Bahuthuta Corner.com

ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝကို အရယူခြင်း

 

ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝဆိုတာကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုကြမလဲ။ ငွေတွေအများကြီးရှိရင်ကော တကယ်ပျော်ရွှင်ရရဲ့လား။ ကျန်းမာရေးကောင်းရင်ကော တကယ်ပျော်ရွှင်ရရဲ့လား။ ကိုယ့်ရဲ့ကျန်းမာပျော်ရွှင်မှုဟာ ဘယ်အပေါ်မှာ အမှီပြုနေပါသလဲ။ တကယ်တမ်းကော ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝတစ်ခုကို ရနိုင်ရဲ့လား။ ဒီနေ့မှာတော့ ကျွန်တော်တို့ ဗဟုသုတကနေပြီးတော့ ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝ ကို ရယူနိုင်ခြင်းဆိုင်ရာ နည်းလမ်းလေးတွေကို ဝေမျှပေးသွားပါမယ်နော်။ 

ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝတစ်ခု 

လူတစ်ယောက်ဟာ ကိုယ့်ရဲ့ ကျန်းမာခြင်း ၊ ပျော်ရွှင်ခြင်းဟာ တကယ်တမ်းမှာ ကိုယ်နဲ့ပဲ အဓိက သက်ဆိုင်နေပါတယ်။ ယခုအချိန်ခါမှာလို မီးတွေ မမှန်တာ ၊ ဈေးနှုန်းတွေ အဆမတန် ဖောင်းပွနေတာ ၊ လုံခြုံမှု မရှိတာ အစရှိတာတွေကြောင့် စိတ်ပိုင်းဆိုင်ရာမှာကော ၊ ရုပ်ပိုင်းဆိုင်ရာမှာပါ ပင်ပန်းတာတွေ ၊ ထိခိုက်တာတွေ ကြုံတွေ့ရပါတယ်။ ဒီလိုခက်ခဲတဲ့ အခြေအနေမျိုးမှာ ကျန်းမာပျော်ရွှင်တဲ့ အနေအထားတစ်ခုကို တည်ဆောက်ရတာ ခက်ခဲမယ်မှန်းသိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မတတ်နိုင်တဲ့ အရာတွေကို အာရုံထားပြီး စိတ်ပင်ပန်းမယ့် အစား ကိုယ်တတ်နိုင်တဲ့ ပမာဏ အဝန်းအဝိုင်းလေးအတွင်းကနေပဲ ကိုယ့်ရဲ့ ကျန်းမာပျော်ရွှင်တဲ့ အနေအထားလေးကို တည်ဆောက်လို့ရပါတယ်။ ကျန်းမာပျော်ရွှင်တဲ့ လူနေမှု ဘဝတစ်ခုကို အရယူဖို့အတွက် ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ ပြုပြင်တည်ဆောက်မှုကလေးတွေ အများအပြားလိုအပ်ပါတယ်။ 

ရုပ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်အောင် တည်ဆောက်ခြင်း 

ရုပ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်အောင် တည်ဆောက်ဖို့ဆိုတာဟာ အဓိက ကျွန်တော်တို့ ခန္ဓာကိုယ်မှာ အရင်းတည်ပါတယ်။ ကျွန်တော်တို့ဟာ အလုပ်ခွင်တွေမှာ လုပ်ကိုင်ကြရတယ် ပင်ပန်းတယ် ညောင်းညာတယ် အစရှိတာတွေက ကျွန်တော်တို့ ခန္ဓာကိုယ်ကြီးကို ကောင်းမွန်တဲ့ စွမ်းအင်တွေ ထုတ်ဖို့အတွက် အဟန့်အတားဖြစ်စေတတ်ကြပါတယ်။ ဒီနေရာမှာ ကျွန်တော် အကြံပြုချင်တာက အချက်အလက်တိုင်းဟာ လူတိုင်းနဲ့ ကိုက်ညီမှာ မဟုတ်တဲ့အတွက် ကိုယ်အဆင်ပြေတဲ့ အရာလေးတွေကို ယူပြီး လုပ်ဆောင်ဖို့ကိုသာ အကြံပြုတိုက်တွန်းချင်ပါတယ်။ 

၁။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း 

ကိုယ်ဟာ အထိုင်များတဲ့သူတစ်ယောက် ၊ ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့ သူတစ်ယောက်ဆိုရင်တော့ ခန္ဓာကိုယ်ကို အချိန်တစ်ခုပေးပြီး နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလုပ်တာဟာ အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ ကိုယ်လက်လေ့ကျင့်ခန်းလှုပ်ရှားမှုဟာ ခန္ဓာကိုယ်ကို လှပစေဖို့ ၊ အဆီကျစေဖို့တင်မဟုတ်ပဲနဲ့ ကိုယ့်ရဲ့ မလှုပ်ရှားဖြစ်တဲ့ ကြွက်သားတွေ ၊ တင်းမာနေတဲ့ ကြွက်သားတွေကိုပါ အညောင်းအညာပြေလျော့စေပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ဦးနှောက်ကနေ ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေ ၊ စိတ်ဓာတ်တက်ကြွစေတဲ့ ဟော်မုန်းတွေပါ ထုတ်လွှတ်ပေးပါတယ်။ နောက်ပြီး လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါမှာလည်း ငါဟာ ဒီလိုအလေ့အကျင့်မျိုးကို နေ့တိုင်းလုပ်နိုင်ပါလားဆိုပြီး ကိုယ့်ကိုကို ယုံကြည်ချက်တွေ ပိုမိုတိုးပွားလာစေနိုင်ပါတယ်။ 

၂။ ပတ်ဝန်းကျင် (သို့) သဘာဝတရားကြီးနဲ့ ထိတွေ့ဆက်ဆံခြင်း 

မီးတွေပြတ်ပြီး စိတ်အိုက်ရတဲ့ အခါ ဒါမှမဟုတ် အလုပ်ဖိအားတွေ များတဲ့အခါမှာ တစ်ယောက်တည်း ပိတ်လှောင်ပြီးနေတာထက် ကိုယ့်ရဲ့ အနီးအနားက ပတ်ဝန်းကျင်နဲ့ ထိတွေ့ဆက်ဆံကြည့်ပါ။ ပတ်ဝန်းကျင်ဆိုတာဟာ လူတွေကိုတင်ရည်ညွှန်းတာမဟုတ်ပဲ ကိုယ့်ခြံဝန်းထဲက သစ်ပင်လေးတွေ ၊ အိမ်မွေးတိရစ္ဆာန်လေးတွေ ၊ အိမ်သန့်ရှင်းရေးလုပ်တာမျိုးတွေ ၊ သူငယ်ချင်းတွေနဲ့ စကားပြောတာ ၊ အစရှိတာတွေ အကုန်ပါဝင်ပါတယ်။ လူဆိုတာ တစ်ယောက်တည်းဖြစ်နေရင် အထီးကျန်တတ်သလို စိတ်ကျတတ်ပါတယ်။ ဒါ့ကြောင့်မို့လို ပတ်ဝန်းကျင်နဲ့ ထိတွေ့ဆက်ဆံနေတာမျိုး ၊ သဘာဝတရားကြီးနဲ့ အမြဲတမ်းအထိအတွေ့ရှိတာမျိုးဟာ ကိုယ့်ကိုယ် စိတ်ရောကိုယ်ပါ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုလေးတွေရစေမှာပါ။ အနည်းဆုံး ကိုယ့်အလုပ်စားပွဲ ၊ အခန်းလေး ရှင်းလိုက်ရင်တောင်မှ အဆုံးသတ်ရလဒ်ကို ကြည့်ပြီး စိတ်ကျေနပ်မှုတစ်ခုကို ရနိုင်ပါတယ်။ 

၃။ ခန္ဓာကိုယ်ကို ဂရုစိုက်ခြင်း 

ခန္ဓာကိုယ်ကို ဂရုစိုက်တယ်ဆိုတာဟာ အလှအပရေးရာတစ်ခုတည်းတင်မဟုတ်ပါဘူူး။ ကိုယ့်ခန္ဓာကိုယ်ဟာ ကိုယ်မွေးတဲ့ နေ့ကနေ သေတဲ့ နေ့အထိ ကိုယ်နဲ့ အတူတူရှိနေမယ့် အရာတစ်ခုပါ။ ဒီအရာကို ကျန်းမာသန်စွမ်းအောင် ၊ ပုံမှန်အတိုင်းလည်ပတ်အောင်လုပ်ရမှာက ကိုယ့်ရဲ့ တာဝန်ဝတ္တရားတစ်ခုပဲဖြစ်ပါတယ်။ ချွေးအရမ်းထွက်တဲ့အခါ ရေလုံလောက်အောင်သောက်တာ ၊ ဓာတ်ဆားသောက်တာဟာလည်း ခန္ဓာကိုယ်ကို ဂရုစိုက်နည်း တစ်မျိုးပါပဲ။ ညအိပ်ချိန် မှန်အောင် အိပ်တာမျိုး ၊ အစာကို ပုံမှန်အတိုင်း အာဟာရပြည့်ဝအောင် စားတာမျိုးဟာလည်း ဂရုစိုက်ခြင်းတစ်မျိုးပါ။ မလိုလားတဲ့ ဒါမှမဟုတ် လိုတာထက် ပိုမိုတဲ့ အရက်သေစာသောက်စားခြင်းကို ရှောင်ကျဉ်ထိန်းသိမ်းတာကလည်း ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်ခြင်းပါပဲ။ ကိုယ့်ခန္ဓာကိုယ်ဟာ ပုံမှန်အတိုင်းလည်ပတ်နေတဲ့အခါ ၊ ကျန်းမာနေတဲ့အခါ ကောင်းမွန်တဲ့ စွမ်းအင်တွေ ခွန်အားတွေ ထုတ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့်မို့လို့ ခန္ဓာကိုယ်ကို သေချာ ဂရုစိုက်တတ်ဖို့ဟာလည်း အင်မတန် အရေးကြီးတဲ့အချက်တစ်ပဲဖြစ်ပါတယ်။ 

စိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်အောင်တည်ဆောက်ခြင်း 

စိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်အောင်တည်ဆောက်ခြင်းဆိုတာဟာ ကျွန်တော်တို့ စိတ်ပိုင်းဆိုင်ရာမှာ အရင်းတည်ပါတယ်။ နေ့တစ်ဓူဝ ကိုယ်မထိန်းချူပ်နိုင်တဲ့ ကိစ္စတွေအတွက် စိတ်ပင်ပန်းရတယ်။ စိတ်ဖိဆီးတယ်။ စိတ်ဓာတ်ကျတယ်။ ဒါတွေကို တတ်နိုင်သမျှထိန်းချုပ်ပြီးတော့ ကိုယ်တတ်နိုင်တဲ့ ကိုယ်ထိန်းချူပ်နိုင်တဲ့ အဝန်းအဝိုင်းလေးတစ်ခုကို ဖန်တီး တည်ဆောက်ဖို့လိုအပ်ပါတယ်။ ကိုယ်မတတ်နိုင်တဲ့ ကိစ္စတွေကို စိတ်ဖိဆီးရခြင်းဟာ ကိုယ့်အတွက်ကို ဆိုးကျိုးတွေပဲ ရရှိစေနိုင်လို့ပါပဲ။ 

၁။ စိတ်အေးချမ်းတည်ငြိမ်အောင် လေ့ကျင့်ခြင်း 

ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝတစ်ခုကို တည်ဆောက်ဖို့အတွက် စိတ်ပိုင်းဆိုင်ရာဟာ အဓိက ကျတဲ့ သော့ချက်တစ်ခုပါပဲ။ ကျွန်တော်တို့စိတ်ဟာ အေးချမ်းတည်ငြိမ်နိုင်ခြင်းမရှိရင် ကျန်းမာပျော်ရွှင်မှုတစ်ခုကို အရယူနိုင်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ ဥပမာတစ်ခုပြောပြရရင် စိတ်ဖိဆီးနေတဲ့အခါ ၊ စိတ်ဓာတ်ကျနေတဲ့အခါ မြင်မြင်သမျှအရာရာတိုင်းကို အကောင်းမမြင်နိုင်သလို သည်းခံနိုင်ခြင်းလည်းမရှိပါဘူး။ ဒါအပြင်ကို အလွန်တကူ ဒေါသထွက်တာ ၊ အပြစ်တင်ကျိမ်းမောင်းဆဲဆိုနေတာ တွေဟာ ကိုယ့်အတွက်သာမက ပတ်ဝန်းကျင်ကိုပါ အလွယ်တကူ ကူးစက်နိုင်ပါတယ်။ ဒါ့ကြောင့်မို့လို့ ကိုယ့်စိတ်ကလေးတွေကို အမြဲတမ်းတည်ငြိမ်ပြီး အေးချမ်းအောင် လုပ်နိုင်ဖို့အတွက် လေ့ကျင့်ဖို့လိုအပ်ပါတယ်။ လေ့ကျင်တဲ့နေရာမှာ အမျိုးမျိုးရှိပါတယ်။ တရားထိုင်တာ ၊ ယောဂကစားတာ တွေအပြင် ကိုယ်အားသန်ရာ နည်းအမျိုးမျိုးနဲ့ ရယူလေ့ကျင့်ကြည့်ပါ။ 

၂။ စိတ်အာဟာရဖြည့်စွက်ခြင်း 

ခန္ဓာကိုယ်မှာ အာဟာရဓာတ်တွေလိုအပ်လို့ ဖြည့်တင်းစားသောက်ရသလိုပဲ ကျွန်တော်တို့ စိတ်ဟာလည်း စိတ်အာဟာရလိုအပ်ပါတယ်။ ပတ်ဝန်းကျင် ၊ အလုပ် စတာတွေကြောင့် စိတ်က ဖိဆီးတဲ့အခါ စိတ်ပင်ပန်းသွားတတ်ကြပါတယ်။ စိတ်ပင်ပန်းတဲ့အခါမှာ စိတ်ကို အနားယူဖို့အတွက်သာမက အနားယူပြီးရင် စိတ်ကြည်လင်သွားအောင် လိုအပ်တဲ့ စိတ်အာဟာရဖြည့်စွက်ရပါတယ်။ စိတ်အာဟာရဖြည့်စွက်တယ် ဆိုတာဟာ စိတ်ဖိဆီးမှုကင်းဝေးပြီး ကိုယ့်ကို စိတ်ရော လူပါ အပန်းဖြေစေတာမျိုးပါ။ ဥပမာ – စာဖတ်တာ ၊ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ အချိန်ကုန်တာ ၊ သီချင်းနားထောင်တာ ၊ ရေကူးတာ ၊ ပုံဆွဲတာ အစရှိတာလေးတွေဟာလည်း စိတ်အာဟာရဖြည့်စွက်ခြင်းတစ်မျိုးပါပဲ။ 

၃။ စိတ်ကို ထိန်းချူပ်ခြင်း (သို့) စိတ်နဲ့ အတူလိုက်ပါစီးမြောခြင်း 

ကျွန်တော်တို့ရဲ့ စိတ်ဟာ တစ်ခါတစ်ရံမှာ အင်မတန်နူးညံ့သိမ်မွေ့တတ်သလို တစ်ခါတစ်ရံမှာ လှိုင်းလုံးကြီးတွေလိုမျိုး ပြင်းထန်တတ်ပါတယ်။ စိတ်ကို ထိတွေ့ကိုင်တွယ်တဲ့အခါမှာ ပုံစံတစ်မျိုးတည်းနဲ့ လုပ်ဆောင်လို့မရပါဘူး။ စိတ်ကို ထိန်းချူပ်တဲ့အခါ ပိုလို့တောင် မရပါဘူးနော်။ ဒါ့ကြောင့်မို့လို့ စိတ်ကို ထိန်းချူပ်ဖို့ စဉ်းစားတဲ့အခါမှာ အတင်းဖိနှိပ်တာမျိုးမလုပ်ပဲ စိတ်ကို ကိုယ်လိုချင်တဲ့အနေအထားရောက်အောင် သူနဲ့ အတူစီးမြောပြီး လမ်းညွှန်ကြည့်ဖို့လိုပါတယ်။ ဆိုပါတော့ ကျွန်တော်တို့ဟာ ကိုယ်မတတ်နိုင်တဲ့အခြေအနေတွေ ကြောင့် စိတ်ပင်ပန်းရတဲ့အခါ မှာ စိတ်ပင်ပန်းတာကိုဖြေဖျောက်ဖို့အတွက် အလုပ်တွေအရမ်းဖိလုပ်တာမျိုး ၊ စိတ်မပင်ပန်းအောင်နေမယ်ကွာဆိုပြီး ဘက်ကန်တာမျိုးဟာ ထိရောက်တဲ့ နည်းလမ်းမျိုးတွေမဟုတ်ပါဘူး။ စိတ်ပိုပင်ပန်းပါတယ်။ ကိုယ်မထိန်းချူပ်နိုင်တဲ့အရာတွေကြောင့် စိတ်ပင်ပန်းရတဲ့အခါ သြော်ကိုယ်မှ မတတ်နိုင်တာ ကိုယ်လုပ်နိုင်တဲ့အရာမှမဟုတ်တာဆိုပြီး လစ်လျှူရှုတတ်ဖို့ လိုအပ်ပါတယ်။ လစ်လျှူရှုပြီးရင်လည်း ကိုယ်စိတ်ပင်ပန်းတာကို ဖြေဖျောက်ဖို့အတွက် ကိုယ့်သက်ရောက်မှု (သို့) ကိုယ်တတ်နိုင်တဲ့ အဝန်းအဝိုင်းလေးတစ်ခုတည်းကနေ ဆက်လက်လုပ်ဆောင်နေဖို့လိုအပ်ပါတယ်။ အခုစိတ်ဖိဆီးမှုတွေများ ၊ အခုချက်ခြင်း စိတ်ဖိဆီးမှုတွေပျောက်ဆိုတဲ့အနေအထားဟာမရှိပါဘူး။ ဖြည်းဖြည်းချင်းသက်သာပြီးတော့မှသာ စိတ်ကိုကြည်လင်အောင်ပြန်လည်တည်ဆောက်နိုင်တာပါ။ ဒါ့ကြောင့်မို့ စိတ်ပင်ပန်းတဲ့အခါ တအားဖိအားပေးတာမျိုးထက် စိတ်ကို ကြည်လင်အောင်ဖြည်းဖြည်းချင်း အလိုက်သင့်ကလေး ထိန်းချုပ်ကြည့်တာဟာ ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေကိုရရှိစေနိုင်မှာပဲဖြစ်ပါတယ်။ 

စိတ်ဖတ်သူတို့ရေ ဒီနေ့မှာတော့ ကျွန်တော်တို့ ဗဟုသုတကနေပြီး ကျန်းမာပျော်ရွှင်တဲ့ လူနေမှု ဘဝကို အရယူနိုင်တဲ့ အချက်အလက်လေးတွေကို ဝေမျှပေးခဲ့ပြီးပါပြီ။ ဒီအချက်အလက်တိုင်းဟာ လူတိုင်းနဲ့ ကိုက်ညီမှာတော့ မဟုတ်ပါဘူး။ ဒါ့ကြောင့်မို့လို့ ကိုယ်လုပ်ဆောင်နိုင်တာလေးတွေကို ယူပြီးတော့ လုပ်ဆောင်ကြည့်ပါ။ လုပ်ဆောင်တဲ့အခါမှာလည်း ကိုယ့်အနေနဲ့ အချိန်သေချာယူပြီး ဒါမျိုးမတည်ဆောက်ခင် နဲ့ တည်ဆောက်ပြီး ကာလကိုပြန်လည်လေ့လာသုံးသပ်ကြည့်ပါ။ ရလဒ် ၁ ခုကို သေချာ ကွဲကွဲပြားပြားသိနိုင်လာပါလိမ့်မယ်နော်။ အားလုံးပဲ စိတ်ပင်ပန်းခြင်း ၊ လူပင်ပန်းခြင်းတွေမှ ကင်းဝေးကြပါစေ။ အဆုံးထိဖတ်ရှု့ပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျ။

Bahuthuta Corner

Share:

More Posts

Send Us A Message