ကျွန်တော်တို့ က ငယ်ငယ်ကတည်းကနေ စာဖတ်ဖို့အတွက် တိုက်တွန်းခံခဲ့ရသလို ၊ စာဖတ်ခြင်းက ကောင်းတယ်ဆိုတာကို အမြဲတမ်းလိုလို ကြားသိခဲ့ရပါတယ်။ ဒါပေမယ့် တကယ်တမ်း စာဖတ်ခြင်းဟာ ဘယ်လိုမျိုး အကျိုးကျေးဇူးတွေရနိုင်သလဲဆိုတာကိုတော့ တစ်ယောက်မှ သေသေချာချာ မပြောပြခဲ့ဖူးသလို ကိုယ်တိုင်လည်း စေ့စေ့စပ်စပ်တွေးမိဖြစ်ခဲ့တာက ရှားပါတယ်။ တကယ်တမ်း စာဖတ်ခြင်းဟာ အကျိုးကျေးဇူးတွေ ရတယ်ဆိုပေမယ့် ကိုယ့်အတွက် ရရှိလာတဲ့ အကျိုးကျေးဇူးတွေကို သတိမထားမိတတ်ကြပါဘူး။ ဒီနေ့မှာတော့ ဗဟုသုတကနေပြီးတော့ စာဖတ်ခြင်းကနေ ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးတွေအကြောင်းကို တစ်ခုချင်းစီ မျှဝေပေးသွားပါတယ်။
၁။ စာဖတ်ခြင်းက စိတ်ကူးတွေ ၊ ဖန်တီးနိုင်စွမ်းတွေကို တိုးတက်စေပါတယ်။
စာတွေကိုအမြဲတမ်းဖတ်တဲ့သူတွေဟာ သာမန်သူတွေထက်စာရင် ပိုမိုပြီးကျယ်ပြန်တဲ့ စိတ်ကူးတွေ ၊ ဖန်တီးနိုင်စွမ်းတွေ မြင့်မားတတ်ကြပါတယ်။ စာဖတ်တဲ့အခါမှာ ကိုယ်ဖတ်နေတဲ့ စာအုပ်အပေါ်ကို မူတည်ပြီးတော့ စိတ်ကူးထဲမှာ ပုံဖော်တတ်ခြင်းဟာ စာအုပ်ဖတ်တဲ့သူတိုင်း လုပ်တတ်ကြတဲ့ အမူအကျင့်တစ်ခုပါပဲ။ စာအုပ်တွေကို အမြဲတမ်းဖတ်တဲ့သူတွေဟာ အမြဲတမ်းလိုလို စိတ်ကူးယဉ်ပြီး စိတ်ကူးတွေပုံဖော်လေ့ရှိကြတဲ့ အမူအကျင့်တွေကြောင့် သာမန်သူတွေထက်စာရင် ပိုပြီး ကျယ်ပြန်တဲ့ အတွေးအခေါ်တွေ ၊ ဖန်တီးနိုင်စွမ်းတွေဟာ အမြဲတမ်းတိုးတက်စေလာနိုင်တာပဲဖြစ်ပါတယ်။
၂။ စာဖတ်ခြင်းဟာ ကိုယ့်အတွက် အသိပညာ နယ်ပယ်တွေကို ကျယ်ပြန့်လာစေပါတယ်။
ကျွန်တော်တို့ဟာ နေ့ တစ်ဓူဝမှာ လုပ်ငန်းခွင်တွေ ၊ ကျောင်းလုပ်ငန်းတွေ ၊ လူနေမှု့ဘဝတွေမှာ နစ်မြုပ်နေတတ်ကြပါတယ်။ အမြဲတမ်းလိုလို လည်ပတ်နေတဲ့ ပတ်ဝန်းကျင်တစ်ခုကနေ အခြားနယ်ပယ်တစ်ခုကို ချဲ့ထွင်လေ့လာဖို့ဆိုတာဟာ တကယ်တမ်းမှာ မလွယ်ကူတဲ့ အနေအထားတစ်ခုပါ။ ဒါပေမယ့် စာအမြဲတမ်းဖတ်တတ်တဲ့ အမူအကျင့်ရှိတဲ့အခါမှာတော့ ကိုယ်တိုင် တကူးတက အားစိုက်ထုတ်စရာမလိုပဲ ကိုယ်နဲ့ မရင်းနှီးတဲ့ အခြားနယ်ပယ်က အရာတွေကို လှမ်းပြီး အကဲခတ်မြည်းစမ်းကြည့်လို့ရပါတယ်။ ဒီလိုမျိုးမြည်းစမ်းကြည့်ရင်းနဲ့ ပဲ ကိုယ်တကယ် စိတ်ပါဝင်စားတဲ့ နယ်ပယ်တစ်ခုကို အချိန်အနည်းငယ် ၊အားစိုက်ထိုက်မှု အနည်းငယ် နဲ့ ရှာဖွေနိုင်ပါတယ်။
၃။ စာဖတ်ခြင်းဟာ စာအရေးအသား ၊ စကားအပြောအဆို ကောင်းမွန်တိုးတက်စေပါတယ်။
စာအုပ်တွေများများဖတ်နိုင်ခြင်းဟာ ကျွန်တော်တို့ကို စကားလုံးအသုံးအနှုန်းဝေါဟာရတွေ ကြွယ်ဝလာစေနိုင်ပါတယ်။ စကားပြောဆို ဆက်ဆံကြတဲ့အခါမှာ သုံးနေကျ စကားလုံးတစ်မျိုးတည်းကိုပဲ ထပ်ခါ ထပ်ခါ သုံးနေရတာဟာ ငြီးငွေ့ဖွယ်ကောင်းတတ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ မြင်ဖူးတွေ့ဖူးနေကြတဲ့ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူတွေ ၊ အပြောအဆိုကောင်းတဲ့သူတွေ ၊ စာအရေးအသားကောင်းတဲ့သူတွေဟာလည်း စကားလုံးတွေကို သုံးတဲ့အခါမှာ စိတ်ဝင်စားဖွယ်ရာကောင်းအောင် ၊ မထပ်အောင် ၊ သိုသိုသိပ်သိပ် ကျစ်ကျစ်လစ်လစ်ရှိအောင် ပြောဆို သုံးတတ်ကြတာကိုတွေ့ရပါတယ်။ ဒီလိုသုံးနိုင်ဖို့အတွက်ကို ကိုယ့်မှာ စကားလုံးအသုံးအနှုန်းဝေါဟာရတွေ အပြောအဆို အထားအသိုတွေ ကြွယ်ဝနေဖို့လိုအပ်ပါတယ်။ စာဖတ်ခြင်းဟာ ကိုယ့်ကို ဒီလိုမျိုး ကြွယ်ဝစေဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။
၄။ စာဖတ်ခြင်းဟာ စိတ်ဖိဆီးမှုတွေကို လျော့ချနိုင်ပါတယ်။
တကယ်တမ်းမှာ စာဖတ်တာဟာ လေ့လာမှုတစ်ခုမဟုတ်ပါဘူး။ အပန်းဖြေတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။ ရုပ်ရှင်ကြည့်တာ ၊ အပြင်သွားတာ ၊ ဂိမ်းဆော့တာ အစရှိတဲ့ လုပ်ဆောင်မှုတွေနဲ့ အတူတူပါပဲ။ ကိုယ်စိတ်ဝင်စားတဲ့ စာဖတ်လိုက်တာ ၊ ကိုယ်ကြိုက်နှစ်သက်တဲ့ ဝတ္ထု ၊ ရုပ်ပြ ၊ ကဗျာ အစရှိတာတွေကို ဖတ်ခြင်းအားဖြင့် ကိုယ်ခံစားနေရတဲ့ စိတ်ပင်ပန်းတာတွေ ၊ စိတ်ဖိဆီးတာတွေကို လျော့ချနိုင်ပါတယ်။ ဒါ့အပြင် စာဖတ်ခြင်းဟာ ညဖက်အိပ်ပျော်ဖို့အတွက်ကိုလည်း အထောက်အကူဖြစ်စေပါတယ်။
စာအုပ်တွေ ဖတ်ကြတဲ့အခါမှာ ကျွန်တော်တို့ ဖတ်ရှု့တဲ့ စာအုပ်အမျိုးအစားတွေပေါ်မှာ မူတည်ပြီး ရရှိနိုင်တဲ့ အကျိုးသက်ရောက်မှုတွေကွာခြားမှုရှိပါတယ်။ အများစု ဖတ်ရှု့ကြတဲ့ ဝတ္ထုတွေ ၊ ကဗျာတွေ ၊ ရုပ်ပြတွေဟာ ရသစာပေအမျိုးအစားတွေဖြစ်ပြီး တက်ကျမ်းတွေ ၊ စွယ်စုံကျမ်းတွေ ၊ ပညာရပ်ဆိုင်ရာ စာပေတွေ အစရှိတာတွေဟာ သုတစာပေတွေပဲဖြစ်ပါတယ်။ ရသစာပေ အများစုဟာ ကိုယ့်ကို လူမှု့ဆက်ဆံရေး ကောင်းမွန်စေတာတွေ ၊ အသုံးအနှုန်းကြွယ်ဝစေတာတွေ ၊ စိတ်ဖိဆီးမှုသက်သာစေတာတွေ ကို ပိုပြီး အကျိုးဖြစ်ထွန်းစေပြီး သုတစာပေတွေကတော့ ကိုယ့်ကို တွေးခေါ်နိုင်စွမ်း ၊ ဖန်တီးနိုင်စွမ်းမြင့်တင်ပေးနိုင်တာတွေ ၊ ပညာရပ်ဆိုင်ရာ အသိပညာတွေကို ချဲ့ထွင်ပေးနိုင်တဲ့ အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။ ဒီနေ့မှာတော့ စာဖတ်ခြင်းကြောင့်ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးတွေအကြောင်းကို သိသာထင်ရှားစေဖို့အတွက်ကို ဝေမျှပေးခဲ့ပါတယ်။ အခုလိုမျိုး ဗဟုသုတတွေ ရစေဖို့အတွက် ဆက်လက်ဝေမျှပေးမှာမို့ Bahuthuta ကို See first လုပ်ထားကြဖို့ မမေ့ကြနဲ့ဦးနော်။ အဆုံးထိ ဖတ်ရှု့ပေးခဲ့တဲ့ အတွက်ကျေးဇူးတင်ပါတယ်။
Ads: ( ဗဟုသုတကော်နာမှ လူငယ်များအတွက် ထိရောက်ပြီးအကျိုးရှိစေမည့် သုတ၊ရသစုံဆောင်းပါးတိုများအား ရေးသားတင်ဆက်ပေးလျက်ရှိပါတယ်။ သင်ယူရရှိလိုက်သည့် ဗဟုသုတများကို လက်တွေ့အသုံးချမှသာလျင် မိမိတို့ဘ၀အတွက် အကျိုးဖြစ်ထွန်းစေမှာဖြစ်တယ်။ ထိုအတွက်အကြောင့် စာဖတ်သူပရိသတ်များအာလုံး ဗဟုသုတမှသည် လက်တွေ့သို့ အကောင်အထည်ဖော်နိုင်ကြပြီး လိုရာပန်းတိုင်ကို တက်လှမ်းနိုင်ကြပါစေ။ ဆက်လက်ပြီး ဗဟုသုတကော်နာသို့ ကြော်ငြာကိစ္စနဲ့ ပတ်သက်ပြီး တစုံတရာ ဆက်သွယ်လိုပါကလည်း အောက်ပါလိပ်စာသို့ မေးမြန်းစုံစမ်းနိုင်ပါတယ်- [email protected])
-Bahuthuta Corner