Down Syndrome ဆိုပြီး ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ကြားဖူးကြမှာပါ။ ရံဖန်ရံခါမှာ Down Syndrome ခံစားရတဲ့သူတွေနဲ့လည်း ကြုံတွေ့ဆက်ဆံရဖူးကြမှာပါ။ သိထားရမှာက Down Syndrome ဆိုတာဟာ ရောဂါဝေဒနာ ဆိုတာထက် ခန္ဓာကိုယ်မှာ လိုအပ်တာထက် ပိုမိုတဲ့အရာကို ခံစားရတဲ့ အခြေအနေ တစ်ခုဆိုတာက ပိုမှန်နိုင်ပါတယ်။ ဒါ့ကြောင့်မို့လို့ Down Syndrome ခံစားရတဲ့သူတွေဟာ ရောဂါခံစားရတဲ့သူတွေ မဟုတ်ပဲ သာမန်ထက်လွန်ကဲတဲ့ အခြေအနေကို ရောက်ရှိနေတဲ့ သူတွေလို့မှတ်ယူလို့ရနိုင်ပါတယ်။ ဒီကနေ့မှာတော့ Down Syndrome အကြောင်းနဲ့ ပတ်သတ်ပြီးတော့ သိထားရမယ့်အကြောင်းအရာလေးတွေကို ဝေမျှပေးသွားချင်ပါတယ်နော်။
Down Syndrome ဆိုတာဘာလဲ။
Down Sydrome ဆိုတာဟာ ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ရှိသင့်ရှိထိုက်တဲ့ Chromosomes ပမာဏထက် ပိုရှိတဲ့အခြေအနေမျိုးကို ခေါ်ဆိုတာပါ။ Chromosomes ဆိုတာဟာ ကိုယ်ဝန်ဆောင်စဉ် နဲ့ မွေးဖွားစဉ်မှာ ကလေးသူငယ်လေးတွေ ခန္ဓာကိုယ် ဘယ်လိုဖွဲ့စည်းမလဲ ၊ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဘယ်လို လုပ်ဆောင်မလဲဆိုတာကို ပိုင်းဖြတ်ပေးတဲ့ Genes အစုကလေးတစ်ခုပဲဖြစ်ပါတယ်။ Down Syndrome ခံစားရတဲ့ ကလေးသူငယ်တွေဟာ အဆိုပါ Chromosomes ဟာ လိုအပ်တဲ့ ပမာဏထက်တစ်စုံ ပိုရှိနေတတ်ပါတယ်။ ဒီလို လိုအပ်တာထက် ပိုရှိနေတာကြောင့် ကလေးသူငယ်ဟာ ကြီးပြင်းလာတဲ့အခါမှာ ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ရတတ်ကြပါတယ်။
သိသာထင်ရှားစေနိုင်တဲ့ Down Syndrome ရဲ့ လက္ခဏာတွေ။
Down Syndrome ကိုခံစားရတဲ့ ကလေးသူငယ်တွေဟာ ရုပ်ပိုင်းဆိုင်ရာမှာပါ သိသာထင်ရှားတဲ့ လက္ခဏာတွေ ထင်ရှားစွာ ပြသတတ်ကြပါတယ်။ အဆိုပါ လက္ခဏာတွေဟာ
သာမန်နဲ့ မတူပဲ မျက်နှာပြားတတ်ခြင်း
လည်ပင်းတိုတတ်ခြင်း
နားရွက်ကလေးများ သေးငယ်တတ်ခြင်း
လျှာအစိတ်အပိုင်းကလေး ပါးစပ်အပြင်ထွက်နေတတ်ခြင်း
မျက်လုံးမှာ အဖြူရောင်အစက်အပျောက်ကလေးတွေ ပါတတ်ခြင်း
ခြေ ၊ လက်များ သေးငယ်ခြင်း
လက်ချောင်း ၊ ခြေချောင်းကလေးများကွေးနေတတ်ခြင်း
ကြွက်သားများအားနည်းခြင်း ၊ အရိုးအဆစ်များ အားနည်းခြင်း
ရွယ်တူတွေထက်စာရင် ပိုမို ပုနေ ၊ ညှပ်နေတတ်ခြင်း အစရှိတာတွေပဲဖြစ်ပါတယ်။
Down Syndrome အမျိုးအစားများ။
Down Syndrome ဟာ အမျိုးအစားကွဲအားဖြင့် ၃ မျိုးရှိတတ်ကြပါတယ်။ ပထမ အမျိုးအစားဖြစ်တဲ့ Trisomy 21 ဟာ အဖြစ်အများဆုံးပဲဖြစ်ပါတယ်။ Down Syndrome ခံစားရသူရဲ့ ၉၅% လောက်ဟာ ဒီအမျိုးအစားဖြစ်ပြီး သူဟာ Chromosome ဟာ ပုံစံ ၂ စုံပဲရှိရမယ့် နေရာမှာ ၃ စုံ ရှိနေခြင်းကြောင့် ဖြစ်ပေါ်ခံစားရတာပဲဖြစ်ပါတယ်။ ဒုတိယ အမျိုးအစားဟာ Translocation Down Syndrome လို့ သိကြပြီး သူက ခံစားရသူရဲ့ ၃% မှာသာတွေ့နိုင်ပါတယ်။ Chromosome တွေဟာ ရှိသင့်ရှိထိုက်တဲ့ နေရာတွေ ၊ အတွဲတွေမှာမရှိပဲ နေရာအပြောင်းအလဲဖြစ်နေတာမျိုးတွေကြောင့် ဒီအခြေအနေကို ခံစားရနိုင်ပါတယ်။ တတိယအမျိုးအစား Mosaic Down Syndrome ဟာ ခံစားရသူတွေရဲ့ ၂% သာတွေ့နိုင်ပြီးတော့ အဆိုပါ Mosaic Down Syndrome ကို ခံစားရတဲ့သူတွေရဲ့ Chromosomes မှာ တစ်စုံမှာ တစ်ဖက်က အပြည့်အဝ ပါရှိပြီး တစ်ဖက်က လိုတာထက် ပိုတာ ၊ လိုတာ အစရှိတဲ့ အခြေအနေမျိုးတွေကြောင့် ဖြစ်ပေါ်စေနိုင်ပါတယ်။
Down Syndrome တွေကြောင့်ကြုံတွေ့နိုင်တဲ့ ကျန်းမာရေးအခြေအနေတွေ။
Down Syndrome ဟာ ရောဂါဝေဒနာတစ်ခု မဟုတ်သော်ငှားလည်း သာမန်မဟုတ်တဲ့ အခြေအနေတစ်ခုဖြစ်တာကြောင့် သတိထားသင့်တဲ့ ကျန်းမာရေးအခြေအနေလေးတွေရှိနိုင်ပါတယ်။
အကြားအာရုံ ချို့တဲ့တာ
အိပ်နေရင်း အသက်ရှု ရပ်ရပ်သွားတာ
နား နဲ့ ပတ်သတ်တဲ့ ဝေဒနာတွေခံစားရတာ
မျက်လုံးနဲ့ ပတ်သတ်တဲ့ ဝေဒနာတွေ ခံစားရတာ
မွေးဖွားတဲ့အခါ နှလုံးမဖွံဖြိုးတာ အစရှိတဲ့ ဝေဒနာတွေကို ကြုံတွေ့ရလေ့ရှိပါတယ်။
အကျဉ်းချုပ်
အကျဉ်းချူပ်ရတဲ့အခါမှာ Down Syndrome ဟာ ရောဂါဝေဒနာတစ်မျိုးမဟုတ်ပါဘူး။ သူဟာ ခန္ဓာကိုယ်မှာ လိုအပ်တာထက်ပိုမိုတဲ့ အခြေအနေတစ်ခုကြောင့် ကြုံတွေ့ရတဲ့ အခြေအနေမျိုးပဲဖြစ်ပါတယ်။ Down Syndrome ကနေ သာမန်အခြေအနေဖြစ်အောင် ကုသနိုင်တဲ့ နည်းလမ်းမရှိသေးပေမယ့် ဒီအခြေအနေမျိုးရှိတဲ့ ကလေးသူငယ်တွေကို ကြုံတွေ့ရတဲ့အခါ ဖေးမ ကူညီတာ ၊ ရုပ်ပိုင်းဆိုင်ရာ ကုသမှုခံယူတာ ၊ သာမန်ကလေးတွေထက် ပိုမို ဂရုစိုက်ပေးတာမျိုးတွေ လုပ်ပေးတဲ့အခါ သူတို့ဟာ သာမန်လူတွေလိုပဲ ဘဝကို ဖြတ်သန်းနေထိုင်နိုင်ပါတယ်။ အကယ်၍ ကိုယ့်ပတ်ဝန်းကျင်မှာ Down Syndrome ခံစားရတဲ့သူတွေရှိခဲ့ ၊ ကြုံတွေ့ခဲ့ရင် သူတို့ကို လှောင်ပြောင်တာ ၊ ရှောင်ကျဉ်တာတွေ လုပ်မယ့် အစား နားလည်ပေးပြီး လိုအပ်တဲ့ အကူအညီရှိခဲ့သော်ငှား ကူညီခဲ့ပါလို့တိုက်တွန်းလုံ့ဆော်ရင်း ဒီနေ့အတွက် နိဂုံးချူပ်လိုက်ပါတယ်။ အဆုံးထိ ဖတ်ရှု့ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။
-Bahuthuta Corner