Bahuthuta Corner.com

အာရှတိုက်ရဲ့ ထိပ်တန်းလည်ပတ်စရာနေရာများ 

ကမ္ဘာပေါ်မှာရှိတဲ့ နေရာဒေသတွေ ၊ မြို့တွေ တိုင်းမှာ ထူးခြားလှပတဲ့ ကိုယ်ပိုင်သွင်ပြင်တွေရှိကြပါတယ်။ သဘာဝအတိုင်းရှိနေတဲ့  တောင်ကုန်းတောင်တန်းတွေ ၊ ပင်လယ်ဒေသတွေ ၊ သစ်တောတွေ ၊ ကွင်းပြင်တွေကနေပြီးတော့ လူတွေရဲ့ ဖန်တီးတည်ဆောက်မှုဖြစ်တဲ့ အဆောက်အဦးတွေ ၊ ဘုရားအဆောင်တွေ ၊ လည်ပတ်စရာနေရာတွေ အကုန်လုံးမှာ ထူးခြားပြီး သီးသန့်ဆန်တဲ့ အသွင်အပြင်တွေ ကိုယ်စီရှိကြပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ နေထိုင်ရာ အာရှတိုက်မှာ ရှိတဲ့ ထိပ်တန်းနေရာတွေလို့ ဆိုလို့ရလောက်မယ့် နေရာတစ်ချို့ကို ဗဟုသုတအနေနဲ့ ဝေမျှပေးသွားပါမယ်။ 

၁။ ဖူဂျီတောင် ( ဂျပန်နိုင်ငံ ) 

ကျွန်တော်တို့ ဖူဂျီတောင် ဆိုတာနဲ့ ဂျပန်နိုင်ငံကို တွဲမြင်သလို ခွဲခြားလို့မရတဲ့ တောင်တစ်ခုပဲဖြစ်ပါတယ်။ ဂျပန်ရုပ်ရှင်ကားတွေ ၊ ပန်းချီကားတွေ ၊ ဓာတ်ပုံတွေထဲမှာ အင်မတန်လှပပြီးတော့ သီးခြားဆန်ပြီး ကိုယ်ပိုင်ဟန်ရှိနေတဲ့ ဖူဂျီတောင်ဟာ ဂျပန်နိုင်ငံ ၊ ဟိုရှု ကျွန်းမှာတည်ရှိနေပါတယ်။ ၃၇၇၆.၂၄ မီတာမြင့်တဲ့ မီးတောင်တစ်ခုဖြစ်ပြီး ၁၇၀၈ ခုနှစ်က နောက်ဆုံးအကြိမ်ပေါက်ကွဲခဲ့ကာ ယခုလက်ရှိအချိန်ထိ ငြိမ်သက်နေတဲ့ တောင်တစ်ခုပဲဖြစ်ပါတယ်။ ဖူဂျီတောင်တစ်ခုတည်း ထူးခြားနေတာမဟုတ်ပဲနဲ့ တောင်အခြေမှာ Suicide Forest လို့ လူသိများတဲ့ သစ်တော တစ်ခုရှိနေတာလည်း အပါအဝင်ပဲဖြစ်ပါတယ်။ ဖူဂျီတောင်ထိပ်ကို တက်ရောက်နိုင်တဲ့ လမ်းကြောင်း ၄ ခုရှိပြီးတော့ လမ်းကြောင်းတစ်ခုစီတိုင်းမှာ နားနေဆောင်တွေ ၊ ဘုရားဆောင်တွေ ၊ ဒေသဆိုင်ရာဆိုင်ကလေးတွေ အများအပြားတွေ့နိုင်ပါတယ်။ အကယ်၍ သင်ဟာ ဂျပန်နိုင်ငံကို စိတ်ဝင်စားတဲ့ သူတစ်ယောက်ဆိုရင် အခွင့်အရေးရတဲ့အခါ ဖူဂျီတောင်ကို သွားရောက်လည်ပတ်ဖို့ အကြံပြုချင်ပါတယ်။ ဂျူလိုင်လကနေ စက်တင်ဘာလ အထိဟာ ဖူဂျီတောင်ကို လည်ပတ်ဖို့အတွက် အကောင်းဆုံးပါလို့ အကြံပြုထားကြပါတယ်။ ဖူဂျီတောင်ကို တက်တဲ့အခါမှာ အခကြေးငွေကို ပေးစရာမလိုပဲ အခမဲ့တက်နိုင်ပါတယ်။ တောင်ခြေမှာ အလှူခံတွေရှိပေမယ့် တောင်တက်လမ်း တွေ ၊ ပတ်ဝန်းကျင်ထိန်းသိမ်းဖို့တွေအတွက် ယမ် ၁၀၀၀ ( ၁၀ ဒေါ်လာထက်နည်းသော ) စရိတ်ကို အလှူငွေအဖြစ်လှူနိုင်ပါတယ်။ အကယ်၍ ကိုယ်ဟာတောင်ပေါ်မှာ အချိန်ဖြုန်းချင်တယ်ဆိုရင် တဲအိမ်ကလေးတွေကိုငှားရမ်းနိုင်ပြီးတော့ တညကို ယမ် ၅၅၀၀ ( ၄၅ ဒေါ်လာ ) ကျသင့်ပြီး အစားအသောက်အတွက်မပါဝင်ပါ။ အကယ်၍ ဒေသထွက်အစားအစာကလေးတွေကိုပါ မြည်းစမ်းချင်တယ်ဆိုရင်တော့ ယမ် ၇၀၀၀ ( ၅၅ ဒေါ်လာ ) ကျသင့်ပြီး ညစာ နဲ့ နောက်တစ်နေ့ မနက်စာအတွက်ပါ ပြင်ဆင်ပေးပါတယ်။ 

၂။ ဘူတန်နိုင်ငံ 

အကယ်၍ တောင်တန်းတွေ ၊ တောင်တွေနဲ့ ဝိုင်းရံနေတဲ့ နိုင်ငံတစ်ခုကို စိတ်ဝင်စားတဲ့သူတစ်ယောက်ဆိုရင်တော့ ဘူတန်နိုင်ငံဟာ သင့်အတွက် ရွေးခြယ်သင့်တဲ့ နိုင်ငံ တစ်ခုပဲဖြစ်ပါတယ်။ နိုင်ငံရဲ့ ပတ်ပတ်လည်မှာ ဟိမလေရ ၊ တိဘက် တို့နဲ့ ဆက်စပ်နေပြီးတော့ စိမ်းစိုနေတဲ့ တောင်ကြားလမ်းတွေ ၊ တောင်တက်တောင်ဆင်းလှေကားတွေ ၊ စီးဆင်းနေတဲ့ မြစ်ချောင်းတွေဟာ သဘာဝ ကြီးနဲ့ အနီးစပ်ဆုံးဖြစ်စေတဲ့ ခံစားမှုကို ပေးစွမ်းနိုင်မှာပါ။ ထင်ရှားတာကတော့ Tiger’s Nest Monastery ( ကျားသိုက်ဘုန်းကြီးကျောင်းလို့ အနီးစပ်ဆုံး ဘာသာပြန်နိုင်ပြီး ) ဖြစ်ပြီးတော့ အမြင့်ပေ ၃၀၀၀ မီတာမှာ တည်ရှိပါတယ်။ ထူးခြားချက်တစ်ခုကတော့ ဘူတန်နိုင်ငံကို လည်ပတ်တဲ့အခါမှာ ကိုယ့်စိတ်တိုင်းကျလည်ပတ်ခွင့်မရပဲနဲ့ ကြိုတင်ပြီးတော့ စီစဉ်မှသာ လည်ပတ်ခွင့်ရမှာပါ။ ဒါပေမယ့် တောင်တွေ ၊ အမြင့်ပိုင်းတွေမှာ ရှိနေတဲ့ ဘုန်းကြီးကျောင်းတွေ ၊ စိမ်းစိုနေတဲ့ပတ်ဝန်းကျင်တွေဟာ သဘာဝပတ်ဝန်းကျင်နဲ့ နီးစပ်ပြီး တောင်တွေကို သဘောကျတဲ့သူတွေအတွက် မဖြစ်မနေ လည်ပတ်စရာ နေရာတစ်ခုလိုမျိုး ဖြစ်နေပါတယ်။ ဘူတန်နိုင်ငံကို လည်ပတ်ချင်တဲ့သူတွေအတွက် ၂၀၂၂ ခုနှစ် ၊ စက်တင်ဘာလကနေစပြီးတော့ နေ့စဉ်ဗီဇာကြေးအနေနဲ့ ဒေါ်လာ ၂၀၀ ကျသင့်ပြီး တစ်ရက်စာနေ့စရိတ် + စားစရိတ်အတွက် ဒေါ်လာ ၁၀၀ အနည်းဆုံးကနေပြီးတော့ ဒေါ်လာ ၂၀၀ အထက်ကျသင့်နိုင်ပါတယ်။ အကယ်၍ သင်သာ စရိတ်ချွေတာပြီးလည်ပတ်မယ်။ ဘတ်ဂျက်ခရီးစဉ်အတွက်ဆိုရင် ဈေးသက်သာတဲ့ ခရီးသွားအစီအစဉ်တွေကို ကြိုတင်ရှာဖွေလေ့လာပြီး ဝယ်ယူထားနိုင်ပါတယ်။ 

၃။ ပုဂံ ( မြန်မာနိုင်ငံ ) 

ကျွန်တော်တို့ မြန်မာနိုင်ငံဟာလည်း ဒီ အာရှနိုင်ငံတွေထဲမှာ မဖြစ်မနေလည်ပတ်စရာ နေရာတစ်ခုရှိတဲ့ နိုင်ငံတစ်ခုပဲဖြစ်ပါတယ်။ ပုဂံကို ရှေးဟောင်းမြို့တော်လို့ ခေါ်ဆိုနိုင်ပြီး ရှေးခေတ်က ဗိသုကာလက်ရာတွေနဲ့ တည်ဆောက်ထားတဲ့ ဘုရားတွေ ၊ စေတီတွေ ၊ အဆောက်အဦးတွေက ပုဂံကို တခြားဒေသတွေနဲ့ မတူညီစေပဲ တစ်မျိုးကွဲပြားခြားနားနေစေပါတယ်။ လက်ညှိုးထိုးတဲ့နေရာတိုင်းမှာ စေတီရှိတယ်ဆိုတဲ့ စကားနဲ့ အညီ ပုဂံမှာ စေတီပုထိုးပေါင်း ၃၀၀၀ ကျော်တည်ရှိနေပါတယ်။ ဒီစေတီတွေတိုင်းမှာ ထူးခြားချက်ကိုယ်စီရှိပြီးတော့ အများစုဟာ ဗိသုကာလက်ရာတွေကြောင့် ထင်ရှားကျော်ကြားပါတယ်။ ဟိုးအရင်နှစ်ပေါင်းများစွာကတည်းက တည်ထားခဲ့တဲ့ စေတီတွေ ဖြစ်သော်ငှားလည်း ယခုအချိန်ထိ သဘာဝအလင်းရောင်ရရှိအောင် တည်ဆောက်နိုင်မှုတွေ ၊ လေအဝင်အထွက် ကောင်းမွန်အောင် ထိန်းချုပ်နိုင်မှုတွေ ၊ သေသပ်တဲ့ လက်ရာတွေ ၊ ပြန်လည်ဖန်တီးဖို့ မလွယ်ကူတဲ့ ဗိသုကာ လက်ရာတွေဟာ ပုဂံကို ကမ္ဘာကျော်စေတဲ့ အဓိက အချက်တွေဆိုရင်မမှားပါဘူး။ ဒါကြောင့်မို့ ကိုယ်ဟာ ဗိသုကာလက်ရာတွေကို စိတ်ဝင်စားတဲ့သူတစ်ယောက်ဆိုရင်တော့ ပုဂံကို သွားရောက်လေ့လာဖို့ဟာ အနီးစပ်ဆုံးနဲ့ အကောင်းဆုံး အခွင့်အရေးတစ်ခုပါပဲ။ အကယ်၍ ပုဂံကို သွားလည်ချင်တယ်ဆိုရင်တော့ အဆင့်မြင့်ဟိုတည်တွေကနေပြီးတော့ ဈေးသက်သာတဲ့ တည်းခိုခန်းတွေအထိ ရွေးခြယ်စရာအများအပြားရှိပါတယ်။ မြင်းလှည်းတွေ ၊ ကားတွေ ငှားသွားမယ့် အစား ကိုယ့်အစီအစဉ်နဲ့ ကိုယ် လျှပ်စစ်စက်ဘီးငှားရမ်းပြီး လည်ပတ်နိုင်တာမို့ မလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေ မရှိအောင် ချွေတာလို့ ရပါတယ်။ 

၄။ ဖူးခက် ( ထိုင်းနိုင်ငံ ) 

အကယ်၍ သင်ဟာ ပင်လယ်ကမ်းခြေဒေသတွေကို ကြိုက် နှစ်သက်သူတစ်ဦးဆိုရင်တော့ ထိုင်းနိုင်ငံမှာရှိတဲ့ ဖူးခက်ဟာ သင့်အတွက်ပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ကျွန်းတစ်ခုဖြစ်ပြီးတော့ သန့်ရှင်းလှပမှုတွေနဲ့ ထင်ရှားပါတယ်။ ပင်လယ်ရေဟာ ကြည်လင်နေပြီးတော့ လှပတဲ့ သန္တာကျောက်တန်းတွေရှိတာကြောင့် လှေစီးတာ ၊ ရေငုံ့တာတွေဟာ စွဲဆောင်မှုတစ်ခုဖြစ်နေပါတယ်။ ပွဲတော်တွေလည်း အထူးများပြားတဲ့ ဒေသတစ်ခုဖြစ်ပြီးတော့ ကိုယ်ဟာ အပန်းဖြေခရီးတစ်ခုထွက်ချင်တယ်ဆိုရင်တော့ အသင့်တော်ဆုံးဒေသတစ်ခုဆိုရင်လည်းမမှားပါဘူး။ နောက်ပြီး တော့ ကမ္ဘာမှာ ထင်ရှားတဲ့ ထိုင်းနိုင်ငံရဲ့ ဒေသအစားအစာတွေကိုလည်း မြည်းစမ်းဖို့ အခွင့်အရေးလည်း အများကြီးရှိမှာပါပဲ။ အကယ်၍သာ သင်ဟာ ပင်လယ်ကမ်းခြေဒေသကို အပန်းဖြေခရီးထွက်ဖို့ ကြံစည်နေတယ်ဆိုရင်တော့ ဖူးခက်ကို သွားရောက်လည်ပတ်အပန်းဖြေကို အကြံပြုပါရစေ။ ဖူးခက်ကို လည်ပတ်မယ်ဆိုရင်တော့ အကြမ်းဖျင်းအားဖြင့် တစ်ရက်ကို ဘတ် ၃၀၀၀ ဝန်းကျင်ခန့် ကျသင့်နိုင်ပါတယ်။ အစားအသောက်အတွက်သုံးမယ်ဆိုရင် တစ်ရက်ကို ဘတ် ၆၀၀ ဝန်းကျင်ခန့် ကျသင့်နိုင်ပြီး အလည်အပတ်သွားဖို့ ဆိုင်ကယ် ၊ တုတ်တုတ် အစရှိတာတွေဟာ ဘတ် ၃၀၀ ဝန်းကျင်ကနေ ကိုယ်သွားသလောက် ကျသင့်မှာပါ။ အကယ်၍ စုံတွဲ ၂ ယောက်သာ ဖူးခက်မှာ တစ်ပတ်ထိထိ ဟိုတည်မှာနေထိုင်ပြီး လည်ပတ် အပန်းဖြေ အနားယူမယ်ဆိုရင် ဘတ် ၄၅၀၀၀ ဝန်းကျင်ခန့် ကျသင့်နိုင်ပါတယ်။ 

ဒီကနေ့မှာတော့ ကျွန်တော်တို့ အာရှတိုက်မှာရှိတဲ့ လည်ပတ်ချင်တဲ့အခါမှာ ထိပ်တန်းနေရာတွေလို့ တင်စားလို့ရတဲ့ ဒေသ ၄ မျိုးကို ဖော်ပြပေးသွားပါတယ်။ လည်ပတ်တဲ့အခါ ကုန်ကျစရိတ်တွေဟာ အကြမ်းဖျင်းတွက်ထားတာမို့ ကိုယ်သွားလည်တဲ့ အချိန် ၊ ကိုယ်နေထိုင်တဲ့ တည်းခိုနေရာ ၊ အစားအသောက်နဲ့ အစီအစဥ်တွေမူတည်ပြီး ကုန်ကျစရိတ်ကလေးတွေဟာ အပြောင်းအလဲဖြစ်နိုင်တာကို သတိပြုစေလိုပါတယ်နော်။ နောက်တစ်ခါတွေမှာတော့ ဒေသတွေမဟုတ်ပဲနဲ့ မြို့တွေကို ဖော်ပြပေးသွားမှာဖြစ်ပြီးတော့ ကိုယ်ဟာ ဒီမြို့တွေကို ခရီးထွက်ချင်တယ်ဆိုရင် ဘာကြောင့် ထွက်ရမလဲ ၊ သူတို့ ထူးခြားချက်တွေဟာ ဘာတွေလဲဆိုတာကို သိရဖို့အတွက်ကို နောက်အပတ်မှာ ဆက်လက်ဖတ်ရှု့ဖို့ အကြံပေးရင်းနဲ့ ပဲ နိဂုံးချုပ်ပါရစေ။ အဆုံးထိ ဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်။

-Bahuthuta Corner

Share:

More Posts

Send Us A Message