နှလုံးဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုမှာပါဝင်နေပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ လိုအပ်နေတဲ့ အောက်ဆီဂျင်တွေ ၊ အာဟာရတွေကို ကိုယ်တွင်းမှာရှိတဲ့ သွေးတွေကနေ တစ်ဆင့် ခန္ဓာကိုယ်အနှံ့ကို လှည့်လည်ပို့ဆောင်ပေးနေပြီးတော့ ဒီသွေးတွေလည်ပတ်နိုင်အောင်လို့ နှလုံးက အဓိက တွန်းအားပေးပြီး လုပ်ဆောင်ပါတယ်။ နှလုံးဟာ ကျုံ့နိုင် ဆန့်နိုင်တဲ့ ကြွက်သားတွေနဲ့ ဖွဲ့စည်းထားပြီးတော့ နှလုံးကို ကျုံ့ခြင်း ၊ ဆန့်ခြင်းအားဖြင့် သွေးကြောတွေကနေ တစ်ဆင့် သွေးတွေကို တွန်းထုတ်ပြီးတော့ လည်ပတ်စေပါတယ်။ ဒါ့အပြင် အောက်ဆီဂျင်တွေ ၊ အာဟာတွေကို ပို့ဆောင်ပြီးသားဖြစ်တဲ့ ညစ်ညမ်းပြီးသား သွေးတွေကိုလည်း ပြန်လည်ယူဆောင်ပါတယ်။ ဒါ့ကြောင့်မို့လို့ ကျွန်တော်တို့ နှလုံး ဟာ ခန္ဓာကိုယ်လည်ပတ်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ ကျွန်တော်တို့ နှလုံးဟာလည်း နာမကျန်းဖြစ်တာတွေ ၊ ရောဂါခံစားရတာ ဖြစ်နိုင်ပါတယ်။ ဒီနေ့မှာတော့ အဖြစ်များတဲ့ နှလုံးရောဂါ အကြောင့် နှင့် ဘယ်လိုဖြစ်နိုင်သလဲ ၊ ဘယ်လိုကာကွယ်နိုင်သလဲဆို တာလေးတစ်ချို့ကို ဝေမျှပေးသွားပါမယ်။
၁။ နှလုံးသွေးကြောကျဉ်းရောဂါ
နှလုံးသွေးကြောကျဉ်းရောဂါဟာ နှလုံးသွေးကြောတွေ ပိတ်ဆို့သွားတာ ဒါမှမဟုတ် တစ်စုံတစ်ခုကြောင့်( အဆီပိတ်ခြင်း ) ပုံမှန်အတိုင်း အလုံအလောက်သွေးမပို့နိုင်တဲ့အခါမှာ ဖြစ်ပေါ်လေ့ရှိပါတယ်။ ဒီလိုပိတ်ဆို့သွားတဲ့အခါမှာ ပုံမှန်အတိုင်းသွေးလည်ပတ်ခြင်းမပြုနိုင်ပဲ ၊ နှလုံးမှာ လုံလောက်တဲ့ သွေးတွေ ပြန်လည်မရှိတာတွေဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီလိုနှလုံးသွေးကြောကျဉ်းတဲ့အခါ Heart Attack ၊ Heart Failure အစရှိတာတွေဖြစ်ပေါ်စေနိုင်ပါတယ်။ အဆိုပါဖြစ်စဉ်တွေမှာဆိုရင် ရင်ဘတ်အောင့်ခြင်း (သို့) ပုံမှန်မဟုတ်ပဲ သက်တောင့်သက်သာဖြစ်မနေခြင်း ၊ အစာမခြေနိုင်ခြင်း ၊ မူးဝေအန့်အောခြင်း ၊ အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်း ၊ အသက်ရှုမဝခြင်း ၊ လည်ပင်းတွေ ၊ ခြေထောက်တွေမှာ ချွေးစေးပြန်ခြင်း အစရှိတာတွေဖြစ်ပေါ်နိုင်ပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါကို အဓိက ဖြစ်ပေါ်စေတာကတော့ အဆီကို လွန်မင်းစွာစားသုံးခြင်း ၊ ခန္ဓာကိုယ်မှာ မလိုအပ်တဲ့ အဆီပိုတွေများနေခြင်း ၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း ၊ အရက်အလွန်အကျွံသောက်သုံးခြင်းတွေပဲဖြစ်ပါတယ်။
၂။ နှလုံးခုန်နှုန်းမမှန်ခြင်း
နှလုံးဟာ ပုံမှန်စည်းချက်တစ်ခုနဲ့ တစ်မိနစ်ကို ဘယ်လောက်နှုန်းအစရှိသဖြင့် ကျုံခြင်း ၊ ဆန့်ခြင်းတွေကို အဓိက ပြုလုပ်နေပါတယ်။ နှလုံးခုန်နှုန်းမမှန်တဲ့အခါမှာတော့ အလွန်အမင်း နှလုံးခုန်တာမျိုး ဒါမှမဟုတ် အလွန်အမင်းနှေးတာမျိုး အစရှိတာတွေဖြစ်လာနိုင်ပါတယ်။ လူတစ်ယောက်ရဲ့ နှလုံးခုန်နှုန်းဟာ ပုံမှန်အားဖြင့် ၁ မိနစ်ကို အကြိမ်ရေ ၆၀ မှ ၁၀၀ အထိ ရှိပြီး လေ့ကျင့်ခန်းလုပ်တဲ့အခါ ဒါမှမဟုတ် အကြောင်း တစ်စုံတစ်ခုကြောင့် လှုံ့ဆော်တဲ့အခါမှာတော့ အကြိမ်ရေ ၁၅၀ ကနေ ၁၇၀ အထိရှိလာနိုင်ပါတယ်။ အကယ်၍ သင့်နှလုံးခုန်နှုန်းက ဒီထက်ပိုများနေတယ် ဒါမှမဟုတ် ဒီထက် လျော့နည်းနေတယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ ပြပြီးတော့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ နှလုံးခုန်နှုန်းအလွန်အမင်းမြန်တဲ့အခါမှာ မူးဝေသလိုခံစားရခြင်း ၊ အသက်ရှုမရခြင်း အစရှိတဲ့လက္ခဏာတွေပြသပြီးတော့ နှလုံးခုန်နှုန်းနှေးတဲ့အခါမှာတော့ မူးဝေခြင်း ၊ ရင်ဘတ်အောင့်ခြင်း ၊ ပင်ပန်းနွမ်းနယ်ခြင်း ၊ အသက်ရှုမရခြင်း ၊ သတိလစ်ခြင်း အစရှိတာတဲ့ လက္ခဏာတွေပြသပါတယ်။ နှလုံးခုန်နှုန်းမမှန်တဲ့ အခြေအနေကို ဖြစ်ပေါ်စေတဲ့အကြောင်းအရာတွေကတော့ နှလုံးဟာ နဂိုမူလအတိုင်း မလုပ်ဆောင်နိုင်ခြင်း ၊ ကိုဗစ်ဖြစ်ထားခြင်း ၊ နှလုံးအားနည်းခြင်း ၊ လေဖြတ်ခြင်း ၊ အခြားဆေးဝါးသုံးစွဲမှုတွေကြောင့် ဖြစ်ပေါ်စေနိုင်ပါတယ်။
၃။ နှလုံးအဆို့ရှင်များ ပုံမှန်အတိုင်းမဟုတ်ခြင်း
ကျွန်တော်တို့ နှလုံးဟာ အဆို့ရှင်များစွာနဲ့ အတူအလုပ်လုပ်ပါတယ်။ ခန္ဓာကိုယ်မှာ သွေးတွေကို ဦးတည်ရာတစ်ခုတည်းကို လည်ပတ်စေဖို့အတွက် အဆို့ရှင်တွေဟာ အများအပြား အရေးပါပါတယ်။ သွေးတွေကို ဆက်လက်လည်ပတ်စေဖို့ ၊ နောက်ပြန်မရောက်စေဖို့ ၊ ကန့်သတ်သင့်တာတွေကို ကန့်သတ် ၊ ဖွင့်ချသင့်တာတွေကို ဖွင့်ချဖို့ လုပ်ဆောင်ပါတယ်။ အကယ်၍ နှလုံးအဆို့ရှင်တွေဟာ ပုံမှန်အတိုင်း မလုပ်ဆောင်နိုင်တဲ့အခါမှာ နှလုံးဟာ ပုံမှန်ထက်ပိုပြီး အလုပ်လုပ်ဆောင်ရပါတယ်။ ဒီအခါမှာ အသက်ရှုမဝတာတွေ ၊ ပင်ပန်းတာနွမ်းနယ်တာတွေ ၊ ရင်ဘတ်အောင့်တာတွေ ၊ မူးဝေ သတိလစ်တာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
နှလုံးဟာ ကျွန်တော်တို့ ခန္ဓာကိုယ် အတွက်မရှိမဖြစ်လိုအပ်တဲ့ အရာဖြစ်တာနဲ့ အမျှ နှလုံးရောဂါတွေဟာ အရေးကြီးပြီး ဂရုစိုက်ရမယ့် အရာပဲဖြစ်ပါတယ်။ နှလုံးရောဂါတစ်ခုစီတိုင်းဟာ အသက်အန္တရာယ်ဆုံးရှုံးတဲ့အထိဖြစ်ပေါ်စေနိုင်ပြီး တတ်ကျွမ်းတဲ့ ဆရာဝန် ၊ ပညာရှင်တွေနဲ့ ပြသဆွေးနွေးတိုင်ပင်သင့်ပါတယ်။ တစ်ချို့နှလုံးရောဂါ နဲ့ အခြေအနေတွေဟာ ကိုယ်ခန္ဓာမှာ လုံလောက်တဲ့ လှုပ်ရှားမှု မရှိခြင်း ၊ မှားယွင်းတဲ့ စားသုံးမှု ၊ အရက်အလွန်အကဲသောက်သုံးမှုတွေကြောင့်ဖြစ်နိုင်ပြီးတော့ တစ်ချို့ ရောဂါအခြေအနေတွေဟာ မွေးရာပါ နှလုံးအားနည်းခြင်း ၊ မိသားစု မျိုးရိုးစဉ်ဆက်အလိုက် ရောဂါဆက်ခံခြင်း တွေကြောင့်လည်းဖြစ်ပေါ်စေနိုင်ပါတယ်။ အကယ်၍ သင်ဟာ ဖော်ပြခဲ့တဲ့ ရောဂါလက္ခဏာတွေထဲက ၁ ခု ၂ ခု ထက်ပိုပြီး ခံစားနေရတယ်ဆိုရင်တော့ ကြိုတင်ပြီးတော့ ဆေးဝါးကုသမှု ခံယူသင့်ပါတယ်။ အဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
-Bahuthuta Corner