ကျွန်တော်တို့ စိတ်ကျန်းမာရေးအကြောင်း ၊ စိတ်ရောဂါတွေ အကြောင်းပြောတဲ့အခါမှာ စိတ်ပူပင်တာ ၊ စိတ်သောက ရောက်တာ အစရှိတာတွေကမပါမဖြစ်ပါပဲ။ ဒါတင်မကပဲ စိတ်ရောဂါတွေအကြောင်း တန်းစီရေးတဲ့အခါမှာ စိတ်ပူပင်သောကကြောင့်ဖြစ်တဲ့ စိတ်ဝေဒနာ (သို့) စိတ်ရောဂါဟာ အမြဲတမ်း အရှေ့ဆုံးကနေလိုလို ပါဝင်နေတတ်ကြပါတယ်။ အရင်အပတ်က ကျန်းမာရေးနဲ့ ပတ်သတ်ပြီး စိတ်ဝေဒနာ နဲ့ စိတ်ရောဂါအကြောင်း အကြမ်းဖျင်းဖော်ပြခဲ့ပေးပြီးပြီဆိုတော့ ဒီနေ့မှာတော့ စိတ်ပူပင်သောကမှုဆိုင်ရာ စိတ်ရောဂါအကြောင်းကို ဝေမျှပေးချင်ပါတယ်။
စိတ်ပူပင်သောကဝေဒနာတစ်မျိုး (သို့) ပူပင်သောကရောဂါ
အင်္ဂလိပ်လိုဆိုရင် Anxiety disorder လို့ ခေါ်ပြီး မြန်မာလို အလွယ်ခေါ်ရရင်တော့ စိတ်ပူပင်သောက ဖြစ်စေတဲ့ စိတ်ရောဂါတစ်မျိုးဟာ ရုပ်ပိုင်းဆိုင်ရာကော ၊ စိတ်ပိုင်းဆိုင်ရာမှာပါ သိသာထိရှားတဲ့ စိတ်ရောဂါ လက္ခာတစ်မျိုးပဲဖြစ်ပါတယ်။ အဆိုပါဝေဒနာကို ခံစားနေရတဲ့သူဟာ သာမန်ထက်ပိုတဲ့ စိတ်ပူပင်မှုတွေ ၊ သောက တွေခံစားနေရပြီး အလွန်အမင်းအားထုတ်မှုတွေ ၊ ကြောက်ရွံတုန်လှုပ်တာတွေ ၊ စိတ်ဖိဆီးတာတွေကို ခံစားရလေ့ရှိပါတယ်။ သာမန်ကိစ္စလေးတွေ ၊ လူအများနဲ့ ထိတွေ့ဆက်ဆံရတဲ့အချိန်တွေမှာတောင်မှ သိသိသာသာ ခံစားရလေ့ရှိပြီးတော့ ကိုယ့်ရဲ့ စိုးရိမ်ပူပင်မှုကို ကိုယ်တိုင်တောင်ထိန်းချူပ်နိုင်ခြင်းမရှိတော့ပဲ ရုပ်ပိုင်းဆိုင်ရာအထိပါ ထွက်ပေါ်လာလေ့ရှိပါတယ်။ ဒီလို စိတ်ဝေဒနာမျိုးဟာ တစ်မျိုးတည်းမဟုတ်ပဲ ရံဖန်ရံခါ အခြားသော စိတ်ဝေဒနာနဲ့ ပူးတွဲခံစားရလေ့ရှိတတ်ပါတယ်။
စိတ်ပူပင်သောက ရောဂါအမျိုးအစားများ
ဒီလို စိတ်ပူပင်သောကရောက်တဲ့ စိတ်ဝေဒနာဟာ အမျိုးမျိုးရှိပါတယ်။ အလွန်အမင်းကြောက်ရွံထိတ်လန့်တတ်တာ ၊ အပြင်းအထန်စိတ်လှုပ်ရှားတာ ၊ စိုးရိမ်ပူပင်သောကတွေများတာ ၊ အထိတ်တလန့်ဖြစ်တာ ၊ အများနဲ့ ပြောဆိုဆက်ဆံနိုင်ခြင်းမရှိတာ ၊ တစ်ယောက်တည်းဖြစ်နေမှာကြောက်တာ ၊ လူအများကြီးနဲ့ ထိတွေ့ဆက်ဆံရတာကို စိုးရိမ်ထိတ်လန့်တာ ၊ ကိုယ်မကျွမ်းကျင် မသိသေးတာတွေကို ထိတ်လန့်တာ အစရှိတာတွေအမျိုးမျိုးကွဲပြားခြားနားပြီး ခံစားရတတ်ပါတယ်။ ရံဖန်ရံခါမှာတော့ တစ်မျိုးတည်းတောင်မဟုတ်ပဲ ၃ မျိုး ၄ မျိုးအထိ ခံစားရတတ်ကြပါတယ်။
သိသာထင်ရှားတဲ့ လက္ခဏာများ
စိတ်ပူပင်သောကရောဂါခံစားရတဲ့ သူမျိုးတွေပါ သိသာထင်ရှားတဲ့ လက္ခဏာပြသမှုတွေ ကြုံတွေ့ရပါတယ်။ အဆိုပါ လက္ခဏာတွေဟာ ရုပ်ပိုင်းဆိုင်ရာကော ၊ စိတ်ပိုင်းဆိုင်ရာတွေပါ သိသာထင်ရှားတာမို့ ဒီရောဂါဝေဒနာ ခံစားနေရတဲ့သူတွေကို သိသားထင်ရှားစွာ မြင်တွေ့နိုင်ပါတယ်။ အဆိုပါ လက္ခဏာတွေဟာ အလွန်အမင်း ပူပင်သောကများနေတာ ၊ အနားမယူနိုင်ပဲ စိတ်ပင်ပန်းတာ ၊ ကိစ္စတွေကို မဖြစ်သေးခင်ကတည်းက အပျက်ဖက်ကိုကြိုတင်တွေးမိပြီး ကြိုတင်ကြောက်လန့်နေတာ ၊ နှလုံးခုန်နှုန်းမြန်တာ ၊ အသက်ရှုမြန်တာ ၊ ချွေးစေးတွေပြန်တာ ၊ ပင်ပန်း အားနည်းသလိုခံစားနေရတာ ၊ အာရုံစူးစိုက်နိုင်စွမ်းမရှိတာ ၊ ညမအိပ်နိုင်လို့ အိပ်ရေးပျက်တာ ၊ အစာအိမ်နဲ့ ပတ်သတ်တဲ့ ဝေဒနာ မကြာခဏခံစားရတာ ၊ စိတ်ကို ထိန်းချူပ်နိုင်စွမ်း မရှိတာတွေပဲဖြစ်ပါတယ်။
ဘယ်လိုမျိုးတွေကြောင့် ဖြစ်ပေါ်စေနိုင်သလဲ
စိတ်ပူပင်သောကမှု ဝေဒနာဟာ အကြောင်းအမျိုးမျိုးတွေကြောင့်ဖြစ်ပေါ်စေနိုင်ပါတယ်။ တစ်ချို့သူတွေဟာ နဂိုကတည်းက စိတ်ပူပင်လွယ်တဲ့ အခံရှိတာကြောင့်ဖြစ်ပေါ်နိုင်ပြီးတော့ တစ်ချို့တွေကတော့ ငယ်ရွယ်စဉ်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေ ကြောင့်သော်လည်းကောင်း ၊ ဒါမှမဟုတ် စိတ်အလွန်အမင်းထိခိုက်စေတဲ့ အကြောင်းအရာတွေကြောင့်သော်လည်းကောင်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးအခြေအနေတွေဖြစ်တဲ့ အလွန်အမင်း ဖျားနာ ၊ ဆေးတွေ မှီဝဲရတာတွေကြောင့်လည်း ဖြစ်ပေါ်တတ်ပါတယ်။ မျိုးရိုးစဉ်ဆက်အလိုက် ရောဂါလက်ဆင့်ကမ်းကြောင့်လည်း ဖြစ်နိုင်ပြီးတော့ သောက်သုံးနေရတဲ့ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ ဒါမှမဟုတ် အရက်အလွန်အကျွံသောက်သုံးမှုတွေကြောင့်လည်း ဒီစိတ်ဝေဒနာကို ခံစားရနိုင်တတ်ပါတယ်။
စိတ်ပူပင်သောကမှု ဝေဒနာကို ဘယ်လိုကုသနိုင်သလဲ
ရောဂါတွေတိုင်းမှာ ကုသနိုင်ဖို့ နည်းလမ်း နဲ့ အဖြေရှိပါတယ်။ စိတ်ပူပင်သောကမှု ဝေဒနာကိုလည်း သက်သာပျောက်ကင်းအောင်လို့ ကုသနိုင်ပါတယ်။ သက်ဆိုင်ရာ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ပြသဆွေးနွေးပြီးတော့ စိတ်ပိုင်းဆိုင်ရာသော်လည်းကောင်း ၊ ဆေးဝါးနဲ့သော်လည်းကောင်း ညွှန်ကြားချက်နဲ့ ရယူကုသနိုင်ပါတယ်။ အခြေခံအားဖြင့်ဆိုရင်တော့ ကိုယ့်ရဲ့ လုပ်ငန်းဆောင်တာတွေကို ပုံမှန်အတိုင်းဖြစ်အောင် နေ့စဉ် ထိန်းချူပ်လုပ်ကိုင်တာ ၊ အိပ်ချိန် နဲ့ စားချိန်ကို အချိန်မှန်အောင် ထိန်းညှိတာ ၊ စိတ်ကို အလွန်အမင်းပူစေတာတွေကို မတွေးပဲ စိတ်အဖိဆီးမခံတော့ဘူး စိတ်ကို တတ်နိုင်သမျှတည်ငြိမ်အောင် ထိန်းချူပ်တာ ၊ တရားထိုင်တာ အစရှိတာတွေဟာ အနည်းအကျဉ်းသက်သာပျောက်ကင်းစေနိုင်ပါတယ်။ အကယ်၍ ကိုယ်ဟာ အရက်သောက်သုံးတာ ၊ တခြား ဘေးထွက်ဆိုးကျိုးရှိတဲ့ ဆေးကို မှီဝဲနေရတာဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်တာကတော့ အသင့်တော်ဆုံး နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။
ဒီနေ့မှာတော့ အလွန်အမင်းစိတ်ပူပင်သောကရောက်တဲ့ စိတ်ဝေဒနာ တစ်ခုအကြောင်းကို ဝေမျှပေးသွားပါတယ်။ စိတ်ကျန်းမာရေးဟာ ရှက်စရာ ကြောက်စရာ ကိစ္စတစ်ခုမဟုတ်ပါဘူး။ ရုပ်ကျန်းမာရေး ဟာလည်း အရေးကြီးသလို စိတ်ကျန်းမာရေးဟာလည်း အရေးကြီးတဲ့ ကဏ္ဍတစ်ခုမှာပါဝင်နေပါတယ်။ ဒါ့ကြောင့်မို့ ကိုယ်ဟာ ဒီရောဂါဝေဒနာနဲ့ ပတ်သတ်ပြီး ခံစားနေရတယ်ဆိုရင် ရှက်ကြောက်မနေသင့်ပဲ သက်ဆိုင်ရာ သင့်တော်တဲ့တတ်ကျွမ်းနားလည်တဲ့သူတွေနဲ့ ပြသပြီး လိုအပ်တဲ့ ဆေးဝါးနဲ့ ကုသမှုကို ခံယူသင့်ပါတယ်လို့ အကြံပြုလိုက်ပါရစေ။ အဆုံးထိ ဖတ်ရှုပေးသွားလို့ ကျေးဇူးတင်ပါတယ်။
-Bahuthuta Corner