Bahuthuta Corner.com

ရိုးရှင်းပေမယ့် အစွမ်းထက်တဲ့ ဓာတ်ဆား( သို့ ) Oral Rehydration Salts

တစ်ခါတစ်ရံမှာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မြင်နေတွေ့နေရတဲ့အရာတွေရဲ့ အရေးပါမှုကို ကျွန်တော်တို့က သတိမပြုမိတတ်ကြပါဘူး။ အချို့အရာတွေဟာ သေးငယ်ပေမယ့် တကယ်တမ်းအရေးကြုံလာတဲ့အခါ အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်ပြီးတော့ စွမ်းဆောင်နိုင်တဲ့ အရာတွေအများကြီးရှိပါတယ်။ ကျွန်တော်တို့ သိထားကြတဲ့ ဓာတ်ဆားရည်ဆိုတာဟာလည်း အဆိုပါ အရာတွေထဲက တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဗဟုသုတကနေပြီး ဓာတ်ဆားရည်ဟာ ဘယ်လိုမျိုးအရေးကြီးတဲ့ အခန်းကဏ္ဍတွေရှိသလဲ ၊ ဘယ်လိုမျိုးစွမ်းဆောင်ရည်တွေ ရှိသလဲဆိုတာကို အားလုံးအတွက် အတူတကွမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။ 

ဓာတ်ဆား (သို့) Rehydration Salts

ကျွန်တော်တို့ အလွယ်ခေါ်ကြတဲ့ ဓာတ်ဆားရည်ဟာ Oral Rehydration Salts လို့ ခေါ်တွင်ပါတယ်။ ဓာတ်ဆားရည်ဟာ ခန္ဓာကိုယ်ရေဓာတ်တွေ ကုန်ခမ်းသွားတဲ့အခါ သောက်သုံးရတဲ့ အရာတစ်ခုဖြစ်ပြီး ဘယ်နေရာမှာမဆို အလွယ်တကူ ဈေးသက်သက်သာသာရဲ့ ဝယ်ယူရရှိနိုင်ပါတယ်။ ဓာတ်ဆားဟာ ဈေးနည်း ၊ သောက်သုံးရလွယ်ကူပြီး အလွယ်တကူဝယ်လို့ရတဲ့အထိ ရိုးရှင်းပေမယ့် သူ့ရဲ့ စွမ်းဆောင်နိုင်စွမ်းဟာ ရိုးရှင်းမှုထက် သာလွန်တဲ့ အကျိုးအာနိသင်တွေ ပေးစွမ်းနိုင်ပါတယ်။ ရေဓာတ်ခမ်းခြောက်မှုတွေကနေစပြီး အသက်အန္တရာယ်ဖြစ်စေနိုင်တာတွေကို ကာကွယ်ကုသနိုင်တဲ့အထိကို အကျိုးအာနိသင်တွေပေးစွမ်းပေးပါတယ်။ 

ဓာတ်ဆား (သို့) Oral Rehydration Salts ဆိုတာဘာလဲ။ 

ဓာတ်ဆားဟာ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အာဟာရတွေကို စုပေါင်းထားတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ အမှုန့်ကလေးတွေ အဖြစ်သော်လည်းကောင်း ၊ တစ်ခါတစ်လေမှာ အရည်အဖြစ်သော်လည်း ၊ တစ်ခါတစ်လေမှာ အခဲအဖြစ်သော်လည်းကောင်း ထုတ်လုပ်ပေါ်မူတည်ပြီး အမျိုးမျိုးရှိပါတယ်။ ဓာတ်ဆားမှာ များသောအားဖြင့် sodium / potassium / chloride / glucose တို့ ပါဝင်ကြပြီး အဆိုပါအာဟာရဓာတ်တွေဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရတွေဆိုလည်းမမှားပါဘူးနော်။ 

ဓာတ်ဆားမှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေရဲ့ အခန်းကဏ္ဍများ 

ကျွန်တော်တို့ရဲ့ ဓာတ်ဆားမှာပါဝင်အာဟာရတွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍအသီသီးမှာပါဝင်ကြပါတယ်။ ဆိုရသော် 

Sodium – Sodium ဟာဆိုရင် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်ပြီး ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အရည်တွေကို ထိန်းညှိပေးပါတယ်။ ဒါ့အပြင် အာရုံကြောတွေ ၊ ကြွက်သားတွေကိုလည်း ကူညီထောက်ပံ့ပေးနိုင်ပြီး ကြွက်သားတွေ ကျုံ့နိုင် ၊ ဆန့် နိုင်အောင် လုပ်ဆောင်ပေးဖို့လည်း အကူအညီပေးပါတယ်။ 

Potassium – Potassium ဟာဆိုလည်းရလည်း အရေးကြီးတဲ့ အခန်းကဏ္ဍတွေမှာပါဝင်နေပါတယ်။ Sodium နည်းတူ ကိုယ်တွင်းအရည်တွေကို ထိန်းညှိပေးတဲ့ ၊ ကြွက်သားတွေ ကျုံ့နိုင် ဆန့်နိုင်အောင် ကူညီပေးတဲ့အပြင် နှလုံးကို ပုံမှန်အတိုင်း လုပ်ဆောင်စေနိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။ 

Chloride – Chloride ဟာ အစာချေဖျက်ခြင်းအတွက် အထောက်အကူပြုပါတယ်။ ဒါ့အပြင် အစာချေဖျက်ရာမှာ လိုအပ်တဲ့ အက်ဆစ်တွေ ၊ အစာချေရည်တွေကို ထုတ်လုပ်တဲ့နေရာမှာ အဓိက ပါဝင်လုပ်ဆောင်ပါတယ်။ 

Glucose – Glucose ဟာ လူသိများကြတဲ့ အလျောက် သူ့ရဲ့ပါဝင်မှု ကဏ္ဍကလည်းအရေးပါပါတယ်။ Glucose ကို ခန္ဓာကိုယ်အတွက် အဓိက လိုအပ်တဲ့ စွမ်းအင်နေရာမှာ အသုံးပြုပါတယ်။ ဒါ့အပြင် Glucose ပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်းရှိ အူတွေဟာ Sodium အပါအဝင် ၊ ရေ နဲ့ အခြား ဓာတ်တွေကို စုပ်ယူနိုင်ခြင်းဖြစ်ပါတယ်။ 

ဓာတ်ဆားကိုဘယ်လို အသုံးပြုကြသလဲ။ 

ဓာတ်ဆားကို အသုံးပြုပုံဟာ အင်မတန်ရိုးရှင်းပြီး လွယ်ကူပါတယ်။ သန့်စင်တဲ့ရေမှာ ပါဝင်ပစ္စည်းကို ဖောက်ထည့်ပြီး လွယ်လင့်တကူပဲ ဖျော်သောက်လိုက်လို့ရပါတယ်။ ဖျော်ထာပြီးသား ဓာတ်ဆားရည်ဟာ ၁၂ နာရီ နဲ့ ၂၄ နာရီအတွင်းမှာ ကုန်အောင်သောက်သုံးသင့်ပြီး ဒီ့ထက်အချိန်ကြာသွားတဲ့ ဓာတ်ဆားဖျော်ရည်ကို မသောက်သုံးသင့်တော့ပါဘူး။ 

နိဂုံးချုပ်ရသည်ရှိသော် ဓာတ်ဆားရည် (ခေါ်) Oral Rehydration Salts ဟာ အင်မတန်ကို ရိုးရှင်းပါတယ်။ ဝယ်ရလွယ်ကူတယ်။ ဈေးသက်သာတယ်။ အလွယ်တကူ ဖျော်သောက်လို့ရနိုင်တယ်။ ဒါပေသိ့ သူ့မှာပါဝင်တဲ့ ဓာတ်ပေါင်းစုတွေရဲ့လုပ်နိုင်စွမ်းအားဟာ ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် အင်မတန်ကို အရေးပါပါတယ်။ ရေဓာတ်ခမ်းခြောက်မှုတွေကနေ အစပြုပြီး ဖျားနာခြင်း ၊ အော့အန်ခြင်း ၊ မူးဝေခြင်းတွေသာမက အရေးကြီးတဲ့ အသက်အန္တာရာယ်ရှိတဲ့ အခြေအနေတွေမှာပါ အသုံးပြုရတဲ့ ဓာတ်ဆားဟာ ကျွန်တော်တို့ရဲ့ အိမ်တွေ ၊ အလုပ်ခွင်တွေထဲမှာ ဆောင်ထားသင့်တယ်လို့ အကြံပြု ၊ နှိုးဆော် ၊ တိုက်တွန်းရင်းနဲ့ပဲ ဒီကနေ့အတွက်တော့ အဆုံးသတ်လိုက်ပါစေ။ အဆုံးထိ ဖတ်ရှု့ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ 

  ဗဟုသုတကော်နာမှ လူငယ်များအတွက် ထိရောက်ပြီးအကျိုးရှိစေမည့် သုတ၊ရသစုံဆောင်းပါးတိုများအား ရေးသားတင်ဆက်ပေးလျက်ရှိပါတယ်။ သင်ယူရရှိလိုက်သည့် ဗဟုသုတများကို လက်တွေ့အသုံးချမှသာလျင် မိမိတို့ဘ၀အတွက် အကျိုးဖြစ်ထွန်းစေမှာဖြစ်တယ်။ ထိုအတွက်အကြောင့် စာဖတ်သူပရိသတ်များအာလုံး ဗဟုသုတမှသည် လက်တွေ့သို့ အကောင်အထည်ဖော်နိုင်ကြပြီး လိုရာပန်းတိုင်ကို တက်လှမ်းနိုင်ကြပါစေ။ ဆက်လက်ပြီး ဗဟုသုတကော်နာသို့ ကြော်ငြာကိစ္စနဲ့ ပတ်သက်ပြီး တစုံတရာ ဆက်သွယ်လိုပါကလည်း အောက်ပါလိပ်စာသို့ မေးမြန်းစုံစမ်းနိုင်ပါတယ်- [email protected]

-Bahuthuta Corner

Share:

More Posts

Send Us A Message