Bahuthuta Corner.com

အရှေ့ကို ဆက်လက် တိုးဝှေ့ခြင်း ( သို့ ) လေးလံမှုများကို လွှတ်ချခြင်း 

ကျွန်တော်တို့ ဖြတ်သန်းလာခဲ့တဲ့ ဘဝတစ်လျောက်မှာ ပိတ်မိတာ ၊ ရွေးခြယ်စရာမရှိတာ ၊ မွန်းကျပ်မှုများစွာ အစရှိတာတွေကို ကြုံတွေ့ခဲ့ဖူးပါတယ်။ ကလေးဘဝမှာပဲဖြစ်စေ ၊ ဆယ်ကျော်သက်ဘဝမှာဖြစ်စေ ၊ အသက်အရွယ်တိုင်းမှာ ဒီလိုမျိုး စိတ်ဖိဆီးမှုတွေက တစ်နည်းမဟုတ် တစ်နည်းနဲ့ ကြုံတွေ့နေရဦးမှာပါပဲ။ ဒီလို စိတ်ဖိဆီးမှုတွေရှိနေရတာကိုက ကျွန်တော်တို့ ရှင်သန်ရတဲ့ ဘဝကြီးရဲ့ မဖြစ်မနေပါဝင်တဲ့ အနှစ်သာရတစ်ခုလို့တောင်ဆိုနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်နေပါပါစေ အခု စာဖတ်နေတဲ့အချိန်မှာ ကျွန်တော်တို့ဟာ အတိုင်းအတာတစ်ခုအထိ ကျော်ဖြတ်ပြီးခဲ့ကြပြီးဆိုတာကို မိမိဘာသာ အသိဆုံးပါပဲ။ တစ်ယောက်နဲ့ တစ်ယောက်အတိုင်းတာချင်းမတူညီကြပေမယ့် ဖြတ်သန်းခဲ့တဲ့ အချိန်တွေတုန်းမှာ စိတ်ဖိဆီးပင်ပန်းခဲ့ရတာတွေကတော့ အတူတူပဲဖြစ်ကြမှာပါ။ ဒီနေ့မှာတော့ ကျွန်တော်က ကိုယ့်ကို ပိတ်မိနေစေခဲ့တဲ့ အကြောင်းအရာတွေ ၊ စိတ်ဖိဆီးစေတဲ့အကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး လွှတ်ချနိုင်စေဖို့အတွက်ကို ရေးသားဝေမျှပေးသွားပါမယ်။ 

ကျွန်တော်တို့ ဘဝတစ်လျောက်လုံးမှာ ကြုံတွေ့ရလာနိုင်တဲ့ အကြောင်းအရာတွေက အမျိုးမျိုးရှိပါတယ်။ ကိုယ့်ရွေးခြယ်မှုရှိတဲ့အရာ ၊ ကိုယ်ရွေးခြယ်လို့မရတဲ့အရာ ၊ ကိုယ်ထိန်းချူပ်မှုရှိတဲ့အရာ ၊ ကိုယ်မထိန်းချူပ်နိုင်တဲ့အရာ ၊ ကိုယ်ဖန်တီးတဲ့အရာ ၊ သူများပယောဂကြောင့်ဖြစ်ပေါ်လာတဲ့အရာ စသဖြင့် အကြောင်းအရာမျိုးစုံတွေဟာ ကိုယ်နဲ့ တစ်နည်းမဟုတ်တစ်နည်း ပတ်သတ်လာတတ်ပါတယ်။ ဥပမာ အထင်ရှားဆုံးတစ်ခုကို ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ကို မွေးဖွားပေးတဲ့ မိဘကို ကျွန်တော်တို့ဟာ ရွေးခြယ်ခွင့်မရှိခဲ့ပါဘူး။ ဒါ့ကြောင့်မို့လို့ မိဘတွေရဲ့ အခြေအနေတွေ ၊ ပုံစံတွေဟာ ကျွန်တော်တို့ ရွေးခြယ် ဖန်တီးလို့ရတဲ့ အရာတွေမဟုတ်ဘူးလို့ မှတ်ယူလို့ရပါတယ်။ တကယ်တမ်းကိုယ့်ဘာသာ ပြန်လည်ဆန်းစစ်ကြည့်လိုက်တဲ့အခါမှာ ကျွန်တော်တို့မှာ အမြဲတမ်းကိုယ့်ရွေးခြယ်မှုနဲ့ ကိုယ်ဖန်တီးလို့ရနိုင်တဲ့အရာတွေအများကြီးရှိသလို ၊ ကိုယ်မရွေးခြယ်နိုင် ၊ မဖန်တီးနိုင်တဲ့ အရာတွေအများကြီးရှိတာ ကို နားလည်လက်ခံထားဖို့လိုအပ်ပါတယ်။ 

ကျွန်တော်တို့က အကြောင်းအရာတစ်ခုနဲ့ ပတ်သတ်ပြီးတော့ စိတ်ဖိဆီးနေတာ ၊ ပိတ်မိနေတာဟာ ဒီအကြောင်းအရာနဲ့ ပတ်သတ်တဲ့ ခံစားချက်တစ်ခုကို စွဲစွဲမြဲမြဲရှိနေလို့ပါ။ ဆိုပါစို့ – ကလေးအများစု ဟာ ရေခဲမုန့်ကိုကြိုက်ကြတယ်ဆိုတာဟာ ရေခဲမုန့်ဟာ ချိုတယ် အေးတယ်ဆိုတဲ့ အချက်ကို သူတို့စွဲစွဲမြဲမြဲမှတ်မိနေလို့ပါပဲ။ ကျွန်တော်တို့ဟာ ကိုယ်မတွေးချင်တဲ့ စိတ်ဖိဆီးနေတဲ့ အကြောင်း အရာတစ်ခုကို လွှတ်ချဖို့ စဉ်းစားတဲ့အခါမှာ ထိုအချိန်က ခံစားရတဲ့ ခံစားချက်ကို လက်ခံပြီးတော့ လွှတ်ချလိုက်ဖို့အတွက်ကို ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခု ချဖို့လိုအပ်ပါတယ်။ ဒီလိုပြောတာဟာ ခံစားချက်တွေကို မေ့ပစ်ဖို့ပြောတာမဟုတ်ပါဘူး။ ကိုယ်မတတ်နိုင်တော့တဲ့အရာတစ်ခု (သို့) ကိုယ်မထိန်းချူပ်နိုင်တော့တဲ့အရာ တစ်ခုလို့ လက်ခံပြီးတော့ ဒီအခြေအနေကို ကိုယ့်ဘာသာပြန်မထည့်မိစေတော့ပဲ ကိုယ့်ဘာသာ လွတ်လပ်ခွင့် ပေးလိုက်ဖို့ပါပဲ။ 

တစ်ချို့သောအကြောင်းအရာတွေက တစ်သက်တာ သေရာပါ ခံစားချက်တွေကို ပေးစွမ်းနိုင်ပါတယ်။ တစ်ချို့အကြောင်းအရာတွေကတော့ အချိန်အတိုင်းအတာ တစ်ခုအပြီးမှာ မေ့ပျောက်သွားနိုင်ပါတယ်။ ကိုယ်ဘယ်လောက်ခံစား ကြုံတွေ့ခဲ့ရသလဲဆိုတာမှာမူတည်ပြီးတော့ အချိန်ကာလ ကြာချိန်အမျိုးမျိုးရှိပါတယ်။ ခံစားချက်တွေကို ကိုယ်က မမေ့စွမ်းနိုင်တဲ့အခါမှာ ဒီခံစားချက်တွေနဲ့ ဘယ်လိုရှေ့ဆက် ရှင်သန်ရမလဲကို သင်ယူရမှာပါ။ ကိစ္စတစ်ခုခုကြုံလာတိုင်း ၊ ဒီခံစားချက်ကို သတိရလာတိုင်းမှာ ကိုယ့်ဘာသာ ဘောင်ခတ်လိုက်တာ ၊ ပိတ်ထားလိုက်တာဟာ ကိုယ့်ဘဝမှာ နောက်ထပ်ကြုံတွေ့လာနိုင်တဲ့ ကောင်းမွန်ခြင်းတွေကို အဟန့်အတားလုပ်လိုက်သလိုပါပဲ။ ကိုယ်ဟာ တစ်ချိန်ချိန်မှာ ဒီလိုတွေကြောင့် မွန်းကျပ် ကြုံတွေ့ရနိုင်တယ်ဆိုပေမယ့် အရှေ့အနာဂတ်မှာ ကိုယ့်ကိုယ် ဘယ်လိုမျိုး ကောင်းမွန်ခြင်းတွေက စောင့်ကြိုနေလဲ မသိနိုင်သလို အတိတ်ကို လွှတ်ချနိုင်သွားတဲ့အခါ ဘယ်လိုမျိုးလွတ်လပ်ပေါ့ပါးသွားသလဲဆိုတဲ့ ခံစားချက်မျိုးကို လည်း မသိနိုင်သေးပါဘူး။ 

ပိတ်မိနေတယ် ၊ မွန်းကျပ်တယ် ၊ အခုထိ ခံစားရတယ် ၊ ကြောက်တယ် ၊ မုန်းတယ် ၊ ထိတ်လန့်တယ် ၊ ဝမ်းနည်းတယ် အစရှိတဲ့ ခံစားချက်တွေဟာ ပုံမှန်လူသားတစ်ယောက်မှာရှိပါတယ်။ ဒါတွေခံစားရခြင်းဟာ ကိုယ်ဟာ ပုံမှန်လူသားတစ်ယောက်ဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်ပါတယ်။ ဒါပေမယ့် ဒီခံစားချက်တွေဟာ ခံစားချက်သက်သက်သာဖြစ်ပါစေ။ ကိုယ့်ရှေ့ဆက်သွားမယ့် လမ်းခရီးအတွက် အဟန့်အတား ၊ အလေးတုံးတွေ မဖြစ်ပါစေနဲ့။ လူတိုင်းမှာ ဒီလိုခံစားချက်တွေကို ကြုံတွေ့ဖူးသူတိုင်းရှိပါတယ်။ ဒါပေမယ့် လူတိုင်းကတော့ ဒါတွေကို လွှတ်ချပြီး ကျော်လွှားမသွားနိုင်ခဲ့ပါဘူး။ ကိုယ်မလုပ်နိုင်တော့တဲ့ ၊ ကိုယ်မပြုပြင်နိုင်တော့တဲ့ အတိတ်က အကြောင်းအရာ ၊ ခံစားချက်တွေအစား ကိုယ်ကိုယ်တိုင် ဖန်တီးနိုင်တဲ့၊ ရွေးခြယ်နိုင်တဲ့ အနာဂတ်က အကြောင်းအရာတွေဟာ ကိုယ့်လက်ထဲမှာပါပဲ။ ကိုယ့်ဘာသာ အကောင်းဆုံး အခြေအနေ တစ်ခုရောက်အောင် ဆုံးဖြတ်ကြရမှာပါ။ 

အားလုံးဟာ ရှင်သန်ချင်တဲ့သူတွေချည်းပါပဲ။ ပျော်ရွှင်ချင်ကြတဲ့သူတွေချည်းပါပဲ။ အခိုက်အတန့်တစ်ခု ကြောင့် ၊ အတိုင်းအတာ တစ်ခုကြောင့် အရှေ့ဆက်နိုင်ဖို့ ၊ ပျော်ရွှင်နိုင်ဖို့ ခက်ခဲနေကြတာပါ။ တကယ်တမ်းမှာဟာ ဒီခံစားချက်တွေကို မေ့မပစ်နိုင်တဲ့အခါ ကိုယ်က အတိတ်က အကြောင်းအရာနဲ့ ပတ်သတ်ပြီးတော့ ဘာမှမတတ်နိုင်တော့ဘူးဆိုတဲ့ အရာတစ်ခုနဲ့ လက်ခံပြီးတော့ အရှေ့ကို ဆက်သွားဖို့ လိုအပ်ပါတယ်။ ကိုယ့်ကို ပိတ်မိစေနေခဲ့တဲ့ အခြေအနေတွေကို ပြန်လည်သုံးသပ်လိုက်ပါ။ အတိတ်ဟာ အတိတ်မှာပဲထားခဲ့လိုက်ပါ။ မနေ့က ဖြစ်ရပ်တွေက ဒီနေ့မဟုတ်သလို မနက်ဖြန်မှာလည်း မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ဒီနေ့ နဲ့ မနက်ဖြန်ဟာ ကိုယ့်ရဲ့ လက်ထဲမှာပဲရှိပါတယ်။ ကိုယ်တိုင်ရွေးခြယ် ၊ ကိုယ်တိုင်ဖန်တီးလို့ရပါတယ်။ ကိစ္စတိုင်းက အခိုက်အတန့်ပါပဲ။ ကိုယ်ဘယ်လောက်အထိ သယ်သွားသလဲဆိုတာပဲ မူတည်ပါတယ်။ ကိုယ့်ကို ဆွဲထားနေတဲ့ အဟန့်အတားတွေကို ကိုယ်တိုင်ပဲ ဖြုတ်ချလိုက်ပါ။ နောက်ပြီး အရှေ့ကို ငေးမျှော်ကြည့်ရင်း ဆက်လက်ပြီးတော့ ရှင်သန်ကြည့်ပါ။ မုန်တိုင်းတွေ ပြီးရင်တော့ လေပြေကလေးတွေလာတာဟာ ထုံးစံတစ်ခုပဲ မဟုတ်လား။

-Bahuthuta Corner

Share:

More Posts

Send Us A Message