နေ့ရက်တိုင်းဟာ ကျွန်တော်တို့အတွက် လန်းဆန်းတက်ကြွပြီးတော့ တစ်နေကုန်အားအင်တွေ အပြည့်နဲ့ ဖြတ်သန်းနိုင်မယ့်နေ့ရက်တွေမဟုတ်ပါဘူး။ တစ်ချို့ရက်တွေမှာ လေးလံထိုင်းမှိုင်းနေမယ်။ တစ်ချို့ရက်တွေမှာ လုပ်ချင်ကိုင်ချင်စိတ်တွေပျောက်စေမယ်။ တစ်ချို့ရက်တွေမှာ ဘယ်သူနဲ့မှ အဆက်အဆံမလုပ်ချင်ပဲ တစ်ယောက်တည်းပဲ မှိုင်ချင် မှိုင်နေမယ်။ အစရှိတဲ့ နေ့ရက်တွေလည်း ရှိနိုင်ပါတယ်။ ဒီနေ့မှာတော့ အကယ်၍ ကျွန်တော်တို့ အိပ်ယာနိုးကတည်းက လူက လေးလံထိုင်းမှိုင်းနေတယ်ဆိုရင် လန်းလန်းဆန်းဆန်း တက်တက်ကြွကြွဖြစ်အောင်လို့ ကိုယ့်ခန္ဓာကိုယ် နဲ့ စိတ်ကိုယ်ပါ ဘယ်လိုမျိုး လှုံ့ဆော်နိုင်မလဲဆိုတဲ့ နည်းလမ်းလေးအချို့ကို ဝေမျှပေးသွားပါမယ်။
၁။ အိပ်ယာက ထတာနဲ့ ကိုယ့်ကိုယ်ကို အချိန်ပေးပြီး သုံးသပ်ကြည့်ပါ။
အိပ်ယာနိုးတာနဲ့တစ်ခါတည်း တန်းထစရာမလိုပါဘူး။ ကိုယ်အိပ်ယာကနိုးတဲ့အခါ ငါဒီနေ့ ဘာတွေ လုပ်စရာရှိလဲဆိုတာကိုတွေးပါ။ စိတ်ထဲမှာ အစီစဉ်ချကြည့်ပါ။ စိတ်ညစ်စရာတွေ ရှိရင်လည်း အရင်နေ့တွေက ကိုယ်ဘယ်လို ဖြတ်သန်းခဲ့သလိုဆိုတာကို တွေးကြည့်ပါ။ အိပ်ယာက နိုးတဲ့အခါ ခေါင်းက ကြည်နေတာမို့ တော်ရုံ အဆင်မပြေတာ ၊ ပြဿနာတွေအတွက် အကြံဉာဏ်တွေ ဘယ်လိုဖြေရှင်းရမလဲဆိုတာ ထွက်လာတတ်ပါတယ်။ ဒါ့ကြောင့်မို့ အိပ်ယာက ထတဲ့ အခါ ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်နေရင် ဒီနေ့ တစ်နေ့တာကို ငါ ဘာတွေ လုပ်ရမယ်ဆိုပြီး စိတ်ကူးထဲကနေ အစီအစဉ်ချပြီး သွေးပူလေ့ကျင့်ခန်းအဖြစ် သုံးသပ်ကြည့်ပါ။
၂။ အချိန်တစ်ခုပေးပြီး မနက်ခင်းပိုင်း ကိုယ်လက်လှုပ်ရှားမှုအချို့ လုပ်ကြည့်ပါ။
အိပ်ယာနိုးတဲ့အခါမှာ ခန္ဓာကိုယ်ဟာ အချိန်များစွာ ငြိမ်သက်နေရတဲ့အတွက် သွေးလေးပြီး ထိုင်းမှိုင်းနေတာ ပုံမှန်ပါပဲ။ ဒီလိုမျိုး သွေးလေးထိုင်းမှိုင်းမှုတွေကို ဖြေရှင်းဖို့ မနက်ခင်းပိုင်းမှာ အချိန်လေး တစ်ခုယူပြီး ကိုယ်လက်လှုပ်ရှာမှုလုပ်တာဟာ ကျန်းမာရေးအတွက်ပါ ကောင်းမွန်စေပါတယ်။ ဒါ့အပြင် တစ်ညလုံး ငြိမ်သက်နေတာကြောင့် တောင့်တင်းနေတဲ့ အကြောအချဉ်တွေ ပြေပြီး ရေမိုးချိုးလိုက်တဲ့အခါမှာ လူကလန်းဆန်းတက်ကြွပြီး စိတ်ကြည်လင်သွားစေပါတယ်။
၃။ မနက်စာကို ပြည့်တင်းစွာစားပါ။
လူတွေဟာ ဗိုက်ဆာတဲ့အခါမှာ စိတ်တိုတတ်လွယ်ကြပါတယ်။ ဗိုက်ဆာတဲ့အခါမှာ ဘယ်ကိစ္စကို မဆို အာရုံစူးစိုက်နိုင်ခြင်းမရှိပဲနဲ့ အစာဖြည့်တင်းဖို့ကို အလွယ်တကူအာရုံရောက်နေတတ်ကြတယ်။ ဒါ့ပြင် မနက်ခင်းပိုင်းမှာ အစာကောင်းမွန်စွာ မစားထားခြင်းက စာသင်ခန်းတွေ ၊ အလုပ်ခွင်တွေထဲရောက်တဲ့အခါမှာ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းတွေကို အပြည့်အဝလုပ်နိုင်ခြင်းမရှိတော့ပဲ ပင်ပန်းသလို ခံစားရတတ်စေပါတယ်။ ဒါ့ကြောင့်မို့လို့ မနက်စာကို ဗိုက်ပြည့်တင်းစွာစားနိုင်ဖို့က အင်မတန်ကို အရေးကြီးတဲ့ အချက်တစ်ပဲဖြစ်ပါတယ်။
၄။ တစ်နေ့တာ လုပ်ဆောင်စရာ မှတ်တိုင် အသေးကလေးတွေ စိုက်ထူကြည့်ပါ။
ကိုယ့်ရဲ့ တစ်နေ့တာဟာ ပုံမှန်အတိုင်းပဲ နေ့စဉ်ဖြတ်သန်းနေရတာဟာ ပျင်းဖို ကောင်းပါတယ်။ စိတ်ဝင်စားစရာမရှိတဲ့ အရာတစ်ခုကို ဖြတ်သန်းရချိန်မှာ လန်းဆန်းတက်ကြွမှုမရှိတာဟာ သဘာဝကျပါတယ်။ ဒါ့ကြောင့်မို့ ဒီလိုမျိုးမဖြစ်စေဖို့အတွက် တစ်ရက်နဲ့ တစ်ရက် အပြောင်းအလဲလေးတွေ လုပ်ပြီး တစ်နေ့တာ လုပ်ဆောင်စရာ မှတ်တိုင်အသေးလေးတွေ စိုက်ထူကြည့်ပါ။ အချိန်နဲ့ ဖြစ်စေ ၊ လုပ်ဆောင်စရာကလေးတွေနဲ့ ဖြစ်စေ ပြောင်းလဲပြီး လုပ်ဆောင်ကြည့်တာဟာ ကိုယ့်ရဲ့ အချိန်တွေ ၊ တခြားအလုပ်တွေလည်း ပိုမို ပြီးစေနိုင်သလို လှုပ်ရှားမှုတစ်ခုဖြစ်စေတာကြောင့် စိတ်ထဲမှာလည်း လေးလံထိုင်းမှိုင်းမနေပဲ လန်းဆန်းတက်ကြွလာမှာပါ။
ဒီနေ့မှာတော့ ပျင်းရိဖွယ် ၊ လေးလံထိုင်းမှိုင်းနေတဲ့ အခါ တစ်နေ့တာကို ဘယ်လို နည်းလမ်းလေးတွေနဲ့ ဖြတ်သန်းနိုင်သလဲဆိုတာကို ဝေမျှပေးသွားပါတယ်နော်။ နည်းလမ်းတွေ အကုန်လုံးက ခက်ခဲတဲ့နည်းလမ်းတွေမဟုတ်ပဲ ကိုယ့်လက်တစ်ကမ်းမှာတင် အလွယ်တကူလုပ်နိုင်တာကြောင့် လက်တွေ့အသုံးချကြည့်ဖို့ မမေ့ကြနဲ့နော်။ နောက်ရက်တွေမှာလည်း အခုလိုမျိုး တစ်နေ့တာ အတွက်သာမက အလွယ်တကူ အသုံးချနိုင်တဲ့ နည်းလမ်းလေးတွေ ဝေမျှပေးမှာမို့ Bahuthuta Corner ကို See First လုပ်ထားကြဖို့ မမေ့ကြနဲ့နော်။ အဆုံးထိ ဖတ်ရှု့ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။
-Bahuthuta Corner