Bahuthuta Corner.com

ဆယ်ကျော်သက်အရွယ်ပြောင်းလဲမှုများ

ကလေးဘဝကနေ ဆယ်ကျော်သက်အရွယ်ကို ရောက်လာတဲ့အခါမှာ ခန္ဓာကိုယ်မှာ ကြီးကောင်ဝင်လာတဲ့ အနေနဲ့ ပြောင်းလဲမှုတွေများစွာရှိလာပါတယ်။ မိန်းကလေးတွေဆိုရင် သိသိသာသာရင်သားဖွံဖြိုးလာတာ ၊ ဓမ္မတာ စက်ဝန်းလာတာ အစရှိတဲ့ ပြောင်းလဲမှုတွေ ရှိလာသလို ယောင်္ကျားလေးမှာလည်း အသံအောလာတာ ၊ အမွှေးအမျှင်တွေထွက်လာတာ အစရှိတာတွေ ပြောင်းလဲမှုတွေရှိလာပါတယ်။ ဒီကနေ့မှာတော့ ဗဟုသုတကနေပြီး ဆယ်ကျော်သက်အရွယ်ပြောင်းလဲမှုတွေ နဲ့ ပတ်သတ်ပြီး ဝေမျှပေးသွားပါမယ်။

သိသာထင်ရှားတဲ့ ပြောင်းလဲမှုများ

ကြီးကောင်းဝင်စအရွယ်မှာ ကျွန်တော်တို့ ကလေးဘဝကရှိခဲ့တဲ့ ခန္ဓာကိုယ်ကနေ လူကြီးဖြစ်ပြီဆိုတဲ့ အပြောင်းအလဲအနေနဲ့ လူကြီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်အဖြစ်ကို ဖွံဖြိုးလာပါတယ်။ ဒီလိုဖွံဖြိုးလာတဲ့အခါမှာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကတော့ အသိသာဆုံးပဲဖြစ်ပါတယ်။

ခန္ဓာကိုယ်နံ့ပြင်းထန်လာခြင်း – ယောင်္ကျားလေးတွေဆိုရင် သိသိသာသာ အသံသြလာတယ်။ အမွှေးအမျှင်တွေ ပိုမိုသန်ပြီးထွက်လာတယ်။ ခန္ဓာကိုယ်နံ့တွေ ပြင်းလာတယ်။ အရိုးအဆစ်တွေ ကြီးလာတယ် အစရှိတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပါတယ်။ စိန်ခေါ်မှုတစ်ရပ်ကတော့ ခန္ဓာကိုယ်နံ့အလွန်အမင်း ပြင်းလာတာပါပဲ။ ယောင်္ကျားလေးနဲ့ မိန်းကလေးကွာခြားတာဟာ မိန်းကလေးတွေဟာ ခန္ဓာကိုယ်နံ့ပြင်းလာရင်တောင် ထိန်းထိန်းသိမ်းသိမ်းနေတတ်ကြပြီး ကိုယ့်ဘာသာ ဘယ်လိုပြုမူနေထိုင်ရမလဲဆိုတာကို အမေတွေ ၊ အဒေါ်တွေ ၊ အစ်မတွေက ဝေမျှပေးတတ်ကြပါတယ်။ ယောင်္ကျားလေးတွေကတော့ အချင်းချင်းဝေမျှမှုအားနည်းတာကြောင့် ခန္ဓာကိုယ်အနံ့အပြင်းတာဟာ ကြီးကောင်ဝင်စအရွယ်မှာ ကြီးမားတဲ့ စိန်ခေါ်မှု တစ်ရပ်ပါ။ ယောကျ်ားလေးပဲဖြစ်ဖြစ် ၊ မိန်းကလေးပဲဖြစ်ဖြစ် ခန္ဓာကိုယ်နံ့ပြင်းထန်လာတဲ့အခါမှာ တစ်ကိုယ်ရည် သန့်ရှင်းရေးကို ယခင်က ထက်ပိုပြီး ဂရုစိုက်ရပါတယ်။ ဥပမာ – ရေပုံမှန်ချိုးတာ ၊ ခေါင်းပုံမှန်လျှော်တာ ၊ ချိုင်းချွေးနံ့ကိုထိန်းပေးတဲ့ Roll on / ကျောက်ချဉ်အသုံးပြုတာ ၊ အသားနဲ့ အသီးအရွက်ကို မျှတစွာ စားတာ အစရှိတာတွေဟာ ကိုယ်ခန္ဓာနံ့ကို ထိန်းသိမ်းပေးနိုင်ပါတယ်။

ဇီဝဖြစ်စဉ်ပြောင်းလဲလာခြင်း – ကလေးအရွယ်မှာ မသိသာပေမယ့် ကြီးကောင်ဝင်လာတဲ့အခါမှာတော့ ယောင်္ကျားလေး ၊ မိန်းကလေးပြောင်းလဲမှုတွေက ကွဲပြားသွားတတ်ကြပါတယ်။ အမျိုးသမီးတွေဆိုရင် ရင်သားဖွံဖြိုးတာ ၊ ရာသီစက်ဝန်းစတာတွေဟာ သိသာတဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်လာပါတယ်။ ကြီးကောင်ဝင်စအရွယ်မှာ ရာသီစက်ဝန်းတွေ စတင်တယ်ဆိုပေမယ့် လူတိုင်းက ပုံမှန်အတိုင်း လည်ပတ်နေတာမျိုးမဟုတ်ပဲနဲ့ လူနေမှုပုံစံကို မူတည်ပြီး ပြောင်းလဲမှုရှိနိုင်ပါတယ်။ ဥပမာ – အချို့အမျိုးသမီးတွေဟာ ၂၈ ရက် တစ်ကြိမ် ရာသီစက်ဝန်းလည်တယ်ဆိုပေမယ့် အချို့တွေဟာ ၁ လ တစ်ကြိမ် ၊ ၂ လ တစ်ကြိမ် စသဖြင့် အမျိုးမျိုးရှိတတ်ကြပါတယ်။ ဒါ့အပြင် ရာသီစက်ဝန်းစတဲ့အခါမှာ ဗိုက်အောင့်ခြင်းကို ကြုံကြရတာဟာလည်း အပြောင်းအလဲတစ်ခုပါပဲ။ ရာသီစက်ဝန်းကြောင့် ဗိုက်အောင့်ကြတဲ့အခါမှာ ချောကလက် အခါးစားတာ ၊ အနွေးအိတ်ကလေးနဲ့ ကပ်ပေးတာဟာ သက်သာစေတယ်လို့လည်း ပြောတတ်ကြပါတယ်။

ဝက်ခြံတွေထွက်လာတာ – မိန်းကလေးပဲဖြစ်ဖြစ် ၊ ယောင်္ကျားလေးပဲဖြစ်ဖြစ် ကြီးကောင်ဝင်တာနဲ့ ဝက်ခြံထွက်တာကို ကြုံကြရပါတယ်။ ဝက်ခြံထွက်တယ်ဆိုတာဟာ ကိုယ့်အရေပြားအောက်မှာရှိတဲ့ ချွေးပေါက်ကလေးတွေက ထွားလာပြီး ဟော်မုန်းအပြောင်းအလဲတွေကြောင့် ကိုယ်ခန္ဓာကိုယ်ထွက်လာတဲ့ အဆီတွေ ၊ ဆဲလ်အသေတွေ၊ ပြင်ပကဖုန်မှုန့်အညစ်အကြေးတွေကြောင့် ချွေးပေါက်ပိတ်ရာကနေပြီး ဝက်ခြံထွက်ကြပါတယ်။ ဝက်ခြံထွက်တတ်ကြတဲ့သူတွေအနေနဲ့ မျက်နှာကို ပုံမှန်သန့်စင်ပေးပြီး ၊ ကိုယ့်အရေးပြားနဲ့ သက်ဆိုင်တဲ့ တစ်ကိုယ်ရည်ထိန်းသိမ်းတဲ့ ပစ္စည်းတွေ ဥပမာ အဆီပြန်တဲ့သူဆိုရင် အဆီပြန်ခြင်းကို ထိန်းသိမ်းပေးတဲ့ မျက်နှာသစ်ဆပ်ပြာ ၊ အဆီစုပ်ပေးတဲ့ တစ်ရှုး ၊ ညအိပ်ခါနီးတိုင်း မျက်နှာကို ဆေးကြောသန့်စင်တာ အစရှိတာတွေက ဝက်ခြံအလွန်အမင်းထွက်ခြင်းတွေကို ကာကွယ်ပေးနိုင်မှာပါ။ ဝက်ခြံကို တွေ့ကရာ အပ်နဲ့ ဖောက်ခြင်း ၊ အလွန်အမင်းညှစ်ခြင်း ၊ မသန့်စင်တဲ့ လက်နဲ့ ကိုင်ခြင်းဟာ ပြင်ပပိုးမွှားတွေ ဝင်စေပြီး ပိုမိုဆိုးရွားစေနိုင်တာကို သတိပြုရပါမယ်နော်။

ကြီးကောင်ဝင်စအရွယ်မှာ ခန္ဓာကိုယ်ဟာ လူကြီးအဖြစ်သို့ စတင်ပြောင်းလဲနေတာကြောင့် သိသိသာသာကော မသိမသာ ပြောင်းလဲမှုတွေကိုပါ အနည်းနဲ့အများ ကြုံတွေ့ကြရမှာပါ။ အသံပြောင်းလဲ သွားတာ ၊ ပိုမိုထွားလာတာ ၊ အစရှိတာတွေဟာ ကိုယ်ထိန်းချုပ်လို့မရတာတွေကြောင့် မဖြစ်မနေ လက်ခံရမှာပါ။ ဒါ့အပြင် ဆယ်ကျော်သက်ကြီးကောင်ဝင်စအချိန်မှာ ဝက်ခြံအလွန်အမင်းထွက်တတ်တာ ကြောင့် ကိုယ်ဟာ ဝက်ခြံတွေ အလွန်အမင်းထွက်တယ်ဆိုရင် ဒါကို စိတ်ဓာတ်မကျဖို့လည်းလိုအပ်ပါတယ်။ ဝက်ခြံထွက်ခြင်းဟာ ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ခုမို့ သေချာဂရုစိုက်ပြီး သန့်စင်အောင်ထားရင် မကြာခင်မှာ သက်သာပျောက်ကင်းသွားမှာပါ။ မိန်းကလေးတွေလည်း ကိုယ့်ရဲ့ ဓမ္မတာနဲ့ပတ်သတ်ပြီး မသိတာ နားမလည်တာရှိရင် ကြားဖူးနားဝတွေ ဆေးမြီးတိုတွေ နဲ့ မစမ်းသပ်ပဲနဲ့ ကိုယ့်ဖြစ်ပေါ်တာတွေကို မိခင်ကို ဖြစ်စေ ၊ အစ်မကို ဖြစ်စေ ၊ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ ဖြစ်စေ တိုင်ပင်ဆွေးနွေးကြဖို့ အကြံပေးချင်ပါတယ်နော်။ ကြီးကောင်ဝင်စအရွယ်ရောက်လာပြီဆိုတာနဲ့ ကိုယ်ဟာ လူကြီးဖြစ်လာဖို့ နီးစပ်လာပြီ။ ကိုယ့်ရဲ့ အပြုအမူတွေ ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးတွေဟာ ကိုယ်နဲ့ သက်ဆိုင်လာပြီလို့ပဲ ဝေမျှရင်း အဆုံးသတ်လိုက်ပါရစေ။ အဆုံးထိဖတ်ရှု့ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။

Bahuthuta Corner

Share:

More Posts

Send Us A Message