Bahuthuta Corner.com

အမျိုးသမီးတွေဟာ ထင်သလောက် အရေးပါရဲ့လား ? (သို့) 

အမျိုးသားတွေလောက် စွမ်းဆောင်ရည်မြင့်မားပါသလား ? 

အမျိုးသမီးတွေဟာ ကမ္ဘာလောကကြီးမှာ ထင်သလောက်အရေးပါရဲ့လား။ သူတို့ရဲ့ စွမ်းဆောင်ရည်တွေက တကယ်တမ်းရော အမျိုးသားတွေလောက် မြင့်မားသလား။ အမျိုးသားတွေလိုကော ဦးဆောင်နိုင်စွမ်းတွေ ၊ ရပ်တည်နိုင်စွမ်းတွေရှိသလား။ အမျိုးသမီးတစ်ယောက်ဟာ အိမ်ထောင်ဖက် ကောင်းကောင်းရှာပြီး အိမ်မှုကိစ္စလုပ်ဖို့ပဲ အရေးပါတာမဟုတ်ဘူးလား။ မိန်းမ တစ်ယောက်ရဲ့ အခန်းကဏ္ဍဟာ အိမ်မှာပဲရှိတယ်။ အစရှိတဲ့ စကားတွေ ၊ အသုံးအနှုန်းတွေ ၊ အတွေးအခေါ်တွေကို ကျွန်တော်တို့ အနေနဲ့ တစ်မျိုး မဟုတ် တစ်မျိုး ကြားဖူး ၊ မြင်ဖူးနေကြမှာပါ။ အထူးသဖြင့် ကျွန်တော်တို့ရဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ အခုချိန်ထိ တွင်တွင်ကျယ်ကျယ်ကို တွေ့နိုင်မြင်နိုင်နေဆဲပါပဲ။ ဒီကနေမှာတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေလို တကယ်ပဲ စွမ်းဆောင်ရည်ရှိသလားဆိုတာကို ရေးသားဖော်ထုတ်ပေးသွားပါမယ်။ 

ပထမဦးဆုံး ရေးသားမယ်ဆိုရင် ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာလောကကြီးဟာ ကြမ်းတမ်းပါတယ်။ အသက်ရှင်ရပ်တည်ဖို့အတွက်ကို ရှင်သန်ရုန်းကန်ရတယ်။ လူနေမှုအဆင့်အတန်းမြင့်မားလာတယ်ဆိုပေမယ့် တကယ်တမ်းမှာ တောကြီးတစ်ခုလိုပါပဲ။ အခုခေတ်ကို ရောက်မလာသေးခင် ခေတ်အဆက်ဆက်ကို ပြန်ကြည့်မယ်ဆိုရင် စက်မှု ၊ လက်မှု ဘာမှထွန်းကားမှု မရှိတဲ့ ကမ္ဘာဦးအစကနေ စမယ်ဆိုပါစို့။ ဒီကာလမှာ အမျိုးသမီး နဲ့ အမျိုးသားတွေရဲ့ ရှင်သန်ရပ်တည်မှုမှာ အမျိုးသားတွေရဲ့ ရပ်တည်နိုင်စွမ်းဟာ ပိုမိုမြင့်မားပါတယ်။ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံအရကော သဘာဝတရားကြီးပေးထားတဲ့ စိတ်ပိုင်းဆိုင်ရာ ခံယူချက်အရ အမျိုးသားတွေဟာ အမဲလိုက်ခြင်း ၊ အကြမ်းဖက်ခြင်းတွေ ၊ ပြင်ပလောကကို စူးစမ်းလိုစိတ်ပိုမို ပြင်းထန်ခဲ့တာတော့ အမှန်တရားတစ်ချို့ပါပဲ။ ဒီကာလတွေမှာတော့ အမျိုးသားတွေထက်စာရင် ခွန်အားပိုနည်းပါးတဲ့ အမျိုးသမီးဟာ အမျိုးသားနည်းတူ အသက်ရှင်ရပ်တည်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒါ့ကြောင့်မို့လို့ ကိုယ့်ကို အသက်ရှင်ရပ်တည်ဖို့ အတွက် အကောင်းဆုံး ခွန်အားရှိမယ့် အမျိုးသားတစ်ဦးကို မဖြစ်မနေရှာဖွေရပါလိမ့်မယ်။ အမျိုးသားတွေအတွက်ကလည်း စိတ်ပိုင်းဆိုင်ရာ ၊ လိင်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေအရ ကိုယ့်ကိုမှီခိုမယ့် အမျိုးသမီးကို ရှာဖွေကြပါလိမ့်မယ်။ 

ဒုတိယ ခေတ်တွေကို ဆန်းစစ်ကြည့်မယ်ဆိုရင် ယခု ခေတ်ရောက်မလာသေးခင် သံခေတ်လို့ ပြောလို့ရနိုင်မယ့် ဓား ၊ လှံ တွေ ထွန်းကားလာတဲ့ခေတ်မှာလည်း ကျောက်ခေတ်နည်းတူပါပဲ။ သဘာဝက ပေးထားတဲ့ ခွန်အားတွေ ၊ အကြမ်းဖက်လိုစိတ် ၊ လွှမ်းမိုးလိုစိတ်တွေနဲ့ အတူ ခွန်အားကြီးမားတဲ့ အမျိုးသားတွေဟာ လူမှုပတ်ဝန်းကျင်မှာ အင်မတန်ကို ထင်ရှားပြီး ဆွဲဆောင်မှုရှိပါတယ်။ စစ်ချပ်ဝတ်တန်ဆာတွေဟာ အင်မတန်ကို လိုက်ဖက်တယ်။ တိုက်ပွဲတွေက ရလာတဲ့ ဒဏ်ရာတွေအကြောင်းကို နားထောင်ချင်တဲ့ အမျိုးသမီးတွေဟာ အင်မတန်ကို များပြားပါလိမ့်မယ်။ ခွန်အားဗလနဲ့ အရာရာကို အောင်နိုင်နေတဲ့ ခေတ်ကာလတွေမှာ အမျိုးသားတွေလောက် ခွန်အားဗလ မရှိတဲ့ အမျိုးသမီးတွေဟာ အိမ်ထောင်ရေး နဲ့ အိမ်တွင်းရေး နဲ့ အမျိုးသားတွေရဲ့ ဦးဆောင်မှု အောက်မှာပဲ နာခံကြရပါမယ်။ ကိုယ့်ထက် ခွန်အား နဲ့ အကြမ်းဖက်လိုစိတ် ၊ လွှမ်းမိုးချင်စိတ်ပိုမိုပြင်းထန်နေတဲ့ အမျိုးသားတစ်ဦးနဲ့ ဓားချင်းယှဉ်ခုတ်ဖို့အထိ အမျိုးသမီးတွေဟာ တွေးခေါ်မှု မရှိပဲမိုက်ရူးရဲဆန်မနေခဲ့ကြပါဘူး။ 

တစ်ဖြည်းဖြည်းနဲ့ တတိယခေတ်ကို ရောက်လာတဲ့အခါမှာတော့ ခေတ်ကာလပြောင်းလဲမှုတွေရဲ့ သက်ရောက်မှုတွေဟာ စတင်လာပါပြီ။ သေနတ်တွေ ပေါ်ပေါက်လာပြီ။ အမြှောက်တွေ ၊ လေယာဉ်တွေ ၊ လက်နက်တွေ တိုးချဲ့မှုတွေကြောင့် ကမ္ဘာကြီးဟာ အမြဲတမ်း စစ်ပွဲမပြတ်လတ်တဲ့နေရာတစ်ခု ဖြစ်လာပါပြီ။ အရင်ခေတ်တွေနဲ့ မတူညီတာတစ်ခုဟာ ခွန်အားဗလဟာ အခုခေတ်ကြီးမှာ ထင်သလောက် အရေးမပါတော့ပါဘူး။ လက်ချောင်းကလေးကွေးလိုက်ရုံနဲ့ လူတစ်ယောက်ကို အသာလေး သတ်နိုင်လာတယ်။ လက်ကလေးတစ်ချောင်းတည်းနဲ့ လူအစုလိုက် အပြုံလိုက်ကို သတ်လာနိုင်တယ်။ ဒါ့အပြင် အင်ဂျင်တွေ ၊ မော်တော်ယာဉ်တွေဟာ လေးလံတဲ့အရာတွေကို ခွန်အားသုံးပြီး သယ်ဆောင်စရာမလိုပဲနဲ့ ကိစ္စဝိစ္စအနည်းဆုံးနဲ့ သယ်ဆောင်ဖြေရှင်းလာနိုင်ပါပြီ။ ဒီကာလကြီးမှာကော အမျိုးသမီးတစ်ဦးအတွက် ခွန်အားဗလ အရာရာကို ဖြေရှင်းနိုင်မယ့် အမျိုးသားတစ်ဦးကို လိုအပ်သေးပါသလား။ ဒီခေတ် ဒီအခါမှာတော့ အမျိုးသမီးတွေဟာ ခေတ်အဆက်ဆက်က အမျိုးသားတွေကို လိုအပ်လာတဲ့ လိုအပ်ချက်တွေကို မေးခွန်းစတင် ထုတ်လာကြပါပြီ။ တစ်ချို့တွေဟာ ကိုယ့်ဘာသာရပ်တည်ဖို့အတွက် လမ်းတွေရှာလာကြသလို ၊ တစ်ချို့တွေဟာ အမျိုးသားတွေ နည်းတူ ငါတို့ဘာလုပ်မလုပ်နိုင်ရမှာလဲ။ ငါတို့က ဘာလို့ အမျိုးသားတွေလောက် လူမှုပတ်ဝန်းကျင်မှာ အခွင့်အရေးတွေ ရမနေရတာလဲဆိုတဲ့ အတွေးအခေါ်တော်လှန်ရေးတွေ စတင်လာကြပါပြီ။ 

ယခုခေတ်ကို ရောက်လာတဲ့အခါမှာတော့ အလုပ်ကိစ္စတိုင်းနည်းတူ ဘယ်ကိစ္စမဆို လူတိုင်းနီးပါး လုပ်လို့ရနေပါပြီ။ ခွန်အားဗလနဲ့ ဖြေရှင်းရမယ့်အစား အတွေးအခေါ်ပိုင်းတွေ ၊ စဉ်းစားမှုတွေနဲ့ ဖြေရှင်းလာကြပြီး ခွန်အားဗလဟာ အလှပြရမယ့် အရာတစ်ခုနေရာကို သက်ဆင်းကျရောက်လာကာ အတွေးအခေါ် နဲ့ လုပ်ရည်ကိုင်ရည်ဟာ ပိုမိုအဓိက ကျလာပါပြီ။ ဒီနေရာမှာ အမျိုးသမီးတွေဟာလည်း အမျိုးသားတွေ တန်းတူ လုပ်နိုင်ကိုင်နိုင်ရည်တွေ ရှိတယ်ဆိုတာကို ပိုပြီး သိသိသာသာ ထင်ထင်ရှားရှား မြင်လာနိုင်သလို တစ်ချို့နေရာတွေမှာ အမျိုးသားတွေ မမြင်နိုင် မတွေးနိုင်တဲ့ အတွေးအခေါ်တွေ ၊ ရှု့ထောင်တွေမှာ အမျိုးသမီးတွေဟာ ပိုမိုပြီးတော့ ကောင်းမွန်စေတယ်ဆိုတာကို တွေ့မြင်နိုင်ပါတယ်။ ဒါ့အပြင် ခေတ်အဆက်ဆက်မှာကတည်းက မိန်းမဆိုတာ ယောင်္ကျားတွေရဲ့ ဦးဆောင်မှုအောက်မှာပဲ အမြဲရှိရမယ် ၊ အမျိုးသားတွေနဲ့ ယှဉ်ရင် ဒုတိယ နေရာမှာပဲ အမြဲရှိရမယ်ဆိုတဲ့ အတွေးအခေါ်တွေကို တစ်ခုပြီး တစ်ခု ရိုက်ချိုးလာနိုင်ခဲ့ပါပြီ။ ယခင်က အမျိုးသားတွေချည်း စုဝေးနေပြီး ခွန်အားဗလတွေနဲ့ လွှမ်းမိုးမှု ၊ အာဏာသက်ရောက်မှု အဓိက ကျတယ်ဆိုတဲ့ စစ်မှုထမ်းဆောင်ခြင်းဆိုတဲ့ နေရာမှာတောင် အမျိုးသမီးတွေက ဝင်ရောက်လုပ်ကိုင်လာနိုင်သလို ကမ္ဘာ့အပြင်ဘက်စကြာဝဋ္ဌာကို လေ့လာဖို့အတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေမှာတောင် အမျိုးသမီးတွေဟာ ဦးဆောင်လာနိုင်တဲ့အထိ လုပ်ကိုင်လာနိုင်တာကို ထင်ထင်ရှားရှားမြင်နိုင်ပါတယ်။ 

ဒါတွေတင်မကပဲ ခေတ်အဆက်ဆက်မှာ အမျိုးသမီးတွေဟာ အမျိုးသားတွေ နည်းတူ ပင်ပန်းခဲ့ရသလို အမျိုးသားတွေလောက်နေရာမရပဲ အဖိနှိပ်ခံ ဒုတိယတန်းစားအနေနဲ့ ဖြတ်သန်းခဲ့ရပါတယ်။ အမျိုးသားတွေဟာ အမြဲတမ်း ဦးဆောင်သူနေရာတွေမှာ ယူပြီး ကိုယ့်အသိုက်အမြုံ ၊ကိုယ့် အိမ်မှာတော့ အရှင်သခင်တစ်ဦးလို ပြုမူနေထိုင်တတ်ကြပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေရဲ့ ဝေယာဝစ္စကိစ္စတွေကနေ အစပြုပြီး မျိုးဆက်သယ်ဆောင်ပျိုးထောင်ရေး ၊ အိမ်မှုကိစ္စဆောင်ရွက်ရေး ၊ အိမ်ပတ်ဝန်းကျင် စားဝတ်နေရေးတွေအပြင် အမျိုးသားတစ်ဦးရဲ့ အိပ်ယာပေါ်က လိင်ကိစ္စကို အပန်းဖြေသည်အထိ စိတ်ပါသည်ဖြစ်စေ ၊ မပါသည်ဖြစ်စေ လုပ်ဆောင်ခဲ့ကြရတယ်။ ဒါ့အပြင် အကြမ်းဖက်လိုစိတ်ပြင်းထန်တဲ့ အမျိုးသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအပြင် အခြားပြင်ပအမျိုးသားတွေရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကိုပါ ခံခဲ့ကြရပါတယ်။ ဒါ့အပြင် မျိုးဆက်သစ်တွေရဲ့ ပြုစုပျိုးထောင်မှုဟာ အမေတွေသာ လုပ်သင့်တယ်လို့ သတ်မှတ်ပြီး အမျိုးသမီးတွေကို လုံးဝ ဝကွက်အပ်တတ်ကြပြီး အဖေတွေဟာ မျက်နှာလွှဲတတ်ကြသလို အခွင့်အရေးတွေ ယူခဲ့ကြပါတယ်။ 

ခေတ်အဆက်ဆက်ပြောင်းလဲလာတဲ့အခါမှာတော့ အမျိုးသမီးတွေဟာ တကယ်တမ်းထင်သလောက် အရေးပါရဲ့လားဆိုတဲ့ မေးခွန်းအတွက်အဖြေဟာ ပြောင်းလဲမှုတွေရှိလာပါတယ်။ ခွန်အားဗလနဲ့ အကြမ်းဖက်မှုတွေ ကြီးစိုးတဲ့ ခေတ်ကာလတွေမှာတော့ အမျိုးသားတွေဟာ ခွန်အားဗလတွေနဲ့ အရာရာကို ဖြေရှင်းဦးဆောင်ကြပေမယ့် ပိုမိုတိုးတက်ပြီး ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားလာတဲ့ခေတ်အခါတွေမှာ ၊ ခွန်အားဗလထက် အတွေးအခေါ်တွေ ၊ လုပ်ရည်ကိုင်ရည်တွေ ပိုမိုအရေးပါလာတဲ့ခေတ်အခါမှာတော့ အမျိုးသား ၊ အမျိုးသမီးရယ်ဆိုပြီး ခွဲခြားမှုတွေရှိမနေသင့်တော့ပါဘူး။ မှန်ပါတယ် တစ်ချို့သော ကိစ္စတွေ မှာသဘာဝတရားကြီးရဲ့ ဖန်တီးမှုအရ အမျိုးသား နဲ့ အမျိုးသမီး ရုပ်ပိုင်းဆိုင်ရာ ကွာခြားမှု ၊ စိတ်ပိုင်းဆိုင်ရာ ကွာခြားမှုတွေရှိနိုင်ပါတယ်။ ဒါပေမယ့် လုပ်ရည်ကိုင်ရည် နဲ့ စွမ်းဆောင်ရည်ဟာ အတူတူဖြစ်လာတဲ့အခါမှာ ဒါတွေဟာ အရေးမပါတော့ပါဘူး။ အမျိုးသားဟာ ၁၀၀% လုပ်နိုင်ရင် အမျိုးသမီးဟာ ၁၀၀% လုပ်နိုင်လာတဲ့ ခေတ်အခါမှာ အမျိုးသမီးတွေဟာ ဒုတိယတန်းစား လိင်ဖြစ်မနေသင့်တော့ပါဘူး။ အမျိုးသမီးတွေဟာ အိမ်မှုကိစ္စတွေပဲ လုပ်ကိုင်နေစရာမလိုတော့သလို အသက်ရှင်ရပ်တည်ဖို့အတွက် မဟာအမျိုးသားတစ်ဦးကို ရှာဖွေဖို့လိုအပ်မနေတော့ပါဘူး။ လူသားတစ်ယောက်အနေနဲ့ အသက်ရှင်ရပ်တည်တဲ့အခါ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေဟာ လိင်အမျိုးအစားအပေါ်မူတည်ပြီး ကွဲပြားမနေသင့်တော့ပါဘူး။ ခေတ်အဆက်ဆက် အိမ်မှုကိစ္စ နဲ့ လိင်မှုကိစ္စတွေသာ အသုံးဝင်တယ်လို့ အတွေးအခေါ်တွေကို ရိုက်ချိုးလိုက်ပါ။ အမျိုးသမီးတွေဟာ အမျိုးသားတွေ တန်းတူ အရေးပါပါတယ်။ အမျိုးသားတွေတန်းတူ စွမ်းဆောင်ရည်မြင့်မားပါတယ်။ အမျိုးသား ၊ အမျိုးသမီးဆိုတာ လိင်အမျိုးအစားသာ ဖြစ်ပြီး စွမ်းဆောင်ရည် ၊ လုပ်နိုင်ကိုင်နိုင်ရည်တွေကို ခွဲခြားကန့်သတ်ထားတဲ့ အရာတစ်ခုမဟုတ်ဘူးဆိုတာကို ရည်ညွှန်းပြောဆိုရင်း ဒီနေ့အတွက် ဒီမှာ ပဲ နိဂုံးချုပ်လိုက်ပါရစေ။ အဆုံးထိ ဖတ်ရှုပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ 

-Bahuthuta Corner

Share:

More Posts

Send Us A Message