တစ်ခါတစ်လေမှာ ကျွန်တော်တို့ တွေးမိကြပါလိမ့်မယ်။ ငါက ကောင်းကောင်းနေသလောက် ဘာလို့ ငါ့ကျမှ ကောင်းကောင်းမွန်မွန်မဖြစ်ရတာလဲ။ တစ်ခြားသူများကို ဖျံကျတတ်တဲ့သူတွေ ၊ မကောင်းတာတွေကို လုပ်ကိုင်နေကြတဲ့သူတွေကျဘာလို့ အဆင်ပြေနေရတာလဲ စသဖြင့် ကောင်းမွန်ခြင်းအပေါ်မှာ မေးခွန်းထုတ်စရာတွေ ဖြစ်လာပါတတ်ပါတယ်။ မှန်ပါတယ် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မကောင်းမှုတွေကို တွင်တွင်ကျယ်ကျယ်ပြုလုပ်ပြီး အဆင်ပြေနေတဲ့သူတွေလည်းမြင်နိုင်သလို ကောင်းပါလျက်နဲ့ ဘဝကို ရုန်းကန်နေကြရတဲ့သူတွေကိုလည်း မြင်ရတွေ့ရပါလိမ့်မယ်။ ဒီလိုအချိန်တွေမှာ အကုန်လုံးထင်ထားကြသလိုမျိုး ကောင်းမွန်အောင်နေထိုင်ရှင်သန်ခြင်းဟာ တကယ်ပဲ ကိုယ့်အတွက်ကော ကိုယ့်ဘဝအတွက်ပါ ကောင်းမွန်စေရဲ့လားဆိုတဲ့အရာက တကယ် အစစ်အမှန်ပဲဟုတ်ရဲ့လားဆိုတာ ဇဝေဇဝါတွေဖြစ်လာတတ်ကြပါတယ်။
ကောင်းမွန်တဲ့အရာတွေကို လုပ်ကိုင်တဲ့သူဟာ ကောင်းမွန်ခြင်းတွေကိုပြန်ရတယ်လို့ ငယ်ရွယ်စဉ်ကတည်းက ကျွန်တော်တို့ ဆုံးမခံခဲ့ကြရပေမယ့် တကယ်တမ်းလက်တွေ့ဘဝမှာ မလွယ်ကူပါဘူး။ ကောင်းမွန်ခြင်းတွေဟာ အချိန်ယူတတ်ကြပါတယ်။ ဥပမာ တစ်ခု ပြောရရင် အင်မတန်ကြီးကျယ်လှပတဲ့ ရောမ မြို့ကြီးကို တစ်ရက်တည်း အပြီးဆောက်ခဲ့တာမဟုတ်ပါဘူး။ အချိန်ပေါင်းများစွာ ၊ အခက်အခဲပေါင်းများစွာ ရင်ဆိုင်ဖြတ်ကျော်ပြီးမှသာလျှင် ဒီမြို့ကြီးကို တည်ဆောက်နိုင်ခဲ့တာပါ။ ဒါ့ကြောင့်မို့လို့ ကောင်းမွန်တဲ့အရာကို လုပ်ကိုင်ပြုမူနေထိုင်ခြင်းဟာ ချက်ခြင်းလက်ငင်းအကျိုးပေးဖို့ ဆိုတာထက် ရေရှည်မှာ ကိုယ့်ဘဝအတွက် ကောင်းမွန်အဆင်ပြေစေမယ့် အုတ်ချပ်ကလေးတွေပဲဖြစ်ပါတယ်။
ကောင်းမွန်တဲ့အရာတွေဟာ အချိန်ယူတတ်တယ်လို့ပြောရခြင်းဟာ ကျွန်တော်တို့ ဘဝက တစ်ခဏလေးပဲနေထိုင်ဖြတ်ကျော်ရတာမဟုတ်ပဲနဲ့ အခြေအနေ အခက်အခဲပေါင်းများစွာကို ဖြတ်ကျော်သွားရတဲ့ ဘဝတစ်ခုဖြစ်လို့ပါပဲ။ နောက်ထပ်ဥပမာ တစ်ခုအနေနဲ့ ပြောရရင် ကိုယ်ဟာ မနက်တိုင်း ၁ နာရီခန့်ပြေးတယ်ဆိုပါစို့။ ပြေးနေကျမဟုတ်တဲ့အတွက် ပထမ အပတ်မှာတော့ ကိုယ့်အတွက် မနက်ပိုင်း ၁ နာရီပြည့်အောင် ပြေးရတာဟာ ကြီးမားတဲ့ စိန်ခေါ်မှုကြီးတစ်ခုပါပဲ။ ဒုတိယအပတ်ကိုရောက်လာတဲ့အခါ ပထမ အပတ်လောက် ခဲရာခဲဆစ်မရှိတော့ပဲ တတိယ အပတ် ၊ စတုတ္ထအပတ်ရောက်တဲ့အခါမှာတော့ မနက်ပိုင်း ၁ နာရီပြည့်အောင်ပြေးရတာဟာ ကိုယ့်အတွက် ခက်ခဲတဲ့အရာတစ်ခုမဟုတ်တော့ပါဘူး။ တစ်ဖက်မှာလည်း စစပြေးစဉ်ကာလမှာ မောမယ် ၊ ခြေတွေလက်တွေကိုက်ခဲမယ် ၊ အလွန်အမင်းပင်ပန်းတယ် အစရှိတဲ့ သက်ရောက်မှုလေးတွေ ခံစားရပေမယ့် အချိန်ကာလ အတန်ကြာလာတဲ့အခါမှာ ကိုယ့်ခန္ဓာကိုယ်ဟာ အဆီပိုတွေကျလာမယ်။ သက်လုံကောင်းလာမယ်။ အရိုးအဆစ်တွေက ကျန်းမာသန်စွမ်းလာမယ်။ ပေါ့ပေါ့ပါးပါးရှိလာမယ်။ အမြဲတမ်း တက်တက်ကြွကြွနဲ့ ကျန်းမာရေးတွေကပိုမိုကောင်းမွန်လာမယ်။ အစရှိတဲ့ ကောင်းကျိုးတွေကို ခံစားရနိုင်မှာပဲဖြစ်ပါတယ်။ ဒီလိုမျိုးကောင်းမွန်တဲ့ အကျိုးအာနိသင်တွေကို ရရှိစေဖို့ ၁ ရက် ၁ ပတ်တည်းနဲ့ ပြေးခဲ့ရတာမဟုတ်ပဲနဲ့ အချိန်ကာလ အတန်ကြာအောင် စိန်ခေါ်မှုတွေကိုဖြတ်ကျော်ပြီး ပြေးခဲ့ရတာမို့ ကောင်းမွန်တဲ့အကျိုးရလဒ်တွေကို ရရှိစေဖို့အတွက် အချိန်ပေးရတယ်ဆိုတာအတွက် အကောင်းဆုံး ဥပမာတစ်ခုပါပဲ။
ကောင်းမွန်တဲ့အကျင့်တစ်ခု ၊ အပြုမူတစ်ခုကို တည်ဆောက်နိုင်ခြင်းဟာ ကျွန်တော်တို့ ရေတိုမှာ သိသာမှာမဟုတ်ပါဘူး။ အပေါ်က ပြောခဲ့တဲ့ ပြေးတဲ့ ဥပမာလိုပဲ အစပိုင်းမှာ အခက်အခဲတွေ ရင်ဆိုင်မှုတွေနဲ့ ကြုံတွေ့ရမှာဖြစ်ပြီး အချိန်အတိုင်းအတာ တစ်ခုရောက်မှသာလျှင် သူ့ဆီကနေရရှိလာတဲ့ ကောင်းကျိုးတွေကို ခံစားနိုင်မှာပဲဖြစ်ပါတယ်။ သူများတွေရဲ့ ကောင်းခြင်း ၊ မကောင်းခြင်းဟာ ကိုယ့်ကို ထိခိုက်ပတ်သတ်လာခြင်းမရှိသ၍ ကိုယ်နဲ့တိုက်ရိုက် သတ်ဆိုင်ခြင်းမရှိပါဘူး။ နောက်ပြီး ကိုယ်ဟာ တစ်ခြားသူရဲ့ ဘဝကို အလုံးစုံမသိနိုင်တဲ့အလျောက် သူဟာ ဘယ်လိုမျိုးကောင်းတယ် ၊ မကောင်းဘူးဆိုတာကို ဆုံးဖြတ်သတ်မှတ်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့်မို့ သူများတွေနဲ့ နှိုင်းယှဉ်နေပြီး စိတ်ရှုပ်ခံမယ့် အစား ကိုယ့်ဘာသာ အာရုံစိုက်အချိန်ပေးပြီး တည်ဆောက်တာ ပိုပြီးလက်တွေ့ကျပြီး ကောင်းမွန်စေတဲ့ နည်းလမ်းတစ်ခုပါပဲ။
ကောင်းမွန်ခြင်းတွေဟာ အချိန်ပေးပြီးစိုက်ပျိုးရမယ့် သစ်ပင်တစ်ခုပါ။ ကောင်းမွန်ဖို့အတွက် အစပြုပေးရသလိုပဲ ရေရှည်တည်တံ့ဖို့အတွက်လည်း ဂရုတစိုက်ထိန်းသိမ်းပေးရပါတယ်။ အချိန်ယူပြီး ကြီးထွားလာမှသာ သစ်ပင်ရဲ့အေးမြမှု ၊ အသီးအပွင့်တွေကို ခံစားရနိုင်သလို ကောင်းမွန်ခြင်းဟာလည်း ကိုယ်တည်ဆောက်လာပြီး အချိန်တစ်ခုရောက်မှသာလျှင် သူ့ရဲ့ အသီးအပွင့်တွေကို ခံစားနိုင်မှာပါ။ ကောင်းမွန် တဲ့အရာတွေဟာ အချိန်ယူတတ်ကြပါတယ်။
-Bahuthuta Corner