ကျွန်တော်တို့ ဘဝမှာ အမြဲတမ်း ပျော်စရာ ၊ စိတ်ခွန်အားဖြစ်ရာ ၊ သတင်းကောင်းတွေချည်း ရှိနေမှာမဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ ကျွန်တော်တို့ ဝမ်းနည်းပူဆွေးရမယ်။ စိတ်ပင်ပန်းရမယ်။ စိတ်ထိခိုက်ရမယ်။ အစရှိတဲ့ အခိုက်အတန့်တွေကို ရင်ဆိုင်ကြုံတွေ့ပြီး ဖြတ်သန်းရမှာပဲဖြစ်ပါတယ်။ ဒီလို ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ ဘယ်လိုမျိုး အကောင်းဆုံး ရင်ဆိုင်သွားရမလဲ ပြီးရင် ဘာဆက်လုပ်ကြရမလဲဆိုတာကို ဗဟုသုတကနေပြီးတော့ ဒီကနေ့မှာ ဝမ်းနည်းစိတ်ပျက်ဖွယ်ရာတွေနဲ့ ကြုံတွေ့ရတဲ့အခါဆိုပြီး ဝေမျှပေးသွားပါမယ်။
ဝမ်းနည်းစိတ်ပျက်ခံစားရတဲ့အခါ ခံစားချက်တွေကို လက်ခံပါ။
ကိုယ်ဝမ်းနည်းနေတယ်။ ကိုယ်အရမ်းစိတ်ပျက်မိတယ်။ စိတ်မကောင်းဖြစ်တယ်။ လက်ခံလိုက်ပါ။ ကိုယ့်ခံစားချက်တွေကို အခုချိန်မှာ တွန်းလှန်နေလို့ အကျိုးမရှိပါဘူး။ အခုချိန်မှာလည်း ကိုယ့်ကိုကိုယ် ဖိအားပေးနေလို့လည်း ဘာမှထူးခြားမလာပါဘူး။ ဒါ့ကြောင့်မို့ လက်ခံလိုက်ပါ။ ကိုယ့်ရဲ့ဝမ်းနည်းပူဆွေးမှုတွေ၊ စိတ်ပျက်စရာတွေကို ခံစားရတဲ့အတိုင်းလက်ခံလိုက်ပါ။
ကိုယ့်ရဲ့ခံစားချက်တွေအတွက် အချိန်ယူပါ။
ခံစားချက်တစ်ခုက အမြဲတမ်းရှိမနေပါဘူး။ အချိန်အတိုင်းအတာ တစ်ခုအထိဖြတ်သန်းသွားပြီးရင် မှေးမှိန်သွားတတ်တာ သဘာဝပါပဲ။ ကိုယ့်ရဲ့ ဝမ်းနည်းပူဆွေးမှုတွေဟာလည်း ဒီသဘောအတိုင်းပါပဲ။ သူဟာလည်း ခံစားချက်တစ်ခုပဲမို့ အခုချိန် ပူဆွေးဝမ်းနည်းပေမယ့် နောက်အချိန်အတိုင်းအတာ ရောက်တဲ့အချိန်မှာ အခုချိန်ဝမ်းနည်းသလောက် ခံစားချင်မှ ခံစားရတော့မှာပါ။ အလုံးစုံပျောက်ကင်းမသွားတောင်မှ မှေးမှိန်သွားမှာပါ။ သူ့အတွက် အချိန်တစ်ခုယူဖို့ပဲ လိုအပ်တာပါ။
ဝမ်းနည်းပူဆွေးမှုတွေကနေ ရုန်းထဖို့အတွက် ကြိုးစားပါ။
ကိုယ့်ရဲ့ ပူဆွေးဝမ်းနည်းနေတဲ့အချိန်မှာ လဲပြိုကျနေတာကအဆင်ပြေပါတယ်။ ကိုယ်ဟာ အခိုက်အတန့်တစ်ခုအထိ ပူဆွေးနေလို့ရပါတယ်။ ဒါပေမယ့် အချိန်အတိုင်းအတာ တစ်ခုအထိ ဖြတ်ကျော်လာပြီးရင်တော့ ကိုယ်ဟာ ပြန်လည်ရုန်းထပြီး ရှေ့ဆက်ဖို့ ကြိုးစားရမှာပါ။ ဘဝကြီးဟာ အမြဲတမ်းအရှေ့ကို သွားနေတာပါ။ ကိုယ်ဟာလည်း အရှေ့ကို သွားနေရမှာပါ။ အခိုက်အတန့်တစ်ခုတည်းမှာပဲ အမြဲတန်းပိတ်လှောင်နေပြီးတော့ ဝမ်းနည်းနေလို့မဖြစ်ပါဘူး။ ဝမ်းနည်းပူဆွေးမှုတွေကြားထဲကနေပြီးတော့ မဖြစ်မနေကို ရုန်းကန်ထပြီးတော့ အရှေ့ကို လျှောက်လှမ်းပါ။
တွန်းအားအဖြစ်အသုံးချပါ။ အာရုံပြောင်းပါ။
ကိုယ်ဟာ ကိုယ့်ဘဝထဲမှာ ပြန်လည်ပြီးတော့ လည်ပတ်ရတော့မယ့်အခါတွေမှာဆိုရင်တော့ ပူဆွေးဝမ်းနည်းမှုတွေ ၊ စိတ်ထိခိုက်စရာတွေကို ကိုယ့်ဘဝရဲ့ တွန်းကန်အားအဖြစ်ပြောင်းလဲအသုံးချပါ။ ထိခိုက်ဝမ်းနည်းနေမယ့်အစား ကိုယ့်ဘဝရှေ့ကိုရောက်စေမယ့် ခွန်အားအဖြစ်ပြောင်းလဲပြီးတော့ အသုံးချပါ။ ခွန်အားတွေ ကုန်ဆုံးခဲ့တာကို အကျိုးရှိအောင်ပြန်လည်အသုံးချပါ။ လွမ်းစရာရှိရင် နာစရာနဲ့ ဖြေဆိုတဲ့ စကားအတိုင်း ကိုယ့်ခံစားချက်တွေပူဆွေးလာတဲ့အခါတိုင်းမှာ ငါ့မှာ ဘာတွေလုပ်ရမယ် ဘာတွေဖြတ်သန်းရမယ်ဆိုတဲ့ လောင်စာတွေအဖြစ်ပြောင်းလဲပြီးတော့ အရှေ့ကိုဆက်မယ့် ခွန်အားတွေအဖြစ်ပြောင်းလဲ အသုံးချပါ။
ဝမ်းနည်းခံစားရမှာကို မကြောက်ပါနဲ့။
လူရယ်လို့ ဖြစ်လာရင် ဒီအရာတွေကို မဖြစ်မနေကြုံတွေ့ရမှာပါပဲ။ ကိုယ်ချစ်တဲ့သူတွေကို ဆုံးရှုံးရတယ် ၊ အလုပ်အကိုင်တွေဆုံးရှုံးရတယ် ၊ စိတ်ဓာတ်ကျစရာဖြစ်ရပ်တွေ ကြုံတွေ့ရမယ် ၊ အသဲတွေကွဲရမယ် ၊ စိတ်ဖိဆီးစရာနေ့ရက်တွေ ဖြတ်သန်းရမယ် အစရှိတာတွေကို ရှောင်လွှဲလို့မရပါဘူး။ တစ်ကွေ့မဟုတ် တစ်ကွေ့မှာတော့ ကြုံတွေ့ရမှာပါ။ မဖြစ်မနေ ကြုံတွေ့ရမယ့် အရာတွေကို မကြောက်ပါနဲ့။ အကောင်းဆုံးရင်ဆိုင်ဖြေရှင်းလိုက်ပါ။ ရှောင်ပြေးလို့လည်း မရမယ့် အတူတူ အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းလိုက်တာဟာ ဒီဖြစ်ရပ်တွေကို အမြန်ဆုံးဖြတ်ကျော်သွားနိုင်မယ့် နည်းလမ်းတစ်ခုပါပဲ။
ခံစားချက်တွေက ကျွန်တော်တို့ကို လူသားတွေဆိုပြီး ထူးခြားထင်ရှားစေတဲ့ အရာတွေပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဝမ်းနည်းတတ်တယ်။ ဝမ်းသာတတ်တယ်။ အစရှိတဲ့ ခံစားချက်တွေကြောင့်သာ လူသားတွေက ထူးခြားနေတဲ့ သတ္တဝါတစ်ခုဖြစ်နေတာပါ။ ဝမ်းနည်းစရာတွေနဲ့ ကြုံတွေ့ရတဲ့အခါ တွန့်ဆုတ်နေတာ ၊ ရှောင်ပြေးနေတာမျိုးဟာ ကိုယ့်ကို မလိုလားအပ်ပဲ အချိန်တွေပိုကုန်စေပြီးပိုမိုထိခိုက်စေပါတယ်။ ဒါ့ကြောင့်မို့လို့ ခံစားချက်တွေကို လက်ခံရင်ဆိုင်ပြီး ဖြေရှင်းလိုက်တာဟာ မြန်မြန်ကို အရှေ့ရောက်စေမှာပါ။ ကျွန်တော်တို့ ဖြတ်ကျော်သွားနိုင်တဲ့ တစ်နေ့မှာ ပြန်လှည့်ကြည့်တဲ့အခါ ဒီခံစားချက်တွေဟာ အမှတ်ရစရာတစ်ခုအဖြစ် ကျန်နေခဲ့မှာပါလို့ ပြောရင်းနဲ့ပဲ ဒီကနေ့မှာတော့ အဆုံးသတ်လိုက်ပါရစေ။ အဆုံးထိ ဖတ်ရှု့ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။
-Bahuthuta Corner