GED ဖြေဆိုချင်ကြတဲ့သူတွေအတွက်
အခုလက်ရှိမှာတော့ GED ကို ဖြေဆိုကြတဲ့ သူတွေအလွန်အမင်းများပြားလာတာပဲဖြစ်ပါတယ်။ အလွန်အမင်းများပြားလာတာနဲ့ အမျှ GED အကြောင်းကို သေချာသိတဲ့သူတွေလည်းရှိသလို GED ဆိုတာဘာလဲ ၊ ဘယ်လိုဖြေဆိုရတာလဲဆိုတာကို ရေရေရာရာမသိကြသေးတဲ့သူတွေလည်း အများအပြား ရှိကြပါလိမ့်မယ်။ ဒီနေ့မှာတော့ ဗဟုသုတကနေပြီး GED ကို ဖြေဆိုကြမယ့်သူတွေ ၊ GED ဆိုတာ ဘာလဲ မသိသေးတဲ့သူတွေအတွက် သိသားသင့်သမျှကို ဝေမျှပေးပါမယ်။
GED ဆိုတာဘာလဲ။
GED ဆိုတာက U.S က ပညာရေးအစီအစဉ်တစ်ခုပဲဖြစ်ပါတယ်။ မူလပထမကတော့ ကမ္ဘာ့စစ်အတွင်းမှာ တာဝန်ထမ်းဆောင်ရတဲ့ စစ်မှုထမ်းတွေ ပြန်တမ်းဝင်တဲ့အခါမှာ သာမန်လူနေမှု့ဘဝထဲကို ပြန်လည်ဝင်ရောက်တဲ့အခါ လစ်လပ်သွားတဲ့ ပညာရေးတွေ ၊ အသိပညာ ၊ ဗဟုသုတတွေကို အချိန်တိုအတွင်းမှာ လေ့လာသင်ယူနိုင်အောင် လုပ်ထားတဲ့အစီစဉ်တစ်ခုပဲဖြစ်ပါတယ်။ အခုနောက်ပိုင်းတွေမှာတော့ GED ကို တတ်မြောက်ဖြေဆိုထားနိုင်ရင် U.S က အထက်တန်းအဆင့် ပညာရေးကို အောင်မြင်ပြီးမြှောက်တယ်ဆိုပြီး သတ်မှတ်ထားပါတယ်။ ဒါ့အပြင် အချို့သော တက္ကသိုလ်တွေဟာလည်း GED အောင်မြင်ရုံနဲ့ အလွယ်တကူဝင်ရောက်နိုင်တာလည်းရှိလာပါတယ်။ ဒါ့ကြောင့်မို့လို့ အခုလက်ရှိမြန်မာနိုင်ငံမှာ GED ဖြေဆိုကြမယ့် သူတွေအနေနဲ့ ကိုယ်တကယ်တက်ရောက်ချင်တဲ့ တက္ကသိုလ်တွေ ၊ ဘာသာရပ်တွေကို ရှာဖွေကြတဲ့အခါ GED အောင်မြင်တဲ့သူတွေလက်ခံလားဆိုတဲ့ အချက်ကို ထည့်သွင်းစဉ်းစားပြီး ရှာဖွေဖို့ လိုအပ်ပါလိမ့်မယ်။
GED ဟာ ဘယ်လိုပညာရေးအစီအစဉ်မျိုးလဲ။
GED ဟာ များသောအားဖြင့် သာမန်လူနေမှုအဆင့်အတန်းတစ်ခုရောက်အောင်သင်ကြားပေးတဲ့ အစီအစဉ်တစ်ခုပဲဖြစ်ပါတယ်။ ဘာသာရပ်အားဖြင့် Mathematical Reasoning / Science / Social Study / Reasoning Through Language Art ( RLA ) ဆိုပြီး ၄ မျိုးရှိပါတယ်။ Mathematical Reasoning မှာဆိုရင်တော့ သိသင့်သိထိုက်တဲ့ သင်္ချာရပ်ဆိုင်ရာ တွက်ချက်ပုံတွေ ၊ စဉ်းစားပုံတွေကို အဓိက လေ့လာရပါတယ်။ Science မှာတော့ သက်ရှိတွေအကြောင်း ၊ မျိုးရိုးဗီဇတွေ အကြောင်းပါဝင်ပြီး Social Study မှာ အမေရိကန်နိုင်ငံသမိုင်းကြောင်း ၊ ဖွဲ့စည်းတည်ဆောက်ပုံအကြောင်း ၊ ကမ္ဘာ့သမိုင်းကြောင်းတွေ အပြင် RLA ခေါ် Reasoning Through Language Art မှာဆိုရင် အင်္ဂလိပ်စာနဲ့ ပတ်သတ်တဲ့ သဒ္ဒါတွေ ၊ ဖတ်ပုံဖတ်နည်းတွေ ၊ ရေးသားပုံတွေ ၊ အယူအဆတွေကို လေ့လာသင်ယူရပါတယ်။ အခြားသော ပညာရေးအစီအစဉ်တွေနဲ့ မတူညီတာတစ်ခုက GED ဟာ ကိုယ်တိုင်လေ့ကျင့်လေ့လာရတာများပြီး ကျက်မှတ်ရတာထက် အတွေးအခေါ် ၊ အယူအဆ ၊ နားလည်မှုတွေကို ပိုပြီး ဦးစားပေးပါတယ်။
GED ကို ဘယ်လိုဖြေဆိုရတာလဲ။
GED ကိုဖြေဆိုလိုတဲ့အခါ ဖြေဆိုနိုင်တဲ့ စင်တာတွေကိုသွားရောက်ပြီး စာရင်းပေး ၊ အချိန်ဝယ်ပြီး ဖြေဆိုရပါတယ်။ အချိန်ဝယ်တဲ့အခါမှာ ကိုယ်အဆင်ပြေတဲ့ ရက်နဲ့ အချိန်ကို ဝယ်ပြီးဖြေဆိုလို့ရတဲ့အပြင် မဖြေဆိုခင် ၂၄ နာရီမတိုင်ခင်အထိ ရက်အပြောင်းအရွေ့လုပ်လို့ရပါတယ်။ GED Test မဖြေဆိုခင်မှာတော့ Pre-test လို့ ခေါ်တဲ့ အစမ်းစာမေးပွဲကိုဖြေဆိုရပါတယ်။ အစမ်းစာမေးပွဲဖြေဆိုတဲ့အခါမှာ စင်တာမှာသွားရောက်ဖြေဆိုဖို့ မလိုအပ်ပဲ ကိုယ်အဆင်ပြေပြီး ကွန်ပျူတာ ၊ အင်တာနက် ကောင်းကောင်းမွန်မွန်ရတဲ့ ဘယ်နေရာမှာမဆိုဖြေဆိုလို့ရပါတယ်။ အစမ်းဖြေဆိုရတဲ့ စာမေးပွဲအတွက် $8 ကျသင့်ပြီး တကယ့် စာမေးပွဲဖြေဆိုတဲ့အခါ $80 နဲ့ အချိန်စာရင်းပေးဝယ်ရပါမယ်။
GED ကို ဘယ်လိုမျိုးလေ့လာနိုင်သလဲ။
GED ရဲ့ ပညာရေးအစီအစဉ်ဟာ သင်ရိုးညွှန်းတမ်းမရှိတဲ့ပုံစံမျိုးပါ။ တစ်သတ်မှတ်တည်း ဒါသင် ၊ ဒါမေး ၊ ဒါဖြေ လုပ်ရတာမျိုးတွေမဟုတ်တဲ့အတွက် တိတိကျကျလိုက်လံလေ့လာဖို့ခဲယဉ်းပါတယ်။ လေ့လာဖို့က ကျယ်ပြန့်သလောက် လေ့လာစရာ resources တွေလည်း များပြားပါတယ်။ ကျောင်းသား ၊ သင်တန်းကျောင်းအများစု ဟာ Kaplan / McGraw’s Hill / Princeton တို့ကို အခြေပြုပြီး လေ့လာသင်ယူကြတယ်။ ဒီကနေထုတ်တဲ့ စာအုပ်တွေအပြင် အခြားသော လေ့လာစရာစာအုပ်တွေ / GED ကနေ လေ့လာသင်ယူဖို့ ထုတ်ထားတဲ့ Flash Card တွေ ၊ Online ကနေ အခမဲ့ လေ့လာနိုင်တဲ့ Website တွေအများအပြားလည်းရှိပါတယ်။
GED နဲ့ ဖြေဆိုခြင်းနဲ့ ပတ်သတ်ပြီးဘာတွေထူးခြားမှုရှိသလဲ။
GED ကိုဖြေဆိုတဲ့အခါမှာ တစ်နှစ်အတွင်း ၄ ဘာသာလုံးပြီးဆုံးအောင်ဖြေဆိုရပါတယ်။ မဟုတ်ရင် အစကနေပြန်ပြီး ပြန်လည်ဖြေဆိုရမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် ကျရှုံးခဲ့ရင်တောင် မေးခွန်းအတွက် အချိန်ပြန်ဝယ်ပြီး ဖြေဆိုလို့လည်းရပါတယ်။ ဖြေဆိုတဲ့အခါ မေးခွန်းတွေက တစ်ကြိမ်နဲ့ တစ်ကြိမ်တော့ တူညီမှုရှိမှာမဟုတ်ပါဘူး။ ဖြေဆိုတဲ့အခါမှာလည်း ဘာသာရပ် ၄ ခု စလုံးကို ကိုယ်အဆင်ပြေတဲ့ ဘာသာရပ်တစ်ခုချင်းစီအလိုက် ရက်ယူပြီးဖြေဆိုလို့ရပါတယ်။
ဗဟုသုတကော်နာမှ လူငယ်များအတွက် ထိရောက်ပြီးအကျိုးရှိစေမည့် သုတ၊ရသစုံဆောင်းပါးတိုများအား ရေးသားတင်ဆက်ပေးလျက်ရှိပါတယ်။ သင်ယူရရှိလိုက်သည့် ဗဟုသုတများကို လက်တွေ့အသုံးချမှသာလျင် မိမိတို့ဘ၀အတွက် အကျိုးဖြစ်ထွန်းစေမှာဖြစ်တယ်။ ထိုအတွက်အကြောင့် စာဖတ်သူပရိသတ်များအာလုံး ဗဟုသုတမှသည် လက်တွေ့သို့ အကောင်အထည်ဖော်နိုင်ကြပြီး လိုရာပန်းတိုင်ကို တက်လှမ်းနိုင်ကြပါစေ။ ဆက်လက်ပြီး ဗဟုသုတကော်နာသို့ ကြော်ငြာကိစ္စနဲ့ ပတ်သက်ပြီး တစုံတရာ ဆက်သွယ်လိုပါကလည်း အောက်ပါလိပ်စာသို့ မေးမြန်းစုံစမ်းနိုင်ပါတယ်- [email protected]
-Bahuthuta Corner