အများသူငါအိပ်စက်အနားယူနေတဲ့အချိန်မှာ ကိုယ်ကမအိပ်နိုင် ၊ အနားမယူနိုင်ဖြစ်နေတာဟာ အတော်ကို ဆိုးရွားပါတယ်။ အိပ်စက်အနားယူချင်ပေမယ့် အိပ်လို့ မရတာ ၊ အိပ်မပျော်တာတွေဟာ ရေရှည်မှာ ကိုယ့်ကျန်းမာရေးကိုသာမက ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်မှုတွေရှိလာစေနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ အိပ်ဆေးသောက်ပြီး ဖြေရှင်းလိုက်ပေမယ့် တကယ်တမ်းနှစ်နှစ်ခြိုက်ခြိုက်အိပ်ရေးဝသလို မခံစားရသလို အိပ်ယာက နိုးလာတဲ့အခါမှာလည်း ပင်ပန်းနှုံးချိနေတတ်တာကိုလည်း တွေ့ရပါလိမ့်မယ်။ ဒီကနေ့မှာတော့ ဗဟုသုတကနေပြီး ညအိပ်ရခက်တဲ့သူတွေ ကြုံတွေ့ရတဲ့ ဝေဒနာတွေ ၊ ဘယ်လိုမျိုး အဆင်ပြေအောင်လုပ်လို့ရနိုင်မလဲဆိုတဲ့ နည်းလမ်းလေးတွေကို ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။
ညဘက်အိပ်ရခက်စေတဲ့ ရောဂါဝေဒနာများ
ညဘက်တွေ အိပ်မပျော်စေတာဟာ တစ်ယောက်နဲ့ တစ်ယောက်အခြေအနေတွေမတူညီကြပါဘူး။ အိပ်ပျော်ခြင်းကို အဟန့်အတားဖြစ်စေတဲ့ ဝေဒနာတွေဟာ အမျိုးမျိုးကွဲပြားနိုင်ပါတယ်။ များသောအားဖြင့်
– Insomnia ( အိပ်ပျော်ရခက်ခဲစေခြင်း ၊ လူကို အိပ်မပျော်အောင် လှုံဆော်ခြင်း )
– Sleep Apnea ( အိပ်ပျော်တဲ့အခါ ဟောက်ခြင်း ၊ အသက်ရှုကျပ်ခြင်း ၊ အသက်ရှုလမ်းကြောင်းပိတ်ခြင်း )
– Narcolepsy ( အထိန်းအချူပ်မရှိ ရုတ်တရက် အိပ်ပျော်သွားခြင်း )
– Parasomnias ( ညဘက် ယောင်တတ်ခြင်း ၊ စိတ်ခြောက်ခြားခြင်း ၊ နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်စေခြင်း ) တို့က အဖြစ်များတတ်ကြပြီး တစ်ခါတစ်ရံမှာ စိတ်အလွန်အမင်းလှုပ်ရှားနေတာ ၊ စိတ်အလွန်အမင်းဖိဆီးတာတွေကလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ကို အနှောက်အယှက်ဖြစ်စေပါတယ်။
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ အဓိက အဟန့်အတားဖြစ်စေတဲ့အရာများ
အိပ်စက်အနားယူခြင်းကို ရောဂါဝေဒနာတွေတင်မကပဲ ကျွန်တော်တို့ပတ်ဝန်းကျင်တွေ ၊ လူနေမှုပုံစံ တွေကလည်း တစ်မျိုးတစ်ဖုံ အဟန့်အတားဖြစ်စေတတ်ပါတယ်။ များသောအားဖြင့် တစ်နေ့တာဖြတ်သန်းခဲ့ရတဲ့ အခြေအနေတွေ ၊ အစားအစာတွေဟာ ညဘက်တွေမှာ သက်ရောက်မှုတွေဖြစ်စေတယ်။ ဒါ့အပြင် စိတ်ဖိဆီးမှုများပြားတာ ၊ စိတ်အလွန်အမင်းလှုပ်ရှားတာ ၊ အခြားသောရောဂါအခြေအနေတွေအတွက် ဆေးတွေသောက်သုံးနေရတာ ၊ မူးယစ်ဆေးဝါး အရက် ကော်ဖီ သောက်သုံးတာတွေဟာလည်း အဓိက အဟန့်အတားတွေပါပဲ။ တစ်ချို့သော ရောဂါအခြေအနေတွေကျတော့လည်း မျိုးရိုးလိုက်တာမျိုးတွေရှိတတ်ပါတယ်။
ပြန်လည်ကုသပြုပြင်နိုင်တဲ့ နည်းလမ်း အခြေအနေများ
ညအိပ်ရခက်ခဲတဲ့ အခြေအနေတွေဟာ များသောအားဖြင့် စိတ်နဲ့ အဓိက သက်ဆိုင်ပါတယ်။ ခန္ဓာကိုယ်က နားချင်နေပေမယ့် စိတ်ထဲမှာ ဖိဆီးမှုများတာ ၊ စဉ်းစားစရာတွေ ၊ အတွေးတွေများနေတာ ၊ စိတ်လှုပ်ရှားနေတာတွေဟာ အိပ်စက်အနားယူဖို့ ခက်ခဲစေပါတယ်။ ဒါ့အပြင် အိပ်ချင်လေလေ အိပ်ဖို့ ဖိအားပေးလေလေ အိပ်ရခက်လေလေအခြေအနေတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါ့ကြောင့်မို့ မအိပ်စက်ခင်မှာ စိတ်ကို တတ်နိုင်သမျှ အလုပ်မပေးပဲ သက်တောင့်သက်သာဖြစ်နေခြင်းဟာ များစွာ အထောက်အကူဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် ကိုယ့်အိပ်ယာပတ်ဝန်းကျင်ကို ပြုပြင်ပြောင်းလဲကြည့်တာမျိုး ( အိပ်ပျော်စေတဲ့ အမွှေးရနံ့လေးတွေ အသုံးချကြည့်တာ ၊ အိပ်ပျော်စေမယ့် တီးလုံးသံလေးတွေကို နားထောင်ကြည့်တာ ) ၊ ညအိပ်ခါနီးမှာ သက်တောင့်သက်သာဖြစ်အောင် နေထိုင်တာမျိုး ( မအိပ်ခင် ရေနွေးနွေးနဲ့ ရေချိုးတာ ) ၊ အိပ်စက်ခြင်းကို အားပေးအထောက်အကူဖြစ်စေတဲ့ အစားအစာ ၊ဆေးဝါး မှီဝဲတာမျိုးတွေနဲ့လည်း ကိုယ့်ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ ပြုလုပ်နိင်ပါတယ်။
အဓိကကတော့ အိပ်မပျော်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာနဲ့ သက်ဆိုင်တာတွေကြောင့် အိပ်မပျော်တာမျိုးတွေ အဓိက ဖြစ်ပေါ်တာပါ။ ရုပ်ဆိုင်းဆိုင်ရာကြောင့်လည်းအိပ်မပျော်တာမျိုးတွေဖြစ်တတ် ပေမယ့် စိတ်ကတော့ အဓိကကျပါတယ်။ ကိုယ်ဟာ ပုံမှန်အိပ်မပျော်တာထက် အလွန်အမင်းခံစားနေရပြီ ဒါမှမဟုတ် ကိုယ့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုပါထိခိုက်နေပြီ ၊ ကျန်းမာရေးကို ထိခိုက်နေပြီ ဆိုရင်တော့ နားလည်တတ်ကျွမ်းသူတစ်ဦးဦးနဲ့ တိုင်ပင်ဆွေးနွေးသင့်တာတွေ ၊ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုပြုလုပ်သင့်တာတွေကို လုပ်သင့်နေပါပြီနော်။ အဆုံးထိ ဖတ်ရှု့ပေးခဲ့တဲ့ အတွက်ကျေးဇူးတင်ပါတယ်။
ဗဟုသုတကော်နာမှ လူငယ်များအတွက် ထိရောက်ပြီးအကျိုးရှိစေမည့် သုတ၊ရသစုံဆောင်းပါးတိုများအား ရေးသားတင်ဆက်ပေးလျက်ရှိပါတယ်။ သင်ယူရရှိလိုက်သည့် ဗဟုသုတများကို လက်တွေ့အသုံးချမှသာလျင် မိမိတို့ဘ၀အတွက် အကျိုးဖြစ်ထွန်းစေမှာဖြစ်တယ်။ ထိုအတွက်အကြောင့် စာဖတ်သူပရိသတ်များအာလုံး ဗဟုသုတမှသည် လက်တွေ့သို့ အကောင်အထည်ဖော်နိုင်ကြပြီး လိုရာပန်းတိုင်ကို တက်လှမ်းနိုင်ကြပါစေ။ ဆက်လက်ပြီး ဗဟုသုတကော်နာသို့ ကြော်ငြာကိစ္စနဲ့ ပတ်သက်ပြီး တစုံတရာ ဆက်သွယ်လိုပါကလည်း အောက်ပါလိပ်စာသို့ မေးမြန်းစုံစမ်းနိုင်ပါတယ်- [email protected]
-Bahuthuta Corner