Bahuthuta Corner.com

Depressive Disorder (ခ) စိတ်ကျရောဂါအကြောင်းတစ်စေ့တစ်စောင်း

Depression Disorder ကို ကျွန်တော်တို့ မြန်မာလိုဆိုရင် စိတ်ကျရောဂါလို့ သိထားကြပါတယ်။ Depression Disorder စိတ်ခံစားမှုပိုင်းဆိုင်ရာ ရောဂါတစ်ခုဖြစ်ပြီးတော့ အသက်အရွယ်မရွေး ၊ ကျားမ မရွေး ကြုံတွေ့ရနိုင်တဲ့ စိတ်ရောဂါအခြေအနေတစ်မျိုးပဲဖြစ်ပါတယ်။ စိတ်ကျရောဂါ ခံစားရသူဟာ စိတ်ပိုင်းဆိုင်ရာမှာ ထိခိုက်မှုတွေ ကြုံတွေ့ရမှာ ဖြစ်ပြီးတော့ နေ့စဉ် လူနေမှုဘဝကိုပါ ထိခိုက်စေပါတယ်။ ဒီနေ့မှာတော့ ကိုယ့်ပတ်ဝန်းကျင်မှာသာမက ကိုယ့်မှာပါ ကြုံတွေ့ရနိုင်တဲ့ စိတ်ကျရောဂါလေးအကြောင်း နဲ့ ဘယ်လိုမျိုး လက္ခဏာမျိုးတွေ ပြသနိုင်တယ် ၊ ဘယ်လိုဖြစ်နိုင်တယ် ၊ ဘယ်လိုမျိုး ကုသမှုတွေ ယူနိုင်သလဲဆိုတာလေးတွေကို ဝေမျှပေးသွားပါမယ်။ 

Depressive Disorder (ခ) စိတ်ကျရောဂါဆိုတာဘာလဲ။ 

စိတ်ကျရောဂါဆိုတာ စိတ်ပိုင်းဆိုင်ရာမှာ ခံစားရတဲ့ ဝေဒနာတစ်ခုဖြစ်ပြီး ရုပ်ပိုင်းဆိုင်တွေအထိ သက်ရောက်မှုရှိတဲ့ စိတ်ရောဂါ တစ်မျိုးလို့ သတ်မှတ်နိုင်ပါတယ်။ စိတ်ကျရောဂါဟာ ခံစားရတဲ့ သူအပေါ်မူတည်ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် မတူကွဲပြားခြားနားနိုင်ပါတယ်။ များသော အားဖြင့် စိတ်ကျရောဂါ ခံစားရတဲ့သူတွေဟာ အဓိက စိတ်ဓာတ်ကျဆင်းတာ ၊ ဝမ်းနည်းတာ ၊ စိတ်ခံစားချက်မရှိတော့တာ ၊ မျှော်လင့်ချက်မရှိတာ ၊ အသက်ရှင်ရတာ အဓိပ္ပာယ်မရှိတော့တာ အစသဖြင့် မျိုးစုံ ခံစားရတတ်လေ့ရှိပါတယ်။ 

စိတ်ကျရောဂါ ခံစားရတဲ့သူတွေဟာ ဘယ်လိုလက္ခဏာမျိုးပြသနိုင်သလဲ။ 

စိတ်ကျရောဂါဝေဒနာကို ခံစားရတဲ့သူဟာ အောက်ပါ စိတ်ရော ၊ ကိုယ်ပါ လက္ခဏာများကို ပြသပါတယ်။ 

– စိတ်ခံစားချက်မရှိခြင်း ၊ ဝမ်းနည်းခြင်း ၊ မျှော်လင့်ချက်မရှိခြင်း ၊ စိတ်ဓာတ်ကျဆင်းခြင်း 

– ဒေါသထွက်လွယ်ခြင်း ၊ သည်းခံနိုင်စွမ်းမရှိခြင်း 

– အရာဝတ္တုများနဲ့အပေါ် စိတ်ဝင်စားမှုမရှိတော့ခြင်း ၊ နေ့စဉ်လုပ်ဆောင်ချက်တွေကို လုပ်ဆောင်လိုစိတ် မရှိတော့ခြင်း 

– အိပ်စက်ရတာ အခက်အခဲရှိခြင်း (သို့) အလွန်အမင်း အိပ်စက်ခြင်း 

– အမြဲတမ်းလိုလို ပင်ပင်းနွမ်းနယ်နေခြင်း ၊ စိတ်ခွန်အား ၊ လူခွန်အားကုန်ခမ်းနေခြင်း 

– ကိုယ့်ကိုကို အမြဲလိုလိုအပြစ်တင်တတ်ခြင်း ၊ အားမလိုအားမရဖြစ်ခြင်း 

– အစားစားသောက်ရမှာ အခက်အခဲရှိခြင်း ၊ အလွန်အမင်းစားသောက်ခြင်း ( ဝိတ်အလွန်အမင်းတက်ခြင်း ၊ အလွန်အမင်းကျဆင်းခြင်း ) 

– စိတ်ပူပင်သောကများခြင်း ၊ စိုးရိမ်ကြောင့်ကျမှုများခြင်း ၊ စိတ်ဖိအားများခြင်း 

– အားရုံမစူးစိုက်နိုင်ခြင်း ၊ ဆုံးဖြတ်ချက် ချရာမှာ လွဲမှားခြင်း (သို့) ကြောက်ရွံခြင်း ၊ လွယ်လင့်တကူမေ့တတ်ခြင်း 

– ခေါင်းကိုက်ခြင်း ၊ ခါးနာခြင်း ၊ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနာကျင်ခြင်း 

– စဉ်းစားပုံ ၊ တွေးခေါ်ပုံ ၊ တုန့်ပြန်ပုံတွေ နှေးကွေးခြင်း 

– အသက်ရှင်ရတာ အဓိပ္ပာယ်မရှိဘူးဟု တွေးခေါ်ခြင်း ၊ အသက်ရှင်လိုစိတ်မရှိတော့ခြင်း အစရှိတဲ့ လက္ခဏာများကို သိသိသာသာခံစားရတတ်ကြပါတယ်။ 

ဘယ်လိုအရာတွေက depression disorder (သို့) စိတ်ကျရောဂါဖြစ်စေဖို့ တွန်းအားပေးသလဲ။ 

စိတ်ကျရောဂါ ဝေဒနာကို ခံစားရခြင်းဟာ တစ်ယောက်နဲ့ တစ်ယောက် ဖြစ်ပေါ်စေတဲ့ အကြောင်းအရာတွေဟာ အမျိုးမျိုးကွဲပြားနိုင်ပါတယ်။ အဓိက အားဖြင့် စိတ်ဖိဆီးမှုတွေများပြားတဲ့အချိန်တွေကို ဖြတ်ကျော်ရတဲ့အခါ ခံစားရနိုင်ပြီးတော့ တခြားအကြောင်းအရာတွေဟာဆိုရင် အထီးကျန်ခြင်း ၊ မူးယစ်ဆေးဝါး နဲ့ အရက်သေစာ သောက်စားခြင်း ၊ ကျန်းမာရေး မကောင်းခြင်းတို့ အပြင် အမျိုးသမီးတွေမှာဆိုရင် ရာသီမလာခင် (သို့) ရာသီလာပြီးချိန် ၊ သွေးဆုံးချိန်နဲ့ ကလေးမွေးဖွားပြီးချိန်တို့မှာပါ စိတ်ကျဝေဒနာကို ခံစားရလေ့ရှိတတ်ကြပါတယ်။ စိတ်ကျရောဂါဟာ ဒီအကြောင်းအရာတွေကြောင့်ပဲ ခံစားရမယ်လို့ တစ်သတ်မှတ်တည်းမဟုတ်ပဲ တစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့ ဘဝဖြတ်သန်းပုံအလျောက် ခံစားရတဲ့အကြောင်းအရာ ၊ ခံစားရတဲ့ ဝေဒနာ နဲ့ လက္ခဏာတွေဟာ အမျိုးမျိုးကွဲပြားလေ့ရှိပါတယ်။ 

Depressive disorder (သို့) စိတ်ကျရောဂါကို ကုသနိုင်သလား။ 

စိတ်ကျဝေဒနာဟာ ကျွန်တော်တို့ ဘဝမှာ တစ်ကြိမ်မဟုတ် တစ်ကြိမ် ကြုံတွေ့ရနိုင်ပါတယ်။ စိတ်ကျရောဂါ ဟာ လွယ်လင့်တကူဆေးသောက်ရုံနဲ့ ပျောက်ကင်းနိုင်တာမျိုးမဟုတ်ပဲ အချိန်သေချာယူပြီး ကုသရဲ့ ရောဂါဝေဒနာတစ်မျိုးပဲဖြစ်ပါတယ်။ စိတ်ကျရောဂါခံစားရတဲ့သူတစ်ယောက်အနေနဲ့ စိတ်ကျန်းမာရေး အထူးကုဆရာဝန် ဒါမှမဟုတ် တတ်ကျွမ်းသူနဲ့ တိုင်ပင်ဆွေးနွေးပြီးတော့ ကိုယ်ခံစားနေရတာတွေကို ရင်ဖွင့်ဆွေးနွေးတာ ၊ တရားထိုင်တာ ၊ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေ လုပ်တာ ၊ ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းတွေလုပ်တာ ၊ အနားယူတာ ၊ တရားထိုင်တာ တွေအပြင် လိုအပ်တဲ့ ဆေးဝါးသောက်သုံးမှုတွေကိုပါ လုပ်ဆောင်သင့်ပါတယ်။ ကိုယ့်သဘောအတိုင်း ဆေးသောက်တာထက်စာရင် ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးဝါးမှီဝဲတာက ပိုပြီးတော့ အထောက်အကူဖြစ်စေပါတယ်။ တစ်ခါတစ်လေမှာ ဆရာဝန်တွေ ကျွမ်းကျင်သူတွေကို မဆက်သွယ်ချင်ဘူူးဆိုရင်တောင်မှာ အလွန်အမင်းခံစားနေရတဲ့အချိန်တွေဆိုရင် ကိုယ်ချစ်ခင်တဲ့သူတွေကို ဆက်သွယ်ရင်ဖွင့်တာ ၊ အကူအညီတောင်းတာ ဟာ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တစ်ခုပါပဲ။ 

စိတ်ကျရောဂါဝေဒနာဟာ လူမျိုးမရွေး ၊ အသက်အရွေးမရွယ်ခံစားရနိုင်တဲ့ စိတ်ရောဂါ ဝေဒနာတစ်ခုပဲဖြစ်ပါတယ်။ မိမိသာမက ကိုယ့်ပတ်ဝန်းကျင်က သူတွေပါ ဘယ်သူမဆိုခံစားနိုင်တာကို သတိပြုမိဖို့လိုအပ်ပါတယ်။ ကိုယ့်မှာ ဒါမှမဟုတ် ကိုယ့်ပတ်ဝန်းကျင်မှာ စိတ်ကျဝေဒနာ ခံစားနေရတဲ့ သူတွေရှိရင် ဂရုစိုက်ပေးပါ။ ကြင်နာပါ။ စိတ်ရှည်သည်းခံပါ။ လိုအပ်တဲ့ ဆရာဝန်တွေ ၊ ကျွမ်းကျင်သူတွေကို ညွှန်ကြားပေးရင်းနဲ့ တစ်ဖက်တစ်လမ်းက ကူညီပေးသင့်ပါတယ်။ ဒီနေ့မှာ ဒီလောက်နဲ့ပဲ အဆုံးသတ်ပြီမို့ အဆုံးထိ ဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်။ 

-Bahuthuta Corner

Share:

More Posts

Send Us A Message