ကျွန်တော်တို့နေထိုင်ရာ ပတ်ဝန်းကျင်အကြောင်းကို လေ့လာကြတဲ့အခါမှာ ကျွန်တော်တို့ ကမ္ဘာမြေကြီး အကြောင်းကိုလည်း မေ့ထားလို့မရပြန်ပါဘူး။ သက်ရှိတွေ ၊ စွမ်းအင်တွေ ၊ ရာသီဥတုတွေ ၊ သမုဒ္ဒာတွေ ၊ မြေကြီးတွေ ၊ သတ္တုတွေ နဲ့ တည်ရှိနေတဲ့ ကမ္ဘာမြေကြီးဟာ အခုချိန်ထိ လေ့လာစရာတွေ မကုန်ဆုံးနိုင်သေးပါ။ ကမ္ဘာမြေကြီးဟာ သက်ရှိတွေကို ဘယ်လို ထောက်ပံ့နေသလဲ ၊ ဖြစ်လိုဖြစ်တည်လာသလဲ ၊ ဘယ်လိုမျိုး လည်ပတ်နေတာလဲ ဆိုတာဟာ စိတ်ဝင်စားဖို့ ကောင်းတဲ့ အရာတွေပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဗဟုသုတ ကနေပြီးတော့ ကမ္ဘာမြေကြီးရဲ့ အကြောင်း တစ်စိတ်တစ်ပိုင်းကို ဝေမျှပေးသွားပါမယ်။
ကမ္ဘာမြေကြီးရဲ့ အစ
ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာမြေကြီးဟာ နေရဲ့ တတိယမြောက်နေရာမှာ ရှိတဲ့ ဂြိုလ်တစ်ခုဖြစ်ပြီးတော့ ယခုအချိန်ထိ လေ့လာနိုင်သမျှ စကြာဝဋ္ဌာထဲမှာ သက်ရှိတို့နေထိုင်ရာဖြစ်တဲ့ တစ်ခုတည်းသော ဂြိုလ်ပဲဖြစ်ပါတယ်။ ကမ္ဘာမြေကြီးဟာ သက်ရှိတွေ အသက်ရှင်ရပ်တည်နိုင်တဲ့ အခြေခံကျတဲ့ လေ ၊ ရေ ၊ မြေ အစရှိတာတွေကို အပြင် သက်ရှိတွေ ကျက်စားနေထိုင်ဖို့အတွက် အမျိုးမျိုးသော ပတ်ဝန်းကျင်အခြေအနေတွေကိုလည်း ထောက်ပံ့ပေးထားနိုင်ပါတယ်။ ကမ္ဘာမြေကြီးရဲ့ ၇၀ ရာခိုင်နှုန်းကို ရေထုက ဖုံးလွှမ်းထားပြီးတော့ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကသာ ကုန်းမြေဖြစ်ပါတယ်။ ကမ္ဘာမြေကြီးရဲ့ သက်တမ်းဟာ ၄.၅၄၃ ဘီလီယံ ကြာမြင့်ပြီ ဖြစ်ပြီး နေနဲ့ ၁၄၉.၆ မီလီယံ ကီလိုမီတာကွာဝေးပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၄.၆ ဘီလီယံ အချိန်ကာလတုန်းက ကမ္ဘာမြေကြီးဟာ စကြာဝဋ္ဌာထဲမှာ ပြန့်ကျဲနေတဲ့ ဖုန်မှုန့်တွေ ဂတ်စ် ငွေ့တွေနဲ့ စတင်ဖွဲ့စည်းခဲ့ပြီး မရေမတွက်နိုင်လောက်အောင် တခြားသော ဂြိုလ်သိမ် တွေ ၊ ဖုန်မှုန့်တွေ ၊ ဂြိုလ်လေးတွေနဲ့ ပွတ်တိုက်မှုတွေဖြစ်ပြီးမှ တစ်ဖြည်းဖြည်း အရွယ်အစားကြီးမားလာပြီး ကျွန်တော်တို့ ယခုနေထိုင်ရာ ကမ္ဘာမြေကြီးအဖြစ် ပေါ်ပေါက်လာခဲ့ပါတယ်။
ကမ္ဘာမြေကြီးရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ
ကမ္ဘာမြေကြီးကို စတင်ဖွဲ့စည်းစဉ်က ဖုန်မှုန့်တွေ ၊ ဂတ်စ်တွေနဲ့ စတင်ခဲ့တယ်ဆိုပေမယ့် ဂြိုလ်တွေနဲ့ ပွတ်တိုက်မှုများလာတာ ၊ ဖုန်မှုန့်တွေ သိပ်သည်းလာတာ ၊ ဂတ်စ်တွေ များပြားလာတာနဲ့ အမျှ တစ်ဖြည်းဖြည်း သိပ်သည်းပြီး ကျစ်လစ်တဲ့ ပုံစံတစ်ခုရောက်ရှိလာပါတယ်။ ကမ္ဘာမြေကြီးရဲ့ဖွဲ့စည်းပုံကို အဓိက အားဖြင့် အပိုင်း ၄ ပိုင်း ခွဲခြားသတ်မှတ်နိုင်ပါတယ်။ အပေါ်ယံလွှာ ၊ အတွင်းလွှာ ၊ အပြင်ဘက်အူတိုင် နဲ့ အတွင်းအူတိုင်ဆိုပြီးပဲဖြစ်ပါတယ်။ မြေပြင်အလွှာတိုင်းမှာ ထူးခြားတဲ့ကိုယ်ပိုင်အသွင်အပြင်တွေ ၊ ပြောင်းလဲမှုတွေနဲ့ သက်ရှိတွေကို သက်ရောက်နိုင်စွမ်းတွေ ကိုယ်စီရှိကြပါတယ်။ တစ်ခုနဲ့ တစ်ခုဟာ ဆက်စပ်နေပြီးတော့ သက်ရောက်မှုတွေကိုယ်စီရှိကြပါတယ်။ ဥပမာ – အလယ်အူတိုင်က အပူချိန်ကြောင့် မြေလွှာတွေ ရွေ့လျားမှုဖြစ်တယ်။ မြေလွှာတွေ ရွေ့လျားမှုဖြစ်တာကြောင့် ငလျင်တွေဖြစ်ပေါ်တယ်။ ငလျင်တွေကြောင့်မို့ မီးတောင်ပေါက်ကွဲမှုတွေဖြစ်ပေါ်တယ်။ အစရှိတဲ့ တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတဲ့ ပြောင်းလဲမှုဟာ စဉ်ဆက်မပြတ်ဖြစ်ပေါ်နေပြီး ကမ္ဘာ့ကုန်းမြေသွင်ပြင်ဟာက ပြောင်းလဲမှုတွေ ဖြစ်ပေါ်လျှက်ရှိပါတယ်။
ကမ္ဘာမြေကြီးရဲ့ လည်ပတ်ပုံ
ကျွန်တော်တို့ ကမ္ဘာမြေကြီးဟာ ၂၃ ၂ ပိုင်း ၁ ပိုင်း ဒီဂရီတိမ်းစောင်းနေပြီးတော့ ကိုယ့်ဝင်ရိုးမှာပဲ ကိုယ်လည်ပတ်နေပါတယ်။ အရှေ့အရပ်ကို၁ နာရီကို မိုင် ၁၀၀၀ နီးပါးခန့် တစ်သတ်မှတ်တည်းအရှိန်နဲ့ စဉ်ဆက်မပြတ်လည်ပတ်နေပါတယ်။ ကမ္ဘာကြီး ပုံမှန်လည်ပတ်နေတာကြောင့် ကျွန်တော်တို့ တွေဟာ လေထု ရွေ့လျားမှုတွေဖြစ်ပေါ်တယ်။ ထိုကနေတစ်ဆင့် ရာသီဥတုတွေ ဖြစ်ပေါ်လာပါတယ်။ ဒါ့အပြင် နေ့ နဲ့ ည အချိန်တွေဟာလည်း ကမ္ဘာမြေကြီးရဲ့ လည့်ပတ်မှုကြောင့် ဖြစ်ပေါ်နေတာပါ။ အကယ်၍ ကမ္ဘာမြေကြီးလည်ပတ် မှုသာ အရှိန်တစ်သတ်မှတ်တည်းမရှိရင် ဒါမှမဟုတ် ရုတ်တရက် ရပ်တန့်သွားခဲ့ရင် ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိတွေ အကုန် အရှေ့အရပ်ကို ၁ နာရီ မိုင် ၁၀၀၀ ဝန်းကျင်အားနဲ့ ဝင်ဆောင့်မိပြီး အလုံးစုံ ပျက်သုဉ်းမှုတွေ ကြုံကြိုက်နိုင်ပါတယ်။
ကမ္ဘာမြေကြီးရဲ့ သက်ရှိတွေအပေါ်ကို သက်ရောက်ပုံ
ကမ္ဘာမြေကြီးဟာ ဖုန်မှုန့်တွေ ၊ ဂတ်စ်တွေ နဲ့ စတင်ပြီး ဖွဲ့စည်းခဲ့တာနဲ့အမျှ ဆင့်ကဲပြောင်းလာပြီး ခိုင်မာတဲ့ ဂြိုလ်တစ်ခုဖြစ်ပေါ်လာပါတယ်။ ထို့အပြင် အမြဲတမ်းလည်ပတ်နေခြင်းဟာလည်း သက်ရှိတွေ အတွက် ကြီးမားတဲ့ သက်ရောက်မှုကြီးတစ်ခုပါပဲ။ ဂတ်စ်တွေရှိတာကြောင့် ဓာတုနည်းအရ ဓာတ်ပြုပြီး ရေတွေ အခိုးအငွေ့တွေ ဖြစ်ပေါ်လာတယ်။ ထိုကနေတစ်ဆင့် ပြင်ပကနေဝင်ရောက်လာတဲ့ ဂြိုလ်သိမ်ဂြိုလ်မွှားလေးတွေကနေပါလာတဲ့ ပိုးမွှားလေးတွေကနေ တစ်ဆင့် ဆင့်ကဲပြောင်းလဲလာရင်း ကမ္ဘာဦးသတ္တဝါတွေပေါ်ပေါက်လာတယ်။ ဒါ့အပြင် အစဉ်အဆက် လည်ပတ်နေမှုကြောင့် ရာသီဥတုတွေဖြစ်ပေါ်လာပြီး အပူပိုင်းဒေသ ၊ အအေးပိုင်းဒေသ အစသဖြင့်ကွဲလွဲမှုတွေရှိလာတယ်။ အပင်တွေ ပေါက်လာတယ်။ သက်ရှိတွေ နေထိုင်ဖို့ သင့်တော်တဲ့ နေရာဒေသတွေ တစ်ဖြည်းဖြည်းပေါ်ပေါက်လာတယ်။ ပင်လယ်ထဲက သက်ရှိမျိုးစိတ်ကလေးတွေကနေစတင်ပြီး ဆင့်ကဲပြောင်းလဲလာရာကနေ ကုန်းနေရေနေသတ္တဝါတွေ ၊ ကုန်းနေသတ္တဝါတွေ အစရှိသဖြင့်ပေါ်ပေါက်လာပါတယ်။
ဒီကနေ့မှာတော့ ကမ္ဘာမြေကြီးရဲ့ အကြောင်းအရာ တစ်စိတ်တစ်ပိုင်းကို မျှဝေပေးသွားပါတယ်။ ကမ္ဘာမြေကြီးအကြောင်းတွေကို တစ်ခုချင်းစီသေသေချာချာချရေးရင် ကုန်နိုင်မှာကိုမဟုတ်ပါဘူး။ ဒါပေမယ့် အခုလို သိသင့်တဲ့အကြောင်းအရာလေးတွေကို အပတ်စဉ်ဝေမျှပေးသွားမှာမို့ အမြဲတမ်းဆက်လက်ဖတ်ရှု့ကြဖို့ တိုက်တွန်းနှိုးဆော်ချင်ပါတယ်။ ဒီကနေ့အတွက် ဒီမှာပဲ အဆုံးသတ်ပါရစေ။ အဆုံးထိ ဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျ။
-Bahuthuta Corner