစ်လာပါတယ်။ တစ်ချို့ကိစ္စတွေမှာ အမျိုးသားတွေပဲ လုပ်နိုင်တဲ့ ကိစ္စတွေပဲရှိတယ်ဆိုတဲ့ အခြေအနေတွေဟာ ဒီနေ့ခေတ်မှာ တစ်ဖြည်းဖြည်းနည်းပါးလာပါပြီ။ အမျိုးသမီးတွေမှာလည်း အမျိုးသားများနည်းတူ အရည်အချင်းတွေ ၊ စွမ်းဆောင်ရည်တွေ ရှိပါတယ်။ ဒါ့ကြောင့်မို့လို့ အမျိုးသားတိုင်းဟာ အမြဲတမ်း ဦးဆောင်သူ ၊ ကြံ့ခိုင်သူ ဖြစ်နေစရာမလိုတော့ပါဘူး။ အများကြီး တွေးနေစရာတောင်မလိုပါဘူး။ ကိုယ့်ရဲ့ ဖြတ်သန်းခဲ့ရတဲ့ ဘဝကြီးနဲ့ စဉ်းစားကြည့်ရင်ကို အဖြေဟာ ကိုယ့်အရှေ့မှာပဲ ရှိနေတတ်ပါတယ်။ အခြေခံကျတဲ့ လူသားအခွင့်အရေးတွေကို တောင် ဖိနှိမ်နေတဲ့ ဒီစနစ်ကြီးကို ပိုမိုကောင်းမွန်တဲ့ အနာဂတ်အတွက် ကျွန်တော်တို့ တစ်ဦးတစ်ယောက်ချင်းစီမှာ ပြင်ကြဖို့ တာဝန်ရှိတယ်လို့ပဲ ပြောချင်ပါတော့တယ်။ အဆုံးထိ ဖတ်ရှု့ပေးခဲ့တဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျ။
Ads: ( ဗဟုသုတကော်နာမှ လူငယ်များအတွက် ထိရောက်ပြီးအကျိုးရှိစေမည့် သုတ၊ရသစုံဆောင်းပါးတိုများအား ရေးသားတင်ဆက်ပေးလျက်ရှိပါတယ်။ သင်ယူရရှိလိုက်သည့် ဗဟုသုတများကို လက်တွေ့အသုံးချမှသာလျင် မိမိတို့ဘ၀အတွက် အကျိုးဖြစ်ထွန်းစေမှာဖြစ်တယ်။ ထိုအတွက်အကြောင့် စာဖတ်သူပရိသတ်များအာလုံး ဗဟုသုတမှသည် လက်တွေ့သို့ အကောင်အထည်ဖော်နိုင်ကြပြီး လိုရာပန်းတိုင်ကို တက်လှမ်းနိုင်ကြပါစေ။ ဆက်လက်ပြီး ဗဟုသုတကော်နာသို့ ကြော်ငြာကိစ္စနဲ့ ပတ်သက်ပြီး တစုံတရာ ဆက်သွယ်လိုပါကလည်း အောက်ပါလိပ်စာသို့ မေးမြန်းစုံစမ်းနိုင်ပါတယ်- [email protected])
-Bahuthuta Corner