ခရီးထွက်ရတာကို နှစ်သက်ပါသလား။ ဘာလို့နှစ်သက်တာပါလဲ။ ဒါမှမဟုတ်ရင် ခရီးထွက်ရတာကို မုန်းတီးတဲ့သူများလား။ ဘာကြောင့်ပါလဲ။ သင်ဟာ ခရီးထွက်ရတာကို ကြိုက်တဲ့ ပုဂ္ဂိုလ်မျိုးဆိုရင် ခရီးထွက်ရမယ်လို့ တွေးမိတဲ့အခါတိုင်းမှာ စိတ်လှုပ်ရှားပြီးတော့ ပျော်ရွှင်မှုတွေကို ခံစားရမှာဖြစ်ပြီး ခရီးထွက်ရမှာ လူတွေနဲ့ ထိတွေ့ဆက်ဆံရမှာမုန်းတီးတဲ့သူမျိုးဆိုရင်တော့ ခရီးထွက်ရမယ့်အခါ စိတ်တွေ လေးလံပင်ပန်းထိုင်းမှိုင်းသွားမှာပဲဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ ဘဝကြီးမှာ တစ်နေရာတည်းမှာပဲ နေထိုင်ရတာထက် တခြားဒေသတစ်ခုခုကို သွားလာရတာတွေ ၊ တခြားလူမျိုး ၊ တခြားယဉ်ကျေးမှုတွေနဲ့ ထိတွေ့ဆက်ဆံရတာတွေက မလွဲမရှောင်သာ ကြုံတွေ့ရမယ့် အရာတွေပဲဖြစ်ပါတယ်။ အကယ်၍ သင်ဟာ ခရီးထွက်ရတာ နှစ်သက်တဲ့သူဆိုရင်တော့ ပြဿနာမရှိပေမယ့် ခရီးထွက်ရတာကို မုန်းတီးတဲ့သူတွေအတွက် ခရီးထွက်ခြင်းကြောင့် ဘယ်လိုအကျိုးကျေးဇူးလေးတွေ ရနိုင်လာသလဲဆိုတာကို ဝေမျှပေးသွားပါမယ်။
၁။ ခရီးထွက်ခြင်းဟာ အသိအမြင်ပိုမိုကျယ်ပြန့်စေတယ်။
မတူညီတဲ့ဒေသတွေ ၊ မတူညီတဲ့ ပုဂ္ဂိုလ် ၊ ယဉ်ကျေးမှုတွေနဲ့ ထိတွေ့ဆက်ဆံရခြင်းဟာ ကိုယ့်ရဲ့ နဂိုရှိရင်းစွဲ အသိအမြင်ထက် ပိုမိုကျယ်ပြန့်စေတဲ့ အတွေးအခေါ်တွေကို ရရှိစေနိုင်ပါတယ်။ ကိုယ့်နေထိုင်ရာ ဒေသနဲ့ အခြေအနေတွေ ၊ ယဉ်ကျေးမှုတွေနဲ့ မတူညီကွဲပြားခြားနားတဲ့ အခြေအနေတစ်ခုကို ကြုံတွေ့ရတဲ့အခါမှာ ကိုယ်ဟာ နဂိုသိထားတာထက် ပိုမိုများပြားတဲ့ အနေအထားမျိုးကို လေ့လာပြီး နှိုင်းယှဉ် သုံးသပ်နိုင်ပါတယ်။ ဒါအပြင် တစ်ခြားဒေသရဲ့ ယဉ်ကျေးမှုတွေ ၊ အစားသောက်တွေ ၊ လူနေမှု ပုံစံတွေ အစရှိတာတွေက ကိုယ်နဲ့ ပိုမို ကိုက်ညီတဲ့အရာတွေလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်မို့လို့ တစ်နေရာတည်းမှာအထိုင်ချပြီး နေထိုင်တဲ့သူတွေထက် ဒေသအများကြီးကို ခရီးတွေထွက်နေတဲ့သူတွေဟာ ပိုမို အသိအမြင်တွေကျယ်ပြန့်တာကို တွေ့နိုင်ပါတယ်။
၂။ ပိတ်မိနေတဲ့ အနေအထားတစ်ခုကနေ လွတ်မြောက်စေနိုင်တယ်။
ကိုယ်ဟာ ၁၂ ရာသီလုံး လုပ်ငန်းခွင်ထဲမှာ ၊ ဒီဒေသတစ်ခုထဲမှာ အချိန်ပြည့်လည်ပတ်နေရတယ်။ လုပ်ကိုင်နေရတယ်။ ဒီအခြေအနေကို ငြီးငွေ့ပြီး စိတ်ပင်ပန်းနေတဲ့အချိန်မှာ ခရီးထွက်ခြင်းဟာ အကောင်းဆုံး အနားယူခြင်းတစ်ခုပါပဲ။ လူတွေဟာ စက်ပစ္စည်းကိရိယာမဟုတ်တဲ့အတွက်ကြောင့်မို့ ၂၄ နာရီ ၇ ရက်လုံး ပုံစံ ၊ အနေအထား ၊ ပတ်ဝန်းကျင် တစ်ခုတည်းမှာပဲ လည်ပတ်ဖို့ဆိုတာ အရမ်းစိတ်ပင်ပန်းဖို့ကောင်းတဲ့ ကိစ္စပါ။ ဒါ့ကြောင့်မို့ ကိုယ့်ရဲ့ အားလပ်ရက်တွေ ၊ အလုပ်နားတဲ့အခါတွေမှာ အချိန်အတိုင်းအတာ တစ်ခုအထိ ယူပြီး အနီးနားက ဒေသတစ်ခုခုကို ခရီးထွက်တာ (ဒါမှမဟုတ်) ဝေးလံခေါင်ပါးတဲ့ ဒေသတစ်ခုကိုသွားတာ ၊ ပင်လယ်တွေ ၊ တောင်တန်းတွေ ၊ မြက်ခင်းပြင်တွေ ၊ သစ်တောတွေ အစရှိတာတွေက သင့်ကို ငြီးငွေ့စေတဲ့ ဘဝကြီးကနေ လွတ်မြောက်စေတဲ့ တံခါးပေါက်ကလေးတွေပါပဲ။
၃။ လူမှုဆက်ဆံရေးတွေကို ပိုမိုတိုးတက်စေတယ်။ အခွင့်အလမ်းတွေ ပိုမိုရရှိစေတယ်။
ကိုယ်ဟာ အမြဲတမ်း တစ်နေရာတည်းမှာနေတာထက်စာရင် အခြားဒေသတစ်ခု ကို သွားလာနေရတာ ဒါမှမဟုတ် အခြားသူတွေနဲ့ ထိတွေ့ဆက်ဆံနေရတာမျိုးဆိုရင် ကိုယ့်ရဲ့ လူမှုဆက်ဆံရေးစွမ်းရည်ဟာ အမြဲတမ်းတိုးတက်နေမှာပါပဲ။ ကိုယ်ပိုင်စွမ်းရည်ဆိုတာ ဓားတစ်လက်လိုပါပဲ။ အမြဲတမ်း အသုံးပြုနေရတဲ့အခါ ဓားကထက်မြက်နေသလို လူတွေကို ထိတွေ့ဆက်ဆံရတဲ့ ဆက်ဆံရေးစွမ်းအင်ကို အမြဲတမ်းအသုံးပြုရတဲ့အခါ ကိုယ့်ရဲ့ လူမှုဆက်ဆံရေးတွေဟာ အစဉ်အမြဲတိုးတက်နေမှာပါ။ ဒါ့အပြင် မတူညီတဲ့ လူမျိုးတွေ ၊ မတူညီတဲ့ ယဉ်ကျေးမှုရှိတဲ့ လူတွေ ၊ မတူညီတဲ့ လူနေမှုရှိတဲ့သူတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ၊ အဆင်ပြေအောင် ဆက်ဆံနိုင်တယ်ဆိုကတည်းက သင်ဟာ သာမန်သူတစ်ယောက်မှာရှိတဲ့ အရည်အချင်းထက်ပိုမိုကောင်းမွန်တဲ့ အရည်အချင်းတစ်ခုကို ပိုင်ဆိုင်နေရပါပြီ။ ဒါ့အပြင် လူမှုဆက်ဆံရေးကောင်းမွန်တဲ့သူတွေအတွက် လုပ်ငန်းခွင်ဆိုင်ရာမှာပဲဖြစ်စေ ၊ လက်တွေ့ဘဝထဲမှာပဲဖြစ်စေ သာမန်လူတွေထက် ပိုကောင်းတဲ့ အခွင့်အလမ်းတွေက ရှိနေစမြဲပါ။ လူ့သဘာဝအရ ကိုယ်နဲ့ အဆင်ပြေတဲ့သူတွေကိုပဲ ပိုပြီး ကောင်းစေချင်တာ ၊ ပိုကောင်းတဲ့အရာကို ပေးချင်တာက သဘာဝပဲ မဟုတ်လားနော်။
၄။ သင့်ကိုယ်သင် ပြန်ပြီးရှာဖွေတွေ့ရှိနိုင်ပါတယ်။
အကယ်၍ သင်ဟာ အသက်ကြီးထဲဝင်လာပြီ တာဝန်ယူမှုတွေ တာဝန်ခံမှုတွေ ရှိလာပြီ ငဲ့ညှာစရာတွေ ရှိလာပြီဆိုတဲ့အနေအထားတစ်ခုမှာ ကိုယ်ဟာ ဘယ်သူလဲ။ ကိုယ်ဘာဖြစ်ချင်တာလဲ။ ကိုယ့်မှာ ဘာတွေရှိလဲ အစရှိတဲ့ မေးခွန်းတွေနဲ့ ကိုယ့်ဘဝကိုယ် ရှာမတွေ့တဲ့အခိုက်အတန့်တွေ ကြုံလာနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ လက်ရှိကြုံတွေ့နေရတဲ့ အနေအထားကနေ ခေတ္တရုန်းထွက်ပြီးတော့ ခရီးထွက်အနားယူ ခေါင်းကိုအေးအေးထားပြန်လည်သုံးသပ်တာက သင့်ကိုသင်ရှာတွေ့ဖို့ ပိုမိုအကူအညီရစေမှာပါ။ အဆိုပါ ခရီးမျိုးကိုထွက်တဲ့အခါမှာ ငယ်ရွယ်စဉ်က သွားနေကျနေရာလေးတွေ ၊ မိသားစုခရီးထွက်တဲ့နေရာလေးတွေ ၊ ကိုယ်သဘောကျတဲ့နေရာလေးတွေကို သွားရောက်ခဲ့ရင်တော့ အရင်အချိန်က အခြေအနေတစ်ခုမှာ ကိုယ်လာခဲ့တာနဲ့ ယခုအခြေအနေမှာ ရောက်လာခဲ့တာနဲ့ ပြန်လည်နှိုင်းယှဉ်သုံးသပ်ကြည့်နိုင်ပါတယ်။ ပိတ်မိနေတဲ့ အနေအထားတစ်ခုမှာ စဉ်းစားတာထက်စာရင် ကိုယ့်ကို လွတ်လပ်စေတဲ့ အနေအထားတစ်ခုမှာ ခေါင်းအေးအေးထားပြီး စဉ်းစားတာမျိုးဟာ ကိုယ့်ကိုယ်ကို ရှင်းရှင်းလင်းလင်း ပြန်လည်ရှာဖွေနိုင်တဲ့ အချက်တစ်ခုပါပဲ။ ကမ္ဘာပေါ်မှာ လည်ပတ်စရာနေရာတွေအများကြီးရှိပါတယ်။ တောင်တန်းတွေ ၊ ပင်လယ်တွေ ၊ သစ်တောတွေ ၊ ကန္တာရတွေ ၊ စိမ့်စမ်းအိုင်တွေ ၊ အစရှိတဲ့ သဘာဝဒေသတွေအပြင် လူတွေ ဖန်တီးပြုလုပ်ထားတဲ့ နေရာဒေသတွေလည်း အမြောက်အများရှိပါတယ်။ ကိုယ်ဟာ ဒေသတစ်ခုတည်းမှာပဲ မွေးဖွားတယ်။ ဒေသတစ်ခုတည်းမှာပဲကြီးပြင်းတယ်။ ဒေသတစ်ခုတည်းမှာပဲ နေထိုင်တယ်ဆိုရင် တခြားဒေသတစ်ခုခုကို အလည်အပတ်ဖြစ်စေ ၊ လေ့လာရင်းဖြစ်စေ ခရီးထွက်ဖို့က သင့်အတွက် အကျိုးများစွာ ဖြစ်ထွန်းစေမှာပါ။ ကိုယ်ဟာခရီးထွက်ရတာကို မုန်းတီးတယ်ဆိုရင်တောင် ခရီးထွက်ခြင်းကြောင့်ရလာနိုင်တဲ့ ကောင်းကျိုးတွေကို ရှေးရှုပြီး အနည်းဆုံးတော့ ကိုယ့် ဒေသနဲ့ ဆက်စပ်ပတ်ဝန်းကျင်ဒေသတွေတော့ သွားရောက်သင့်တယ်လို့ အကြံပေးရင်း ဒီနေ့အတွက် နိဂုံးချုပ်လိုက်ပါရစေ။ အဆုံးထိ ဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်။
-Bahuthuta Corner