Bahuthuta Corner.com

တစ်စုံတစ်ယောက်ကို အတိတ်မှာ ချန်ထားခဲ့ခြင်း ( သို့ ) Move On လုပ်နိုင်ဖို့အတွက် ..

ကျွန်တော်တို့မှာ မေ့ပျောက်ချင်တဲ့ အကြောင်းအရာတွေ ၊ အမှတ်တရတွေ ၊ အတိတ်တွေ ကိုယ်စီရှိကြမှာပါပဲ။ မေ့ပျောက်နိုင်ဖို့ဆိုတာထက် အခုလက်ရှိအချိန်ထိ အတိတ်ကဖြစ်ရပ်တွေဟာ ကိုယ့်ကို လာရောက်သက်ရောက်နေတာ။ ကိုယ်က သတိရနေတာ ၊ စိတ်ထဲမှာ စွဲလန်းနေတာတွေဟာ အရှေ့ကို ဆက်မယ့် ခရီးတစ်ခုအတွက် ကြီးမားတဲ့ အနှောက်အယှက်တစ်ခုပါ။ တစ်ချို့လူတွေဟာ လွယ်လွယ်ကူကူပဲ ဖြတ်ကျော်လာနိုင်ပေမယ့် တော်တော်များများဟာ အတိတ်က တစ်စုံတစ်ယောက် ဒါမှမဟုတ် တစ်စုံတစ်ခုကို မေ့ပျောက်ပြီး အရှေ့ဆက်လာနိုင်ဖို့ဆိုတာ ခက်ခဲတတ်ပါတယ်။ ဒီလိုမျိုးခက်ခဲတဲ့သူတွေအတွက် ဘယ်လိုမျိုး လုပ်ဆောင်သင့်သလဲဆိုတဲ့ အချက်ကလေးတွေကို ဗဟုသုတကနေပြီး မျှဝေပေးချင်ပါတယ်။ 

အတိတ်ကို အတိတ်မှာပဲချန်ခဲ့ပါ။ 

ဒီအချက်ကတော့ အားလုံးအတွက် အခြေခံအကျဆုံးဖြစ်ပါလိမ့်မယ်။ ဖြစ်ပြီးတဲ့ ကိစ္စတွေကို ပြင်လည် ပြုပြင်လို့မရပါဘူး။ အတိတ်က ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေဟာ ဖြစ်ခဲ့ပြီးပါပြီ။ ကိုယ်ပြန်လည်ပြင်ဆင်လို့မရတဲ့ ဖြစ်ရပ်တွေဆိုတာကို လက်ခံရပါလိမ့်မယ်။ တော်တော်များများဟာ ဒီလို လက်မခံနိုင်တဲ့အတွက် အရှေ့ကို ဆက်မလျောက်နိုင်ပဲ ကိုယ်လက်မခံနိုင်တဲ့ အတိတ်ကဖြစ်ရပ်တွေမှာပဲ ကပ်ငြိတွယ်နေတတ်လိမ့်ရှိပါတယ်။ ( ဥပမာ – သူပြန်မလာတော့တာ ၊ သူနဲ့ ကိုယ်ဇာတ်လမ်းပြီးဆုံးသွားတာ ) ဒါတွေဟာ ကိုယ့်ရဲ့ အတိတ်မှာ ပြီးဆုံးသွားခဲ့ပါပြီ။ ဒီအချက်ကို လက်ခံပြီး ကိုယ်ဘာမှ မပြုပြင်နိုင်တော့တဲ့ အတိတ်တွေကို အနောက်မှာချန်ထားခဲ့သင့်နေပါပြီ။ 

ကိုယ့်ရဲ့ ခံစားချက်တွေကို နားလည်လက်ခံပါ။ 

တစ်ခါတစ်လေမှာ ကိုယ်ဟာ အခုချိန်မှာဖြစ်ပေါ်တဲ့ ခံစားချက်တွေကို လက်မခံပဲ ငြင်းဆန်လေ့ရှိကြပါတယ်။ ကိစ္စတစ်ခုအပေါ်မှာ အာရုံညိတွယ်နေတဲ့အတွက် စိတ်ပင်ပန်းတာတွေ ၊ မေ့ပျောက်ချင်တဲ့ ခံစားချက်တွေ ရှိနေတတ်ပေမယ့် ဒီခံစားချက်တွေကို ဥပေက္ခာပြုပြီး အရှေ့ဆက်ဖို့ကို မလုပ်နိုင်ကြပါဘူး။ တကယ်တမ်းမှာ ကိုယ်နဲ့ အတူရှိနေတဲ့ ကိုယ့်ခန္ဓာကိုယ်နဲ့ ပစ္စပ္ပုန်က ခံစားချက်တွေကသာ ကိုယ့်အတွက်အရေးအကြီးဆုံးဖြစ်ပါတယ်။ အတိတ်မှာ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ အခုလက်ရှိပစ္စပ္ပုန်မှာ ကိုယ်ဟာ ရှေ့ဆက်သင့်နေပြီလို့ ခံစားမိရင် ဒီခံစားချက်တွေကို လက်ခံလိုက်ပါ။ ကိုယ့်ရဲ့ ဖက်တွယ်မှုအတွက် ပင်ပန်းနေတာတွေကို အဆုံးသတ်သင့်ပါပြီ။ 

ဆက်သွယ်နေတာတွေ ရပ်လိုက်ပါ။ ဖက်တွယ်နေတာတွေကို ဖြတ်လိုက်ပါ။ 

တစ်ချို့အရာတွေ ၊ တစ်ချို့သူတွေဟာ အတိတ်မှာ ဆက်ဆံရေးတစ်မျိုး ရှိကောင်းရှိခဲ့ပေမယ့် အခုလက်ရှိ ပစ္စပ္ပုန်မှာလည်း ရေရေရာရာ မရှိတဲ့ စမ်းတဝါးဝါးဆက်ဆံရေးမျိုးတွေ ရှိတတ်ကြပါတယ်။ ကိုယ်ဟာ အရှေ့ကို ဆက်သွားချင်ရင်တောင် သူနဲ့ ကိုယ်နဲ့ ဆက်ဆံရေးက တုံးတိပြတ်တောက်သွားတာမျိုးမဟုတ်ပဲ ရေရေရာရာမရှိတဲ့ ဆက်ဆံရေးမျိုးနဲ့ ပတ်သတ်နေတာဆိုရင်လည်း အတိတ်တွေဟာ ချန်ထားဖို့ ခဲယဉ်းပါတယ်။ သူနဲ့ ကိုယ်ရဲ့ အခန်းကဏ္ဍဟာ ပြီးဆုံးသွားခဲ့ပြီ။ ရှေ့ဆက်ရန်မရှိတော့ဘူး။ ဒါကို ကိုယ်လည်းသေချာ သိနားလည်ပြီးဆိုရင်တော့ ကိုယ့်ဘက်ကနေသူ့ကိုဆက်သွယ်နေတာတွေကို ရပ်တန့်လိုက်သင့်ပါပြီ။ ဖုန်းတွေ ခေါ်မနေပါနဲ့တော့။ လိုက်ပြီးလည်း ကြည့်မနေပါနဲ့တော့။ တစ်ချိန်က အတိတ်ကသူတစ်ယောက်ကို အတိတ်မှာ ချန်ထားခဲ့လိုက်ပါ။ ဆက်သွယ်နေတာကို ရပ်လိုက်ပါ။ ဖက်တွယ်တဲ့နေတာတွေကို ဖြတ်လိုက်ပါ။ မကြာခင် နေနိုင်သွားမှာပါ။ 

ကိုယ့်ကိုကိုယ် ပိုမိုအာရုံစိုက်ပါ။ 

ဆက်ဆံရေးတွေပြတ်တောက်သွားတဲ့အချိန်မှာ လူတွေဟာ ပြိုလဲတတ်ကြပါတယ်။ အသန်မာဆုံးဆိုတဲ့ သူတွေတောင်မှ ဒီဒဏ်တွေကို အလူးအလိမ့်ခံရလေ့ရှိကြပါတယ်။ နာကျင်တယ် ၊ ဝမ်းနည်းတယ် ၊ စိတ်ပျက်တယ် ၊ သတိရတယ် ၊ စိတ်ဓာတ်ကျတဲ့ အစရှိတဲ့ ခံစားချက်တွေဟာ လူတိုင်းနီးပါး ခံစားဖူးရပါလိမ့်မယ်။ ဒီလိုပြိုလဲမှုတွေကြောင့် ကျွန်တော်တို့တွေရဲ့ စိတ် နဲ့ ခန္ဓာကိုယ်ဟာ ပင်ပန်းပြီး အလဲအလဲအပြိုပြိုဖြစ်နေတတ်ပါတယ်။ ။ ဒါ့ကြောင့်မို့ ကိုယ့်ကိုကိုယ် အာရုံသေချာစိုက်ပြီး ပြန်လည်ထိန်းသိမ်းတာဟာ အကောင်းဆုံးဖြစ်ပါတယ်။ ဘယ်သူတွေဘယ်လောက်ပဲ ကိုယ်နဲ့ ဆက်ဆံရေးတွေ ရှိပါစေ ကိုယ့်ဘဝအဆုံးအထိ အတူတူလျောက်လှမ်းရမယ့်အရာဟာ ကိုယ့်ရဲ့ စိတ် နဲ့ ခန္ဓာပဲဖြစ်ပါပဲ။ ဒါ့ကြောင့်မို့ကိုယ့်ကိုကိုယ် ပိုမိုအာရုံစိုက်ပြီး ပြန်လည်တည်ဆောက်တာဟာ အရှေ့ဆက်နိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ 

အတင်းအကျပ်လုပ်မယူပါနဲ့ အချိန်က ပြန်လည်ကုစားပေးပါလိမ့်မယ်။ 

တကယ်တော့ မေ့ပျောက်ပြီးအရှေ့ဆက်နိုင်ဖို့ဆိုတာဟာ ချက်ခြင်းမေ့ ၊ ချက်ခြင်း အရှေ့ကိုသွားမယ် ဆိုပြီး လုပ်နိုင်တဲ့အရာတော့မဟုတ်ပါဘူး။ ကိုယ့်ရဲ့ စိတ်မှာ ငါမေ့ပျောက်သင့်ပြီလို့ခံစားရတဲ့ အချိန်ကျလာတဲ့ အခါမှသာ လုပ်ဆောင်နိုင်မယ့်အရာဖြစ်ပါတယ်။ ကိုယ်ဟာ ဘယ်လောက်ပဲ ကြိုးစားပြီး မေ့ပျောက်အောင် ကြိုးစားကြိုးစား ခံစားချက်တွေရှိတဲ့အတွက် ချက်ခြင်းမေ့ပျောက်သွားဖို့ဟာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်မို့ စိတ်ရှည်ပြီး စောင့်ဆိုင်းဖို့လိုအပ်ပါလိမ့်မယ်။ ကိုယ်ကသာ တကယ်စိတ်ပိုင်းဖြတ်ပြီးမေ့ပျောက်ချင်တဲ့အခါ အချိန်အတိုင်းအတာတစ်ခုရောက်သွားတဲ့ တစ်နေ့မှာ ကိုယ်ဟာ အတိတ်တွေဟာ အတိတ်မှာကျန်ခဲ့ပြီဆိုတဲ့ လက်ခံမှုနဲ့ အတူအရှေ့ကို ရောက်လာတာကို သတိထားမိပါလိမ့်မယ်။ ဒါ့ကြောင့်မို့ စိတ်ရှည်ပါ။ အတင်းအကျပ်လုပ်မယူပါနဲ့ ။ အချိန်အတိုင်းအတာ တစ်ခုအထိစောင့်ဆိုင်းပါ။ အချိန်ဟာ ပြန်လည်ကုစားပေးပါလိမ့်မယ်။ 

တကယ်တော့ အတိတ်က အမှတ်တရတွေ ၊ ခံစားချက်တွေ ၊ အကြောင်းအရာတွေ ရှိခဲ့ဖူးတာတွေကို မေ့ပျောက်နိုင်ဖို့ဆိုတာ လွယ်ကူတဲ့အရာတစ်ခုတော့မဟုတ်ပါဘူး။ ကိုယ်ဟာ ပျော်ရွှင်ခဲ့ရတဲ့အကြောင်းအရာတွေ ၊ နာကျင်ခဲ့ရတာတွေကို သိစိတ်ကဖြစ်စေ ၊ မသိစိတ်ကဖြစ်စေ ဖက်တွယ်မိတတ်ကြပါတယ်။ ဒီလိုဖက်တွယ်မှုတွေကပဲ ကိုယ့်ကို အရှေ့မရောက်စေနိုင်ပဲ အတိတ်က ဖြစ်ရပ်တွေကို တဝဲလည်လည်ဖြစ်နေစေတတ်ပါတယ်။ တကယ်တမ်းမှာဟာ ဘဝဟာ ခရီးတစ်ခုပါပဲ။ ဒီဖြစ်ရပ်တွေ ၊ အတိတ်တွေဟာ ကိုယ်သွားနေတဲ့ ခရီးတစ်ထောက်မှာ ကြုံတွေ့ရတဲ့ မှတ်တိုင်လေးတွေပါပဲ။ ဒီမှတ်တိုင်လေးတွေဟာ ကိုယ့်သွားနေရတဲ့ ခရီးလမ်းဆုံးတစ်ခု မဟုတ်သေးပါဘူး။ ကိုယ်ဟာအရှေ့ကို ဆက်သွားရပါမယ်။ ဒါ့ကြောင့်မို့ ကိုယ်ဟာ အတိတ်ကို မေ့ပျောက်ချင်ပေမယ့် ဘယ်လိုမျိုးလုပ်ရမလဲဆိုတာကို မသိရင် အခုမျှဝေပေးတဲ့ အချက်ကလေးတွေကို ကြိုးစားကြည့်ကြဖို့ အကြံပေးချင်ပါတယ်နော်။ အဆုံးထိဖတ်ရှု့ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ 

ဗဟုသုတကော်နာမှ လူငယ်များအတွက် ထိရောက်ပြီးအကျိုးရှိစေမည့် သုတ၊ရသစုံဆောင်းပါးတိုများအား ရေးသားတင်ဆက်ပေးလျက်ရှိပါတယ်။ သင်ယူရရှိလိုက်သည့် ဗဟုသုတများကို လက်တွေ့အသုံးချမှသာလျင် မိမိတို့ဘ၀အတွက် အကျိုးဖြစ်ထွန်းစေမှာဖြစ်တယ်။ ထိုအတွက်အကြောင့် စာဖတ်သူပရိသတ်များအာလုံး ဗဟုသုတမှသည် လက်တွေ့သို့ အကောင်အထည်ဖော်နိုင်ကြပြီး လိုရာပန်းတိုင်ကို တက်လှမ်းနိုင်ကြပါစေ။ ဆက်လက်ပြီး ဗဟုသုတကော်နာသို့ ကြော်ငြာကိစ္စနဲ့ ပတ်သက်ပြီး တစုံတရာ ဆက်သွယ်လိုပါကလည်း အောက်ပါလိပ်စာသို့ မေးမြန်းစုံစမ်းနိုင်ပါတယ်- [email protected].

-Bahuthuta Corner

Share:

More Posts

Send Us A Message