Mental Disorder ဆိုတာဘာလဲ။ မြန်မာလို ဘာသာပြန်ရရင်တော့ စိတ်ရောဂါ ၊ စိတ်ဝေဒနာ အစရှိသလို ဘာသာပြန်ဆိုလို့ရပါတယ်။ စိတ်မကျန်းမာမှုလို့လည်း ယူလို့ရပါတယ်။ စိတ်ရောဂါ (ခ) စိတ်မကျန်းမာမှုဆိုတာ အလုံးစုံ ရူးသွပ်နေတာကို ပြောဆိုတာမဟုတ်ပဲနဲ့ ကိုယ့်ရဲ့ အတွေးအခေါ်တွေ ၊ ခံစားချက်တွေ အပြုအမူတွေကို ထိခိုက်စေတယ် ၊ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေကို သက်ရောက်နေတဲ့အခြေအနေမျိုးကို သတ်မှတ်လို့ရပါတယ်။ တစ်ချို့ စိတ်မကျန်းမာမှုအခြေအနေဟာ တစ်ရက်ချင်းစီဖြစ်နိုင်သလို တစ်ပတ် ၊ တစ်လ တန်သည်မှာ ပြန်လည်ကောင်းမွန်နိုင်ပြီး တစ်ချို့အခြေအနေတွေဟာ နှစ်ရှည်လများ ကြာမြင့်နိုင်ပါတယ်။ စိတ်ကျန်းမာရေးဟာ ခန္ဓာကိုယ်မှာလို သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ မမြင်နိုင်တာကြောင့် ရံဖန်ရံခါမှာ သတိပြုမိဖို့ ခက်ခဲပါတယ်။ ဒီကနေ့မှာတော့ စိတ်မကျန်းမာတာဟာ ၊ စိတ်ရောဂါ ၊ အစရှိတာတွေနဲ့ ပတ်သတ်ပြီးတော့ အကြောင်းအရာလေးတစ်ချို့ကို ဝေမျှပေးသွားပါမယ်။
စိတ်ရောဂါဖြစ်တယ်။ စိတ်မကျန်းမာမှုဆိုတာက အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ဥပမာ ကိုယ်ဟာ အလွန်အမင်း စိတ်ဖိဆီးတာတွေ ခံစားနေရတယ်။ အနိုင်ကျင့်ခံရတယ်။ သူများတွေရဲ့ ဖယ်ကျဉ်မှု ခံရတယ်။ အတိုက်အခိုက်တွေအလွန်များတယ်။ ဒါမှမဟုတ် မျိုးရိုးစဉ်ဆက်မှာ ရောဂါဆင့်ကမ်းလာတယ် အစရှိသဖြင့် အမျိုးမျိုးကြုံတွေ့ရနိုင်ပါတယ်။ မူးယစ်ဆေးဝါးတွေ ဒါမှမဟုတ် သောက်သုံးရတဲ့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကနေလည်း စိတ်ရောဂါကို ခံစားရနိုင်ပါတယ်။ ကိုယ်ကြုံတွေ့ရတဲ့အခြေအနေတွေ ၊ ဖြစ်ပေါ်စေတဲ့ အကြောင်းအရာတွေကို မူတည်ပြီးတော့စိတ်ရောဂါ အမျိုးမျိုးဖြစ်ပေါ်စေနိုင်ပါတယ်။
စိတ်အလွန်အမင်းလှုပ်ရှားတာ ၊ စိတ်အလွန်အမင်းတက်မြန် ကျမြန်တာ ၊ ခံစားချက် အပြောင်းအလဲမြန်တာ ၊ အစားမစားနိုင်တာ ၊ ညမအိပ်နိုင်တာ ၊ ဖြစ်ပြီးသားကိစ္စတွေကို ထပ်ခါထပ်ခါ ပြန်မြင်ပြီး ကြောက်လန့်နေတာ ၊ ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်ခြင်းမရှိတာ အစရှိတာတွေဟာ အများဆုံးကြုံတွေ့ရပြီး အဖြစ်များတဲ့ စိတ်ရောဂါတွေပဲဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ဘဝမှာတော့ စိတ်မကျန်းမာတာ ၊ စိတ်ရောဂါ ရရှိတာဟာ တစ်ခု မဟုတ်တစ်ခုကြုံတွေ့နိုင်ပါတယ်။ သတိထားမိလို့ပဲဖြစ်စေ ၊ သတိမထားမိလို့ပဲဖြစ်စေ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အမြဲတမ်းရှိနေတတ်ပါတယ်။
စိတ်ရောဂါတွေထဲမှာမှ တစ်ချို့စိတ်ရောဂါတွေဟာ လက္ခဏာပြသခြင်းမရှိပဲနဲ့ ကိုယ့်စိတ်ထဲမှာပဲဖြစ်ပေါ်နေတတ်သလို တစ်ချို့အခြေအနေတွေမှာတော့ ပြင်ပမှာ သိသာထင်ရှားတဲ့ လက္ခဏာ ပြသမှုတွေ ပေါ်ပေါက်လာတတ်ပါတယ်။ အချို့သော စိတ်ရောဂါတွေဟာ ကုသမှုတစ်ခုသီးသန့်ယူစရာမလိုပဲနဲ့ အခြေအနေတစ်ခုကနေ ရုန်းထွက်လိုက်တာမျိုး ၊ ဒါမှမဟုတ် ကိုယ့်နေထိုင်မှုပုံစံ ပြောင်းလိုက်တာမျိုးတွေကြောင့် သက်သာပျောက်ကင်းသွားနိုင်သလို တစ်ချို့ စိတ်ရောဂါ နဲ့ စိတ်မကျန်းမာမှုတွေဟာတော့ သက်ဆိုင်ရာ ကုသမှုယူပြီးမှ သက်သာပျောက်ကင်းနိုင်ပါတယ်။
ကုသမှုယူတဲ့အခါမှာဆိုရင်လည်း တတ်ကျွမ်းနားလည်တဲ့ ဆရာတွေနဲ့ ပြောဆိုဆွေးနွေးပြီး လိုအပ်တဲ့ ဆေးသောက်သုံးတာ ၊ နေထိုင်မှုပုံစံပြောင်းလိုက်တာ မျိုးတွေအပြင် တစ်ချို့ကုသမှုတွေဟာ လေ့ကျင့်ခန်းလုပ်တာ ၊ အပန်းဖြေတဲ့ အချိန်တိုးယူလိုက်တာ ၊ ဆေးစစ်ချက်တွေယူပြီးတော့ ကိုယ်သောက်သုံးရတဲ့ဆေးတွေရဲ့ သက်ရောက်မှုတွေကြောင့်လားဆိုတာ ဆန်းစစ်တာ အစရှိသဖြင့် အမျိုးမျိုးကွဲပြားခြားနားမှုလေးတွေရှိပါတယ်။ များသောအားဖြင့် စိတ်ရောဂါ တစ်ခုခုကို ခံစားနေရတဲ့သူ ၊ စိတ်မကျန်းမာတဲ့သူတစ်ယောက်က ထုတ်ဖော်ပြဖို့ကို ဝန်လေးတတ်ကြပါတယ်။ ဒီအခါမှာ တစ်ယောက်တည်း ကျိတ်မှိတ်ခံစားပြီး လိုအပ်တဲ့ ကုသမှုတွေကိုယူဖို့ ငြင်းဆိုတတ်ကြပါတယ်။ အဆိုပါ အခြေအနေမျိုးဆိုရင် အပျော့စား စိတ်ဝေဒနာ ၊ စိတ်မကျန်းမာတာဟာ အရမ်းကြီးထိခိုက်မှုမရှိနိုင်ပေမယ့် လွန်ကဲတဲ့ အခြေအနေမျိုးကြုံတွေ့ရတာမျိုးဆိုရင် အသက်ဆုံးရှုံးသည်အထိ ဖြစ်ပေါ်စေနိုင်ပါတယ်။
ကျွန်တော်တို့ ကိုယ်တိုင်အပါအဝင် နေ့စဉ်ထိတွေ့ဆက်ဆံနေရတဲ့သူတွေမှာ စိတ်ဝေဒနာ ၊ စိတ်ရောဂါ ၊ စိတ်မကျန်းမာတာနဲ့ ပတ်သတ်ပြီးတော့ တစ်ခုမဟုတ် တစ်ခုရှိတတ်ကြပါတယ်။ မသိသာတဲ့ ဝေဒနာရှင်တွေဟာ သာမန်လူတွေလိုပဲ ပုံမှန်အတိုင်းသွားလာတတ်ကြသလို တစ်ချို့သူတွေဟာ ကိုယ်အပြင်းအထန်ခံစားနေရလည်း ထုတ်ဖော်ပြောဆိုလေ့မရှိတာကြောင့် သိသိသာသာမြင်ရဖို့ခက်ခဲနေပါတယ်။ အကယ်၍ ကိုယ်ဟာ အသိမိတ်ဆွေ တွေ့ရဲ့ ပြောပုံဆိုပုံတွေ ၊ နေထိုင်မှုပုံစံတွေဟာ မူမမှန်ဘူး ၊ အခက်အခဲ ကြုံတွေ့နေရတယ်လို့ ခံစားရရင် ထိုသူတွေနဲ့ အချိန်သေချာပေးပြီး ဆက်ဆံပေးပါ။ သူတို့ ပြောတာကို နားထောင်ပေးပြီးတော့ လိုအပ်တဲ့ အကူအညီနဲ့ ဆရာဝန်ညွှန်ကြားမှုကိုပေးပြီး ကူညီပေးသင့်ပါတယ်။
ဒီနေ့မှာတော့ စိတ်ရောဂါ ၊ စိတ်ဝေဒနာနဲ့ ပတ်သတ်ပြီး ရေးသားဖော်ပြပေးထားပါတယ်။ နောက်အပတ်တွေမှာ စိတ်ရောဂါ တစ်ခုချင်းစီနဲ့ ဆက်စပ်ပြီးတော့အကြောင်းအရာလေးတွေကို ဝေမျှပေးသွားမှာမို့ ဆက်လက်ဖတ်ရှုဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ အခုလိုမျိုး အဆုံးထိ ဖတ်ရှုပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။
-Bahuthuta Corner