Bahuthuta Corner.com

ပိရမစ်တွေရဲ့ စိတ်ဝင်စားဖွယ် အချက်အလက်များ 

အီဂျစ်နိုင်ငံ ပိရမစ်တွေဟာ ကမ္ဘာကျော်ပြီး ထင်ရှားပါတယ်။ ဒါ့အပြင် သူနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေဟာလည်း မယ်မယ်ရရ သိရတာမျိုးတွေ မရှိပဲ လူတွေရဲ့ ထင်ကြေးတွေ ၊ ခန့်မှန်းချက်တွေနဲ့ ပြည့်ဝနေပါတယ်။ တစ်ချို့က ဖာရိုဘုရင်တွေရဲ့ အုတ်ဂူတွေလို့ ဆိုကြတယ်။ တစ်ချို့တွေကတော့ ဒါဟာ တခြားဂြိုလ်က သက်ရှိတွေနဲ့ အဆက်အသွယ်ရှိလို့ ဆိုကြတယ်။ တစ်ချို့တွေကတော့ ဒါတွေဟာ ကြယ်တွေ နက္ခတ်တွေကို လေ့လာဖို့ဆိုပြီး ပြောကြတယ်။ ဘယ်လိုပဲဖြစ်ပါစေ အခုခေတ်မှာတောင် ပြန်လည်တည်ဆောက်ဖို့ ခက်ခဲနေတဲ့ ပိရမစ်ကြီးတွေကို လွန်ခဲ့တဲ့ နှစ်ရာထောင်ချီက တည်ဆောက်နိုင်ခဲ့တာကတော့ အင်မတန်ကို နားလည်ရခက်သလို စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တစ်ခုဆိုတာ ငြင်းဆိုဖွယ်ရာမရှိပါဘူး။ ဒီကနေ့မှာတော့ ဗဟုသုတကနေပြီးတော့ ပိရမစ်တွေနဲ့ ပတ်သတ်တဲ့ စိတ်ဝင်စားဖွယ်ရာအချက်အလက်ကလေးတွေကို ရှာဖွေလေ့လာပြီး ဝေမျှပေးသွားပါမယ်။ 

၁။ အီဂျစ်မှာရှိတဲ့ ပိရမစ်အရေအတွက်ဟာ အနည်းဆုံး အခု ၁၃၀ ရှိပါတယ်။ ကျွန်တော်တို့ ထင်နေကြသလို ဆယ်ဂဏန်းပဲရှိတာမဟုတ်ပဲ ရာနဲ့ချီရှိပါတယ်။ အတိအကျကို ရေတွက်လို့မသိပေမယ့် တစ်ချို့ ပိရမစ်တွေဟာ ပြိုပျက်သွားတာတွေ ၊ ရာစုနှစ်တွေချီတာကြောင့် ပျက်ဆီးသွားတယ်လို့သိရပါတယ်။ အခုလက်ရှိမှာတော့ အီဂျစ်မှာ ပိရမစ်ပေါင်း အခု ၁၃၀ နဲ့ အထက်ရှိပါတယ်။

၂။ ပိရမစ်တွေမှာ ဆောက်ဖို့အသုံးပြုခဲ့တဲ့ ကျောက်တုံးတွေက သာမန်ဆင်တစ်ကောင်ထက် ပိုမိုလေးလံပါတယ်။ တစ်ချို့ကျောက်တုံးတွေဆိုရင်အလေးချိန်ဟာ တန် ၇၀ ကျော်လောက်အထိ ရှိတယ်လို့သိရပါတယ်။ ဒီကိန်းဂဏန်းအရေအတွက်တွေဟာ အခုခေတ်အနေအထားနဲ့တောင် လက်ခံနိုင်စရာ သိပ်မရှိတာကြောင့်မို့ လွန်ခဲ့တဲ့ နှစ်ရာထောင်ချီက ဒီကျောက်တုံးတွေကို ဘယ်လိုရွှေ့ခဲ့သလဲ ၊ ဘယ်လိုဆောက်ခဲ့ကြသလဲဆိုတာဟာ အင်မတန်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ 

၃။ ပိရမစ်တွေက အပြင်က မြင်ရသလိုမျိုး ကျစ်ကျစ်လစ်လစ် သိပ်သိပ်သည်းသည်းရှိတာမဟုတ်ပါဘူး။ ပိရမစ်အထဲမှာ လျှို့ဝှက်အခန်းတွေ ၊ လျှောက်လမ်းတွေ ၊ လူသွားလမ်းတွေဟာ ပင့်ကူအိမ်လို ရှုပ်ထွေးနေတာပါ။ 

၄။ ပိရမစ်တွေဟာ အများထင်ကြသလို ကျွန်တွေနဲ့ တည်ဆောက်ထားကြတာမဟုတ်ပါဘူး။ နောက်ဆုံးလေ့လာတွေ့ရှိချက်တွေအရ ပိရမစ်ကို တည်ဆောက်သူတွေဟာ အခကြေးငွေကောင်းကောင်းရရှိပြီး ကောင်းကောင်းမွန်မွန်စားသောက်ရတဲ့သူတွေလို့သိရပါတယ်။ ကျွန်တွေမဟုတ်ပဲ အလုပ်သမားတွေ ဖြစ်နိုင်ပြီး သူတို့ သေဆုံးတဲ့အခါမှာလည်း မြင့်မြတ်တဲ့ ပိရမစ်တွေအနားမှာ မြုပ်နှံခွင့်ရကြတဲ့သူတွေလို့လည်း သိရပါတယ်။ 

၅။ ပိရမစ်တွေကို ကြယ်တွေ နက္ခတ်တွေနဲ့ ချိန်ပြီး ဆောက်ထားကြတာပါ။ အခုချိန်မှာတော့ အချိန်ကာလတွေ ကြာမြင့်သွားလို့ ဂြိုလ်သွားဂြိုလ်လာတွေ အပြောင်းအလဲရှိပေမယ့် သူတို့ ဆောက်ခဲ့တဲ့ အချိန်ကာလ နဲ့ ပြန်လည်ချိန်ကြည့်တဲ့အခါမှာ ကြယ်တွေ ၊ ဂြိုလ်တွေနဲ့ တစ်သားတည်းဖြစ်နေတာကို တွေ့နိုင်ပါတယ်။ 

၆။ ပိရမစ်တွေဟာ ဆောက်ပြီးကာစ နဲ့ အချိန်ကာလ တစ်ခုအထိ စိန်တွေလို တစ်ဖြတ်ဖြတ်တောက်ပနေခဲ့ပါတယ်။ သူတို့ကို ကျောက်တုံးတွေနဲ့ တည်ဆောက်ထားတာမှန်ပေမယ့် အပေါ်ကနေ ပေါ်လစ်တင်ထားတဲ့ Lime Stone တွေနဲ့ ကာရံထားပါတယ်။ ဒီကျောက်တွေဟာ နေရောင်ထိုးတဲ့အခါမှာ စိန်တွေလို အရောင်တစ်ဖြတ်ဖြတ်တောက်နေပြီး ပိရမစ်တွေကို မိုင်ပေါင်းများစွာတွေကနေလှမ်းမြင်တွေ့နိုင်တယ်လို့ ဆိုပါတယ်။ 

၇။ ပိရမစ်တွေ အကုန်လုံးဟာ ကျွန်တော်တို့မြင်နေကြဖြစ်တဲ့ လေးမြှောင့်ချွန်ပုံစံတစ်ခုတည်းပဲ မဟုတ်ပါဘူး။ 

၈။ ပိရမစ်တစ်ခုကို တည်ဆောက်ဖို့အတွက် ဆယ်စုနှစ် ၂ ခု စာလောက် အချိန်ယူရပြီး လူ အယောက် ၁ သောင်း ကနေ ၅ သောင်းဝန်းကျင်လောက် ပါဝင်ဆောက်လုပ်ကြရပါတယ်။ 

၉။ ပိရမစ်တွေမှာ ဒီနေ့အထိ အဖြေရှာလို့မရသေးတဲ့ လျို့ဝှက်ချက်တွေများစွာရှိနေသေးတယ်။ သူတို့ကို ဘယ်လို ဆောက်ခဲ့သလဲဆိုတာ ကျွန်တော်တို့ မသိရသလို ၊ ဘာကြောင့်ဆောက်ခဲ့တယ်ဆိုတာကိုလည်း ရေရေရာရာမသိရသေးပါဘူး။ 

ဒီနေ့မှာတော့ ပိရမစ်တွေနဲ့ပတ်သတ်ပြီး လူတွေ သိပ်မသိသေးတဲ့ အကြောင်းအရာလေးတွေကို ဝေမျှပေးခဲ့ပါတယ်။ နောက်အပတ်တွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖွယ်ရာတွေ ၊ ဗဟုသုတရစရာတွေ ဝေမျှပေးသွားမှာမို့ Bahuthuta Corner Page လေးကို See First လုပ်ထားဖို့ မမေ့နဲ့နော်လို့ ပြောရင်းနဲ့ နိဂုံးချုပ်လိုက်ပါရစေ။ အဆုံးထိ ဖတ်ရှု့ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ 

-Bahuthuta Corner

Share:

More Posts

Send Us A Message