မိမိကိုယ်ကို လက်ခံခြင်းဆိုတာဟာ ကိုယ့်ဘဝဟာ တခြားသူတွေနဲ့ ထပ်တူမကျပဲ ကိုယ့်မှာ မတူညီတဲ့ စိန်ခေါ်မှုတွေ ၊ လျှောက်လှမ်းတွေ ရှိတယ်ဆိုတာကို သိရှိပြီးတော့ ငါဟာ ဘယ်သူနဲ့မှ တူဖို့မလိုပဲ ငါဖြစ်နေဖို့ပဲ လိုတာပါ ဆိုတဲ့ အတွေးအခေါ်မျိုးပါပဲ။ အပေါ်ယံကြည့်ရင် ရှင်းလင်းပေမယ့် တကယ်တမ်းမှာတော့ ရှုပ်ထွေးပါတယ်။ ဆိုပါစို့ – ကိုယ်ဟာ လုပ်ငန်းခွင်မှာ အပြိုင်ဆိုင် ကြိုးစားရမယ့် အချိန်တစ်ခုမှာ တစ်ဖက်အသင်းက အသည်းအသန်ကြိုးစားနေပေမယ့် ငါကတော့ ကြိုးစားဖို့မလိုပါဘူး ငါ့ဘဝနဲ့ ငါပါပဲ သူနဲ့ တူမှမတူတာဆိုပြီး အလွယ်တကူ လက်လျော့ဖို့ အတွက် ဆင်ခြေတစ်ခု အနေနဲ့ သုံးလိုက်တာဟာ မိမိကိုယ်ကို လက်ခံတာမျိုးမဟုတ်ပါဘူး။ မိမိ ကိုယ်ကို လက်ခံခြင်းဆိုတာဟာ ကိုယ့်ဘဝမှာ ကြုံတွေ့ရတဲ့ ကောင်းခြင်း ၊ ဆိုးခြင်းတွေ ၊ ကိုယ့်ရဲ့ ပိုင်ဆိုင်မှုတွေဟာ ကိုယ်ရဲ့ ထိန်းချူပ်မှု ကိုယ့်ရဲ့ စွမ်းဆောင်ရည်မှာပဲ မူတည်တယ် တခြားသူတွေရဲ့ လွှမ်းမိုးမှုမပါဘူးဆိုတာကို ကွဲကွဲပြားပြားသိမြင်သွားခြင်းပါပဲ။ ဒါကြောင့်မို့ မိမိကိုယ်ကို လက်ခံခြင်းဟာ နည်းလမ်းမမှန်ခဲ့ရင်တော့ ကိုယ်ပဲထိခိုက်စေနိုင်တဲ့ ဆင်ခြေတွေဖြစ်သွားနိုင်ပါတယ်။
မိမိကိုယ်ကို လက်ခံတဲ့အခါ…
ဟုတ်ပြီ။ ကိုယ်ကတော့ ငါ့ ဘယ်သူဘယ်ဝါဆိုတာ လက်ခံနိုင်ပြီ။ လက်ခံတော့မယ်။ ဒါတွေလုပ်လို့ ငါဘယ်လိုမျိုး အကျိုးရှိနိုင်သလဲဆိုတာဟာ တကယ်တမ်းမှာ ကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်။ လူတစ်ဦးနဲ့ တစ်ဦး ကိုယ်ရည်ကိုယ်သွေးမတူတာတွေကြောင့် ရလာတဲ့ အကျိုးဆက်တွေဟာ ကွဲပြားခြားနားသွားနိုင်ပါတယ်။ ကိုယ်ဟာ နဂိုကတည်းက ပြိုင်ဆိုင်လိုစိတ်များတဲ့ အရည်အသွေးမျိုးနဲ့ သူတစ်ဦးဆိုရင် ငါဟာ အရမ်းပြိုင်ဆိုင်လိုတယ်။ ဒါပေမယ့် အရင်က ငါ့ကို ဒါလုပ်ရင် သူများတွေကများ ဘယ်လိုသတ်မှတ်မလဲ။ သူတို့က ဘယ်လိုလုပ်တာ။ တခြားသူတွေက ဒီနည်းလုပ်ကြတာ အစရှိတာတွေနဲ့ တွေဝေပြီးတော့ အချိန်ကုန်ရမယ့်အစား ငါဟာ ဘာကိုလုပ်သင့်တယ်။ ဘယ်နည်းဟာ ငါနဲ့ ပိုအဆင်ပြေနိုင်တယ်။ ငါဟာ ဘယ်လိုဖြစ်ရမလဲ။ အစရှိတဲ့ စဉ်းစားတွေးခေါ်မှုတွေအပြင် ကိုယ့်အကြောင်းကို ပိုမိုသိရှိလာနိုင်တဲ့ အခွင့်အရေးတွေ ရရှိလာနိုင်ပါတယ်။ ကိုယ်ဟာ အေးချမ်းမှုကို လိုလားတဲ့သူတစ်ဦးဆိုရင်တော့ တခြားပတ်ဝန်းကျင်က ပူလောင်မှုတွေ ၊ ဆင့်ကဲလာတဲ့ စိတ်ဒုက္ခတွေကို ယခင်ကလို တွေးပြီး ပူလာနေတော့မှာမဟုတ်ပဲနဲ့ မိမိကိုယ်ကို အာရုံစိုက်ပြီး မလိုလားအပ်တဲ့အရာတွေကို ရှင်းထုတ်လာနိုင်ပါလိမ့်မယ်။ ဒါ့အပြင် ပတ်ဝန်းကျင်ဟာသတ်မှတ်ထားတဲ့ လူမှုစံနှုန်းတွေဟာ တကယ်တမ်းတော့ ကိုယ်ထင်ခဲ့သလောက် အရေးကြီးတာမျိုးမဟုတ်တာကို သတိထားမိလာပါလိမ့်မယ်။
သိသာထင်ရှားတဲ့ သာဓကများ
ကိုယ့်ကိုယ်ကို လက်ခံခြင်းအကြောင်းဟာ ပြင်ပလောကမှာ တကူးတကလိုက်ရှာနေဖို့မလိုပဲနဲ့ ဒီအကြောင်းအရာကိုပဲ အများအပြား ဖော်ကျူးထားတဲ့ ရုပ်ရှင်တွေ ၊ ဇာတ်လမ်းတွေ အများအပြားရှိနေပါတယ်။ အထူးသဖြင့် Frozen ၊ Soul အစရှိတဲ့ ကမ္ဘာကျော် animation studio က ထုတ်ထားတဲ့ animation တွေဟာ မိမိကိုယ်ကို လက်ခံနိုင်ခြင်းအကြောင်းကို အဓိက ဖော်ကျူးထားတာကို ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။ Frozen မှာဆိုရင် Elsa ဟာ ကိုယ်ဘယ်သူဆိုတာကို ငယ်ဘဝတစ်လျှောက်လုံး ချူပ်တည်း ထိန်းချူပ်ခဲ့ရပြီးတော့ နောက်ပိုင်းမှာတော့ ငါ့ကို ဖိနှိပ်ထားတာတွေကို လွှတ်ချလိုက်တော့မယ်ဆိုပြီး Let it go ဆိုတဲ့ သီချင်းလေးနဲ့ ထင်ရှားသလိုပဲ Soul မှာလည်း ဇာတ်လမ်းတစ်လျှောက်လုံးမှာ အမျိုးမျိုးကြုံတွေ့ခဲ့ရပြီး နောက်ပိုင်းမှာတော့ ဇာတ်သိမ်းပိုင်းလေးအနားမှာ လူပြန်ဝင်စားဖို့ ကြောက်ပြီး လမ်းပျောက်နေတဲ့ ဝိဉာဏ်လေးတစ်ခုကို သေချာနားလည်အောင်ရှင်းပြကာ ကိုယ့်မှာရှိတာကို မြင်အောင်ကြည့်ပြီး လက်ခံရှင်သန်နိုင်ဖို့ အကြောင်းလေးကို ဖော်ကြူးထားပါတယ်။ ဒီဇာတ်လမ်းလေး ၂ခု ဟာ ကြည့်သင့်တဲ့ animation လေး တွေထဲမှာပါဝင်ပါတယ်။
နိဂုံးချူပ်
တကယ်တမ်းလက်တွေ့ဘဝတွေမှာ စိန်ခေါ်မှုတွေ ၊ ပတ်ဝန်းကျင်လွှမ်းမိုးမှုတွေဟာ အမျိုးမျိုးကြုံတွေ့နေရဦးမှာပါပဲ။ ဒါပေမယ့် ကိုယ့်အပေါ်မှာ တခြားသူတွေရဲ့ လွှမ်းမိုးမှုတွေ ၊ တခြားသူတွေ ထင်မြင်ယူဆချက်တွေကို အလွန်အမင်း စိုးရိမ်ပူပန်နေရပြီဆိုရင်တော့ ကိုယ်ဟာ ထင်သလောက်ရှေ့မရောက်နိုင်တော့သလို ကိုယ့်ဘဝမှာ ကိုယ်နေထိုင်ရတာကိုလည်း မပျော်နိုင်တော့ပါဘူး။ တကယ်တမ်း လက်တွေ့ကျကျစဉ်းစားကြည့်ရင် ကိုယ့်ဘဝရဲ့ ရွေးခြယ်မှုတွေဟာ ကိုယ်ပဲ လုပ်ဆောင်ရတာ ဖြစ်တယ်။ ပတ်ဝန်းကျင်ဟာ ကိုယ့်ကို မြင်ရတဲ့ မိနစ်ပိုင်းစာ စက္ကန့်ပိုင်းစာပဲ သိနိုင်တာပါ။ ကိုယ့်ဘာသာ စိန်ခေါ်မှုတွေ ရင်ဆိုင်ရတယ်။ ဒီခရီးကို ဖြတ်သန်းခဲ့ရတယ်။ ကိုယ့်ဘဝအကြောင်းကိုယ်အသိဆုံးမို့ ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့ အချက်အလက်တွေကြောင့် စိတ်အပင်ပန်းအဖိဆီးမခံတော့ပဲနဲ့ ကိုယ့်ဘဝ ကိုယ်လက်ခံမှုကို ရွေးခြယ်ပြီး ဘဝကို ပျော်ရွှင်အောင်နေထိုင်ကြပါလို့ အကြံပြုရင်း ဒီနေ့အတွက် နှုတ်ဆက်လိုက်ပါတယ်။ အဆုံးထိ ဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်။
-Bahuthuta Corner