Bahuthuta Corner.com

အပြစ်တင်တတ်တာ ကောင်းမွန်တဲ့ အကျင့်တစ်ခုလား 

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အပြစ်တင်ခြင်းတွေကို အနည်းနဲ့ အများတော့ ရင်းနှီးကြမှာပါ။ ကိုယ်တိုင်ကဖြစ်စေ ၊ ကိုယ့်ကို ဖြစ်စေ အပြစ်တင်တာဟာ တစ်နည်းမဟုတ်တစ်နည်း တစ်ကွေ့ကွေ့မှာကြုံဖူးကြမှာပါပဲ။ ဒါပေမယ့် တကယ်တမ်းမှာ အပြစ်တင်လိုက်တာကြောင့် ပြဿနာတွေ အဆင်ပြေသွားတယ်လို့ကော မြင်ဖူးတွေ့ဖူးကြပါသလား။ အပြစ်တင်ခြင်းဟာ တကယ်ပဲ နည်းမှန်လမ်းမှန် ဟုတ်ရဲ့လား။ အပြစ်တင်တာကြောင့် ဘယ်လိုတွေသက်ရောက်သွားနိုင်သလဲဆိုတာကိုကော တွေးမိကြဖူးပါသလား။ ဒီကနေ့မှာတော့ ဗဟုသုတကနေပြီးတော့ အပြစ်တင်တတ်တဲ့ အကျင့်ဟာ ကောင်းမွန်တဲ့ အကျင့်တစ်ခုလား ဒါမှမဟုတ် ပြုပြင်သင့်သလား ၊ ဘယ်လိုမျိုး ပိုမိုကောင်းမွန်အောင် နေထိုင်ရမလဲဆိုတာကို မျှဝေပေးသွားပါတယ်။ 

ကျွန်တော်တို့က အပြစ်တင်တတ်ကြပါတယ်။ လူမှန်းသိတတ်စ အရွယ်ကတည်းကနေစပြီးတော့ အသက်ကြီးပြီး အိုမင်းလာတဲ့ အထိ အပြစ်တင်ခြင်းကို ပြုလုပ်တတ်ကြပါတယ်။ အပြစ်တင်ခြင်းဟာ တကူးတက သင်ယူစရာမလိုပဲ တတ်မြောက်လာတဲ့ အကျင့်တစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင် ၊ မိသားစု ၊ အသိုင်းအဝိုင်းတွေကလည်း တစ်စိတ်တစ်ပိုင်းအနေနဲ့ သက်ရောက်မှုကြီးကြီးမားမားရှိပါတယ်။ အပြစ်တင်တတ်တဲ့သူတွေ ၊ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတဲ့ သူတစ်ယောက်အနေနဲ့ အပြစ်တင်လိုက်ခြင်းဟာ အရမ်းကို လွယ်ကူပြီးတော့ ကိစ္စတိုင်းကို အပြစ်တင်ဖို့ကိုပဲ အရင်စဉ်းစားပါတော့တယ်။ 

အရင်ဆုံး အပြစ်ဘာလို့တင်ကြသလဲဆိုတာကို စဉ်းစားကြည့်ရအောင်ပါ။ များသောအားဖြင့် အပြစ်တင်ခြင်းဟာ ကိုယ့်ကိုကို ကာကွယ်ဖို့ကို အခြေခံပါတယ်။ ပြဿနာတစ်ခု တက်တယ် ဒါမှမဟုတ် အဆင်မပြေတာတစ်ခုခုနဲ့ ကြုံတွေ့ရတဲ့အခါ ကိုယ့်ကို မထိခိုက်အောင် ၊ ကိုယ်က ဒါနဲ့ ပတ်သတ်ပြီးတော့ တာဝန်ယူတာ ၊ ဆက်နွယ်မှုတွေ မကြုံရအောင် ကြိုတင်ကာကွယ်လိုက်တဲ့သဘောပါပဲ။ အပြစ်တင်တာဟာ ကိုယ့်အပြစ်ကို ဖုံးဖိခြင်း ၊ တာဝန်မယူလိုခြင်းတို့အတွက် အရမ်းကို လွယ်ကူပြီးတော့ အားထုတ်စရာမလိုတဲ့ နည်းလမ်းတစ်ခုဖြစ်နေလို့ပါပဲ။ 

ကိုယ်ဟာ အပြစ်တင်တတ်တဲ့သူတစ်ယောက်ဖြစ်နေမယ်ဆိုရင် အမြဲတမ်းလိုလို စိတ်ထဲမှာ ငါ့မှာ အပြစ်မရှိဘူး။ သူ့ကြောင့်ဖြစ်တာ။ ဒါငါတာဝန်ယူဖို့မလိုဘူး။ သူလွဲချော်နေတာ စတာတွေကို အမြဲတမ်း တလွဲတွေးတတ်မိကြလိမ့်မယ်။ ပြဿနာရယ်လို့ ဖြစ်လာတာဟာ သူရော ကိုယ်ပါ ထိပ်တိုက်တွေ့တာ ဒါမှမဟုတ် ၂ ဦးစလုံး ဒါမှမဟုတ် ပြဿနာဖြစ်စေနိုင်တဲ့အရာမှာ အတူတူပါဝင်ကြမိလို့ဖြစ်ကြတာများပါတယ်။ လုပ်ငန်းခွင်မှာပဲဖြစ်စေ ၊ ကျောင်းမှာပဲဖြစ်စေ ၊ ပတ်ဝန်းကျင်မှာဖြစ်စေ ၊ သမီးရည်းစားတွေပဲဖြစ်စေ ပြဿနာတက်ကြပြီဆိုရင်တော့ တစ်ဦးတစ်ဦး တစ်ဖက်ဖက်ကနေလွဲချော်မှုကြောင့် ပြဿနာဖြစ်ပါတယ်။ ဒီကိစ္စတွေမှာ ကိုယ့်မှာ တကယ်ပဲ အပြစ်ကင်းစင်ရဲ့လား။ ကိုယ်ကကော စဉ်းလုံးချော လွတ်ကင်းရဲ့လားဆိုတာကို ကိုယ့်ဘာသာ အသိဆုံးပဲဖြစ်ပါလိမ့်မယ်။ 

အပြစ်တင်တတ်တဲ့သူတစ်ယောက်အနေနဲ့ ကိုယ့်ဘာသာ အမြဲတမ်းနီးပါး အပြစ်မရှိဘူူး။ အမှားမရှိဘူးလို့ စိတ်ထဲမှာတွေးနေမိတဲ့အတွက် တာဝန်ခံတာ ၊ တာဝန်ယူတာတွေကိုပါ နောက်ဆက်တွဲရှောင်ရှားတတ်ပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ အပြုအမူတွေဟာ မှန်ကန်တယ် ၊ ကိုယ်ဟာ ပြစ်ချက်မရှိတဲ့သူလို့ အမြဲတမ်းတွေးနေတာကြောင့် စိတ်မလုံခြုံတာတွေ ၊ သိမ်ငယ်စိတ်တွေ ဖြစ်လာတတ်ပါတယ်။ ဒီလို စိတ်မလုံခြုံတာတွေ ၊ သိမ်ငယ်စိတ်တွေများလာတဲ့အခါ ဖုံးဖိလိုတာများပြီး ပိုပြီးတော့ အပြစ်တင်လာတတ်ကြပါတယ်။ နောက်ပိုင်းမှာတော့ အရမ်းကို ဆိုးဝါးတဲ့အကျင့်တစ်ခုအနေနဲ့ စွဲကပ်ပြီး ဘဝတစ်လျှောက်လုံး စိတ်မလုံခြုံမှု ၊ သိမ်ငယ်မှုတွေနဲ့ နေသွားနိုင်ရတဲ့အပြင် ကိုယ့်မှာ ပြစ်ချက်မရှိဘူး ၊ အနာအဆာမရှိဘူးဆိုတဲ့ အတွေးတွေကြောင့် ကိုယ့်ဘာသာ ပိုပြီး တိုးတက်အောင်လုပ်နိုင်ဖို့ကို ပိုပြီး ခက်ခဲလာနိုင်ပါတယ်။ 

ပတ်ဝန်းကျင်ကို လေ့လာကြည့်တဲ့အခါမှာလည်း အပြစ်တင်တတ်တဲ့သူတွေအများအပြားကို တွေ့နိုင်ပါတယ်။ လွယ်လွယ်နဲ့ အပြစ်တင်တတ်တဲ့သူတွေ ၊ အမြဲတမ်း အပြစ်တင်တတ်တဲ့သူတွေကို လေ့လာဆန်းစစ်ကြည့်တဲ့အခါမှာ သူတို့ရဲ့ မိသားစုမှာဖြစ်စေ ၊ လုပ်ငန်းခွင်မှာဖြစ်စေ ၊ လူမှုဆက်ဆံရေးမှာဖြစ်စေ အားနည်းချက် တစ်ခုခုရှိတာကို ရှာတွေ့ပါလိမ့်မယ်။ ဒါမှမဟုတ် သူတို့ရဲ့ စိတ်ထဲမှာ သိမ်ငယ်စိတ် ၊ အားငယ်စိတ် ရှိနေတာမျိုးကိုလည်း တွေ့နိုင်ပါတယ်။ ဒီလိုလူမျိုးတွေနဲ့ ထိတွေ့ဆက်ဆံရတဲ့အခါမှာ တစ်ခုခုဆို အရင်အပြစ်တင်တာမျိုးတွေများပြားတာတဲ့အတွက်ကြောင့် ပြောဆိုဆက်ဆံရေးတွေဟာ စိတ်ပျက်ဖို့ကောင်းလှပါတယ်။ ကြုံရပါများလာတဲ့အခါမှာလည်း ဒီလူတွေနဲ့ တွေ့ဖို့ကို ရှောင်ရှားတတ်လာကြပါတယ်။ ဒါကြောင့်မို့ အပြစ်တင်တတ်တဲ့ အကျင့်ဟာ ပတ်ဝန်းကျင်ကို အဆိပ်အတောက်ဖြစ်စေပြီးတော့ အထီးကျန်ဖို့လမ်းစဆီကို တွန်းအားပေးတဲ့ အကျင့်တစ်ခုဖြစ်နေပါပဲ။ 

ကိုယ်တိုင်က အပြစ်တင်တတ်လား ၊ အပြစ်တင်တာတွေလုပ်ဖူးလား စဉ်းစားကြည့်ပါ။ ဒါမှမဟုတ် အပြစ်တင်ခံရဖူးလား ပြန်စဉ်းစားကြည့်ပါ။ ကိုယ်အမှားလုပ်မိလို့ စိတ်ညစ်နေတဲ့အခါမှာ အပြစ်တင်ခံရခြင်းဟာ အရမ်းကို ထိခိုက်ခံစားရတဲ့ ထိုးနှက်ချက်တစ်ခုပါပဲ။ ကိုယ့်အမှားကို ပြင်ဆင်ဖို့ စိတ်ဆန္ဒရှိပေမယ့် ပတ်ဝန်းကျင်က ဝိုင်းအပြစ်တင်တာ ၊ ကြီးကြီးမားမား အပြစ်တင်ခံရတာကြောင့် စိတ်ပိုင်းဆိုင်ရာ ပြိုလဲမှုတွေ ၊ အားငယ်မှုတွေ ၊ သိမ်ငယ်မှုတွေ ဖြစ်စေတာကို အပြစ်တင်ခံရတဲ့သူတိုင်း ခံစားဖူးမှာအသေအချာပါပဲ။ 

တကယ်တမ်း အောင်မြင်တဲ့သူတွေ ၊ ဦးဆောင်နိုင်တဲ့သူတွေ ၊ ထိပ်တန်းရောက်တဲ့သူတွေဟာ အပြစ်တင်တတ်တဲ့ အကျင့်မျိုးမရှိတာကို ထင်ထင်ရှားရှားလည်း တွေ့နိုင်ပါတယ်။ ထိုလူမျိုးတွေဟာ အပြစ်တင်မယ့်အစား အမှားကို လက်ခံတယ်။ နောက်ထပ်မမှားအောင် နည်းလမ်းကိုရှာဖွေပြီး မလိုအပ်ပဲ ခွန်အားတွေကို သုံးမပစ်တတ်ကြပါဘူး။ ဒါ့ကြောင့်မို့လို့ အပြစ်တင်ခြင်းဟာ ကိုယ့်ကို တိုးတက်စေဖို့ကို လွှတ်ချသင့်တဲ့ အကျင့်တစ်ခုဆိုတာက ပိုပြီး ပေါ်လွင်လာပါတယ်။ 

ကျွန်တော်တို့ဟာ အပြစ်တင်တတ်ကြပါတယ်။ ဒါပေမယ့် အကျိုးအကြောင်းကို မသိလို့ဖြစ်စေ ၊ အကျင့်ပါနေသည်ကြောင့်ဖြစ်စေ လွယ်လွယ်ကူကူ အပြစ်တင်တတ်ကြတာမို့ တကယ်တမ်း သေချာ သိလာတဲ့အခါမှာ အပြစ်တင်ခြင်းက မိမိ ပတ်ဝန်းကျင်ဆက်ဆံရေး ၊ လုပ်ငန်းခွင် ဆက်ဆံရေးကို ထိခိုက်တယ်ဆိုရုံမက ကိုယ့်ကိုပါ ထိခိုက်တဲ့ အကျင့်ဆိုးတစ်ခုဆိုတာကို သိလာတဲ့အခါမှာ ပြင်သင့်ပါတယ်။ ကိုယ်တိုင်လည်း အပြစ်တင်ခံရဖူးမှာမို့ အပြစ်တင်ခံရတဲ့အခါ ခံစားရတဲ့ ခံစားချက်တွေကို ကိုယ်ချင်းစာကြည့်ပါ။ နားလည်ကြည့်ပါ။ ပြီးတော့ နောက်ထပ် ဒီလို အမှားမျိုး ၊ လွဲချော်မှုမျိုး မကြုံတွေ့ရဖို့ နည်းလမ်းတွေ ရှာကြည့်ပါ။ အပြစ်တင်ခြင်းဟာ ပြဿနာတွေ ပြေလည်ဖို့အတွက် အဖြေတစ်ခုမဟုတ်သလို ရေရှည်မှာ တိုးတက်စေမယ့် အကျင့်တစ်ခုမဟုတ်တာကြောင့် ပြုပြင်ကြည့်ကြပါလို့ တိုက်တွန်း ရင်းနဲ့ ဒီနေ့အတွက် ဒီမှာပဲ အဆုံးသတ်လိုက်ပါရစေ။ အဆုံးထိ ဖတ်ရှု့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ 

-Bahuthuta Corner

Share:

More Posts

Send Us A Message