OCD ဆိုတာကို ကြားဖူးကြမယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ နေ့တစ်ဓူဝကြားဖူးနေကြ စိတ်ရောဂါမျိုးမဟုတ်ပေမယ့် အဓိက စိတ်ရောဂါဝေဒနာမှာပါဝင်တဲ့ စိတ်ရောဂါတစ်မျိုးပဲဖြစ်ပါတယ်။ ရုပ်ရှင်တွေထဲမှာပဲဖြစ်ဖြစ် ၊ ဟာသဇာတ်လမ်းတိုတွေထဲမှာပဲဖြစ်ဖြစ် ပါဝင်နေတတ်သလို ကျွန်တော်တို့ ကိုယ်တိုင်တောင် ဖြစ်လို့ ဖြစ်နေမှန်းမသိ ဖြစ်နေတတ်တဲ့ စိတ်ရောဂါလေးတစ်ခုကို ဒီနေ့မှာ ဗဟုသုတကနေပြီး တော့ ဝေမျှပေးသွားပါမယ်။
Obsessive-compulsive disorder ( OCD ) ဆိုတာ ဘာလဲ။
OCD ဆိုတာဟာ စိတ်ပိုင်းဆိုင်ရာကော ၊ ရုပ်ပိုင်းဆိုင်ရာမှာပါ သိသာထင်ရှားစေတဲ့ စိတ်ရောဂါဝေဒနာတစ်ခုဖြစ်ပါတယ်။ ကိုယ်လုပ်ထားတဲ့ အရာဝတ္ထုတစ်ခုကို ဆိုးရွားတာတွေ ဖြစ်မှာ တွေးပူနေရာ ၊ မြင်ရတွေ့ရတဲ့ အရာဝတ္ထုတွေကအချိုးမညီတာ ၊ ခေါက်ရိုးမညီတာကိုကြောက်ရွံနေတာ ၊ ကိန်းဂဏန်းတွေ ဗျောက်သောက်ဖြစ်နေတာကိုကြောက်တာ ၊ အစိုးရိမ်လွန်တဲ့ အရာဝတ္ထုတစ်ခုကို ထပ်ခါထပ်ခါ လုပ်မိနေတာ အစရှိတာတွေက OCD စိတ်ရောဂါဝေဒနာကို ခံစားနေရတဲ့သူတွေ ဖြစ်ပေါ်တဲ့ အကြောင်းအရာတွေပါပဲ။
Obsessive-compulsive disorder ( OCD ) ဟာ ဘာတွေဖြစ်ပေါ်စေနိုင်သလဲ။
OCD ရှိတဲ့သူတွေဟာ အများအားဖြင့် စိတ်ပိုင်းဆိုင်ရာမသက်မသာဖြစ်စေတာကနေ စပြီးတော့ အလွန်အမင်း စိတ်ဖိဆီး ၊ စိတ်ပင်ပန်းတဲ့အထိဖြစ်စေနိုင်ပါတယ်။ ဒါတင်မကပဲ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေပါ ရှိလာနိုင်ပါတယ်။ ဥပမာအားဖြင့် ကိုယ်ဟာ အလုပ်မသွားခင် အိမ်မှာ မီးခလုတ်တွေ ပိတ်ခဲ့တယ်။ ပိတ်ခဲ့တာကိုလည်း သိတယ်။ သတိလည်းရတယ်။ ဒါပေမယ့် အပြင်ရောက်တော့မှာ မီးခလုတ်တွေ မပိတ်ခဲ့မိရင် အိမ်မီးလောင်ရင်ဘယ်လိုလုပ်မလဲဆိုပြီး အတွေးတွေဝင်လာတယ်။ ပိတ်ခဲ့ကြောင်းသိပေမယ့် စိတ်ထဲ သက်တောင့်သက်သာမဖြစ်တဲ့အခါမှာ အိမ်ကို တစ်ခေါက်ပြန်ပြီး မီးခလုတ်တွေကို ပြန်စစ်ရပြန်တယ်။ ပိတ်ခဲ့ကြောင်းသေချာပေမယ့် စိတ်က မကောင်းတာကို တွေးမိပြီး သက်တောင့်သက်သာမဖြစ်တာမို့ ခေါက်တုံ့ခေါက်ပြန် အပြန်အပြန်အလှန်လှန်စစ်ရတာမျိုးဖြစ်တတ်ပါတယ်။ တစ်ချို့သူတွေဆိုရင် ကိန်းဂဏန်းတွေဟာ စုံဂဏန်းတွေဖြစ်နေမှ အဆင်ပြေတာမျိုးလည်းရှိပါတယ်။ မ ကိန်းဂဏန်းတွေဖြစ်တဲ့ ၁ ၊ ၃ ၊ ၅ ၊ ၇ ၊ ၉ အစရှိတာတွေဟာ သူတို့ကို အလွန်အမင်း စိတ်အနှောက်အယှက်ဖြစ်စေတတ်ပါတယ်။
Obsessive-compulsive disorder ( OCD ) ဟာ ကုသနိုင်ပါသလား။
OCD ဟာ ကုသမှုခံနိုင်တဲ့ ပြီးပျောက်ကင်းနိုင်တဲ့ စိတ်ရောဂါအခြေအနေတစ်ခုပဲဖြစ်ပါတယ်။ တစ်ချို့ အခြေအနေတွေမှာ မသိသာလို့ဖြစ်မှန်းမသိဖြစ်နေပေမယ့် တစ်ချို့သူတွေမှာတော့ ကိုယ့်လူနေမှုဘဝကိုပါ ထိခိုက်စေတဲ့အထိ ပြင်းထန်တာတွေကို တွေ့ရတတ်ပါတယ်။ OCD ကို ဖြစ်ပေါ်ရခြင်းအကြောင်းအရာကို တိတိကျကျ မသိပေမယ့် ငယ်စဉ်ဘဝအခြေအနေ ၊ ပတ်ဝန်းကျင် ၊ မျိုးရိုးဗီဇအခြေအနေ အစရှိတာတွေကြောင့်ဖြစ်ပေါ်နိုင်တယ်လို့ ခန့်မှန်းသုံးသပ်ကြပါတယ်။
Obsessive-compulsive disorder ( OCD ) ကြောင့် ဘယ်လိုသက်ရောက်မှုတွေ ကြုံနိုင်သလဲ။
OCD ဟာ လူတစ်ယောက်အတွက် လူနေမှုဘဝမှာ သက်ရောက်မှုများစွာရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ကြုံတွေ့ခံစားရတဲ့အပေါ်မူတည်ပြီး စိတ်မသက်မသာဖြစ်ရတာတွေကွဲပြားမှုရှိပါတယ်။ OCD ခံစားရတဲ့သူတွေဟာ အရာရာကို အညီအမျှဖြစ်နေတာမျိုး ၊ အလွန်အမင်း အသန့်အရှင်းကြိုက်တာမျိုး ၊ မလိုလားအပ်တဲ့ အပြုမူတွေ ထပ်ခါထပ်ခါ ပြုလုပ်နေတာမျိုး ၊ အစရှိတာတွေကြောင့် အလုပ်ခွင်မှာဖြစ်စေ ၊ လူမှုပတ်ဝန်းကျင်မှာဖြစ်စေ ဇီဇာကြောင်တယ်လို့ အထင်ခံရတတ်တာမျိုးကြုံတွေ့ရတတ်ပါတယ်။ တကယ်တမ်းမှာ OCD ဝေဒနာရှင်တွေဟာ ကိုယ့်ဘာသာတောင် စိတ်ဝေဒနာ ခံစားရတာကို မသိလိုက်ပဲ အများထင်သလို ဇီဇာကြောင်တဲ့သူတစ်ယောက်လို ကိုယ့်ဘာသာ ထင်မှတ်တတ်ကြပါတယ်။ နိဂုံးမှာတော့ Obsessive-compulsive disorder ( OCD ) ဟာ အခြားစိတ်ရောဂါများကဲ့သို့ အသက်အန္တရာယ်ရှိသည်အထိ မပြင်းထန်သော်ငှားလည်း အဓိက ကျတဲ့ စိတ်ရောဂါကြီး အမျိုးအစားထဲက တစ်ခုဆိုတာကို သတိပြုသင့်ပါတယ်။ စိတ်ရောဂါဝေဒနာရှင်ဟာ မိမိကိုယ်သာမက မိမိပတ်ဝန်းကျင်ကိုပါ သက်ရောက်မှုတွေ ရှိစေတာမို့ ကိုယ့်ပတ်ဝန်းကျင်မှာဖြစ်စေ ၊ မိမိကိုယ်တိုင်ဖြစ်စေ စိတ်ဝေဒနာ အပြင်းအထန် ခံစားရတဲ့အခါ ၊ ဒါမှမဟုတ် စိတ်ရောဂါခံစားနေရပြီလို့ သံသယဝင်လာတဲ့အခါ သက်ဆိုင်ရာ ဆရာဝန်တွေ နဲ့ ဆွေးနွေးတိုင်ပင်ပါ။ ဒါမှမဟုတ် ကိုယ်ယုံကြည်စိတ်ချရတဲ့သူတွေကို ဖွင့်ဟပြောဆိုပြီး အကူအညီတောင်းပါ။ စိတ်ရောဂါဝေဒနာ ခံစားရတာဟာ ရှက်စရာတစ်ခုမဟုတ်ပါဘူး။ ကုသလို့ ရသလို ပျောက်ကင်းနိုင်တဲ့ အခြေအနေတွေရှိတာမို့ မိမိကိုယ်တိုင်သာမက တခြားသူတစ်ဦးဦး ခံစားနေရတာတွေ ကြုံတွေ့တဲ့အခါ ဖေးမ ကူညီကြဖို့ တိုက်တွန်းရင်း နိဂုံးချူပ်လိုက်ပါတယ်။ အဆုံးထိ ဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်။
-Bahuthuta Corner