ကျွန်တော်တို့ လုပ်ငန်းခွင်မှာပဲဖြစ်စေ ၊ ပတ်ဝန်းကျင်မှာပဲဖြစ်စေ တအားကို အပြစ်တင်တတ်တဲ့သူတွေ ကို ကြုံတွေ့ခဲ့ရဖူးပါလိမ့်မယ်။ ရံဖန်ရံခါမှာ ကိုယ့်ဘာသာတောင် မသိပဲနဲ့ ကိုယ်ဟာ ဒီလူတွေထဲမှာ ပါဝင်သွားတတ်ပါတယ်။ အခုလိုမျိုး အခက်အခဲတွေ စိတ်ဖိဆီးစရာတွေများပြားလာတဲ့အချိန် ၊ အခြေအနေ အရပ်ရပ်က ခက်ခဲတဲ့အချိန် ၊ ကိုယ့်အတွက် ဖိအားတွေများလာတဲ့အချိန်တွေမှာ လူတွေဟာ အလွယ်တကူ အပြစ်တတ်ကြပါတယ်။ ဒီလိုအပြစ်တင်လိုက်ခြင်းအားဖြင့် ကိုယ့်ပြဿနာတွေအပေါ်ခံစားနေရတဲ့ ဝန်တွေပေါ့သွားတယ်လို့ ထင်တတ်ကြပေမယ့် တကယ်တမ်းမှာ ပြဿနာတွေဟာ ပြေလည်သွားတတ်တာမျိုးမဟုတ်ပါဘူးနော်။ ဒါ့ကြောင့်မို့လို့ ဒီနေ့မှာတော့ အပြစ်တင်ခြင်းဟာ တကယ်တမ်း အကျိုးရှိ ၊ ကောင်းမွန်တတ်တဲ့ အကျင့်တစ်ခုလားဆိုတာကို ဗဟုသုတနဲ့ အတူတူ စဉ်းစားကြည့်ရအောင်နော်။
၁။ အပြစ်တင်လိုက်ခြင်းဟာ ဖြေရှင်းနည်းတစ်ခုမဟုတ်ပါဘူး။
ကိုယ့်ခံစားနေရတဲ့ ဖိအားတွေကို တစ်ခြားသူတစ်ယောက်ကို ပုံချလိုက်တာ ၊ အာရုံပြောင်းလိုက်တာ ၊ လွှဲချလိုက်တာဟာ ကိုယ့်ကို တခဏလေးတော့ဝန်ပေါ့သွားသလို ခံစားရစေတတ်ပါတယ်။ ဒါဟာ ကိုယ့်ဘာသာ လှည့်စားလိုက်တဲ့ နည်းတစ်မျိုးပဲဖြစ်ပြီး တခြားသူကို ဝန်သွားပိုပိစေပါတယ်။ ဒါ့အပြင် ပြဿနာဟာ ပြေလည်သွားခြင်းမရှိပဲ ဒီအတိုင်းဆက်ရှိနေမှာဖြစ်ပြီး ပြဿနာတွေ မပြေမလည်မခြင်း ဒီ ဖိအားတွေကို ပြန်လည်ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့်မို့လို့ ပြဿနာတွေ ဖိအားတွေနဲ့ ကြုံတွေ့လာရင် အပြစ်တင်လိုက်တာဟာ ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုမဟုတ်ပါဘူး။
၂။ အပြစ်တင်လိုက်ခြင်းဟာ ပြဿနာတွေကို ပိုမိုကြီးထွားစေနိုင်ပါတယ်။
ကိုယ့်မှာ ခံစားရတဲ့ ဖိအားတွေကို တစ်ခုခုကို ပုံချလိုက်တာဟာ ကိုယ်တင်မဟုတ်ပဲ တစ်ခြားသူတစ်ယောက်ကိုပါ ပိုပြီး ဝန်ဖြစ်စေပါတယ်။ အသင်းအဖွဲ့တွေ နဲ့ လုပ်တဲ့အခါမှာဖြစ်စေ ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဖြစ်စေ ၊ မိသားစုနဲ့ ဖြစ်စေ ၊ သူငယ်ချင်းတွေနဲ့ ဖြစ်စေ အပြစ်တွေ စတင်ကြပြီဆိုတာနဲ့ တစ်ဦးနဲ့ တစ်ဦးကြားမှာ အဆင်မပြေမှုတွေ ၊ မကျေနပ်မှုတွေ အစရှိတဲ့ အပ်ကြောင်းကလေးတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ပြဿနာတွေမပြေလည်တဲ့အပြင် အပြန်အလှန် အပြစ်တွေတင်နေတာကြောင့် တကယ်တမ်းပြဿနာဖြေရှင်းရမယ့် အစား တစ်ဦးကို တစ်ဦး မကျေနပ်ချက်တွေများပြီးတော့ ပြဿနာတွေဟာ ပိုမိုကြီးထွားလာစေနိုင်ပါတယ်။ ဒါ့ကြောင့်မို့လို့ အပြစ်တင်ကြခြင်းဟာ ပြဿနာတွေကို ကြီးထွားလာစေနိုင်တဲ့ ပင်မအရင်းအမြစ်တစ်ခုဖြစ်ပါတယ်။
၃။ အပြစ်တင်တတ်တဲ့သူတွေကို လေးစားခြင်းမရှိပါဘူး။
ကိုယ်ဟာ လုပ်ငန်းခွင်မှာ ၊ ပတ်ဝန်းကျင်မှာ ဦးဆောင်ရတဲ့သူတစ်ယောက်ဖြစ်လင့်ကစား အလွယ်တကူ အပြစ်တင်နေတတ်မယ်ဆိုရင် ကိုယ့်ကို တခြားသူတွေဟာ လေးစားမှုရှိမှာမဟုတ်ပါဘူး။ အလွယ်တကူ အပြစ်တင်တတ်ခြင်းဟာ ကောင်းမွန်တဲ့ အရည်အချင်းတစ်ခုမဟုတ်ပဲ ကိုယ့်ဟာကိုယ် တာဝန်မယူရဲတဲ့သူတွေ ၊ တာဝန်မခံရဲတဲ့သူတွေ ၊ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် မစဉ်းစားနိုင်တဲ့သူတွေက သာ အလွယ်တကူ အပြစ်တင်ဖို့ အရင်စဉ်းစားတတ်ကြတာမို့ ကိုယ့်မှာသာ ဒီလိုအမူအကျင့်ရှိနေရင်အများက လေးစားရတဲ့ ဦးဆောင်သူ တစ်ယောက်ဖြစ်နိုင်ဖို့ဆိုတာဟာ အင်မတန်ဝေးတဲ့ ခရီးတစ်ခုဖြစ်နေမှာပါ။
၄။ အပြစ်တင်ခြင်းဟာ ကိုယ့်ဘာသာကိုယ်ဆွဲချနေတာပါပဲ။
ကိုယ်ဟာ ပြဿနာကို ထိပ်တိုင်ရင်ဆိုင်မယ့် အစား အပြစ်တွေတင်ပြီး အချိန်ဆွဲမယ် ၊ ခေါင်းရှောင်မယ် ၊ သူများကို လွှဲချမယ် ၊ အာရုံနောက်မခံဘူး အစရှိတာတွေဟာ ကိုယ့်မှာ ဖွံဖြိုးတိုးတက်စေမယ့် အရာတွေကို ဆွဲချနေတာတွေပါပဲ။ ကျွန်တော်တို့ဟာ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတာ ၊ ဖိအားတွေနဲ့ ရှင်သန်နေထိုင်တာ ၊စိတ်ညစ်စရာတွေကို စီမံခန့်ခွဲတာတွေကြောင့် အမြဲတမ်း စိတ်ရော ၊ လူပါ တိုးတက်နေစေပါတယ်။ ဒီလိုမျိုးဖြေရှင်းနိုင်တာမျိုးတွေမလုပ်ပဲ အမြဲတမ်း အပြစ်တင်ပြီး ရှောင်ပြေးနေမယ်ဆိုရင် မဖြစ်မနေဖြေကိုဖြေရှင်းရမယ့် ပြဿနာတွေ ကြုံလာရတဲ့အခါမှာ အလွန်အမင်းစိတ်ဖိဆီးစရာတွေ ၊ စိတ်ဓာတ်ကျစရာတွေကို ကြုံတွေ့လာရနိုင်ပါတယ်။ ဒါ့ကြောင့်မို့လို့ ပြဿနာတွေ ၊ အဆင်မပြေမှုတွေရှိလာတိုင်းမှာ အပြစ်တင်ဖို့အတွက် ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲဆိုတာကိုသာ အရင်စဉ်းစားသင့်ပါတယ်။
ကဲ ဒီနေ့မှာတော့ အပြစ်တင်ခြင်းဟာ ကောင်းမွန်တဲ့ အကျင့်စရိုက်တစ်ခုမဟုတ်ဘူးဆိုတာကို သေချာလေး ဖတ်မိကြမယ်ထင်ပါတယ်နော်။ ကိုယ့်ပတ်ဝန်းကျင်မှာ အလွယ်တကူ အပြစ်တင်တတ်တဲ့ သူတွေကိုလည်း ဒီအချက်တွေနဲ့ ချိန်ထိုးပြီးကြည့်ကြည့်ပါ။ ကိုယ်တိုင်လည်း အပြစ်တင်တတ်တဲ့သူဆိုရင် ဒီအချက်တွေနဲ့ ယှဉ်ပြီးစဉ်းစားကြည့်ပါနော်။ အပြစ်တင်လိုက်ခြင်းက ဘယ်အခြေအနေမှာမဆို ပြဿနာတွေကို ပိုမိုပဲ ဆိုးရွားစေတာမို့ ရှောင်ကျဉ်သင့်ပါတယ်လို့ အကြံပေးရင်းနဲ့ ဒီနေ့အတွက် အဆုံးသတ်လိုက်ပါမယ်။ အဆုံးထိ ဖတ်ရှု့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။
-Bahuthuta Corner