Bahuthuta Corner.com

ကျောနာ ၊ ခါးနာ ခြင်းဆိုင်ရာသိစရာများ 

ကျောနာ ၊ ခါးနာခြင်းဟာ တော်တော်များများမှာ အဖြစ်များကြတဲ့ ဝေဒနာတွေပါ။ ဘဝမှာ တစ်ကြိမ်တစ်ခါလောက်တော့ နာဖူးကြပါလိမ့်မယ်။ ဒီလို ကျော ၊ ခါး နာခြင်းကြောင့် နေရထိုင်ရတာ သက်တောင့်သက်သာမဖြစ်သလို တစ်ခါတစ်ရံ အလွန်အမင်းနာကျင်ကိုက်ခဲခြင်း ၊ ကောင်းကောင်းမွန်မွန် မလှုပ်ရှားနိုင်ခြင်း ၊ အချို့ကိစ္စတွေမှာဆိုရင် အိပ်ယာပေါ်ကနေ မထနိုင်တဲ့အထိကို ပြင်းထန်တတ်ကြပါတယ်။ ဒီလိုအဖြစ်များကြတဲ့ ကျောနာ ၊ ခါးနာခြင်းနဲ့ ပတ်သတ်တဲ့ အကြောင်းအရာလေးတွေကို ဗဟုသုတကနေ ဝေမျှပေးသွားပါမယ်နော်။ 

ကျောနာ ၊ ခါးနာတတ်တဲ့ ပုံစံများ။ 

ကျွန်တော်တို့ နောက်ကျော နဲ့ ခါးဟာ အရိုးတွေ ၊ အဆစ်တွေ ၊ ကြွက်သားတွေ နဲ့ ဖွဲ့စည်းထားပါတယ်။ ကျောတွေ ၊ ခါးတွေ နာကျင်ကိုက်ခဲတဲ့အခါ အကြောင်းအရာ အမျိုးမျိုးအပေါ်မူတည်ပြီးတော့ ကွာခြားတတ်ပါတယ်။ တစ်ချို့သူတွေဟာ ခါးမှာရှိတဲ့ ကြွက်သားတွေ တောင့်တင်းပြီး ကိုက်ခဲတာ ၊ အချို့တွေဟာ ကျောရိုးဆစ်တွေ ညှပ်သွားတာ ၊ အချို့တွေဟာ ကျောရိုးမကြီးကွေးစောင်းသွားတာ ၊ အချို့ဟာ အဆစ်ကလေးတွေ ရှိရမယ့် ပုံစံကနေ ချွတ်ချော်သွားတာ အစရှိတာတွေကြောင့် အမျိုးမျိုး ကိုက်ခဲနာကျင်ကြလေ့ရှိပါတယ်။ ရံဖန်ရံခါ အအေးမိတဲ့အခါမျိုးတွေဆိုရင် ကြွက်သားတွေကြားထဲ လေခိုသွားတာမျိုး ၊ အကြောညှပ်သွားတာမျိုးတွေပါဖြစ်တတ်ကြလေ့ရှိကြပါတယ်။ 

ကျောနာ ၊ ခါးနာတဲ့ အခါ ပြသလေ့ရှိတဲ့ ဝေဒနာများ။

ကျောနာ ၊ ခါးနာတဲ့အခါမှာ အနည်းနဲ့အများတော့ နေရထိုင်ရတာ သက်တောင့်သက်သာမဖြစ်ပဲ နာကျင်ဝေဒနာတစ်ခုကို ခံစားနေရလေ့ရှိပါတယ်။ ဝေဒနာပြင်းထန်တာနဲ့ အမျှ လူဟာ ပိုပြီးတော့ နေရထိုင်ရ ခက်ခဲပါတယ်။ ကျောနာ ၊ ခါးနာတဲ့အခါ များသောအားဖြင့် မသိမသာတဖြည်းဖြည်းချင်း ကိုက်ခဲနေတာ ၊ စူးစူးနင့်နင့်ကိုက်ခဲတာ ၊ အကြောတွေတောင့်တင်းနေတာ ၊ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့မရပဲ နာကျင်စေတာ ၊ ကြွက်သားတွေ ထုံကျင်နေတာ ၊ ခြေတွေ လက်တွေမှာ ကောင်းစွာမလှုပ်ရှားနိုင်တာ ၊ ခန္ဓာကိုယ်ကို ပုံမှန်အတိုင်းမနေနိုင်ပဲ ခါးကုန်းပြီးသော်လည်းကောင်း ၊စောင်းပြီးသော်လည်းကောင်းနေရတာ မျိုးတွေ ခံစားရတတ်ကြပါတယ်။ 

ဒီလိုဝေဒနာတွေ မခံစားရအောင် ဘယ်လိုကာကွယ်ကြမလဲ။ 

ကျောနာ ၊ ခါးနာတဲ့ ဝေဒနာတွေဟာ ကိုယ့်ရဲ့ တစ်နေ့တာ နေထိုင်လှုပ်ရှားသွားလာမှုနဲ့ အများကြီးသက်ဆိုင်ပါတယ်။ ကိုယ်ဟာ တစ်နေကုန် ထိုင်ပြီး အလုပ်လုပ်ရတဲ့ သူမျိုး ဒါမှမဟုတ် အလေးအပင်တွေနဲ့ လုပ်ရတဲ့ သူမျိုးဆိုရင် အဆိုပါဝေဒနာတွေကို ခံစားရမယ့် ရာခိုင်နှုန်းတွေများပြားပါတယ်။ ကျောနာ ၊ ခါးနာခြင်းဟာ များသောအားဖြင့် ခန္ဓာကိုယ် ပုံစံမမှန်တာ ၊ အလေးပင်များကိုမတာ ၊ ကိုယ်လက်လှုပ်ရှားမှုမရှိတာ တွေကြောင့် အဖြစ်များတတ်ကြပါတယ်။ အကယ်၍ ကိုယ်ဟာ အထိုင်များတဲ့ သူမျိုးဆိုရင် ကိုယ်ထိုင်တဲ့ ပုံစံအနေအထားကို သတိပြုမူသင့်ပါတယ်။ ဒါ့အပြင် ကိုယ့်အလုပ်စားပွဲဟာ အလွန်အမင်း အားစိုက်ထုတ်ပြီး အာရုံစိုက်ပြီး လုပ်စရာမလိုတဲ့ အနေအထားတစ်ခုဖြစ်အောင်လည်း ဖန်တီးထားသင့်ပါတယ်။ အကယ်၍ သင်သာ အလေးအပင်တွေ မရတဲ့သူမျိုးဆိုရင်တော့ အလေးအပင်တွေကို မတဲ့အခါမှာ ခါးကို အားပြုတာထက် ခြေထောက်ကို အားပြုပြီး မခြင်းဟာ သင့်ကို ခါးနာစေတဲ့ ရာခိုင်နှုန်းတွေ လျော့ချပေးမှာပါ။ ဒါ့အပြင် ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ ၊ ရေကူးတာ အစရှိတာတွေက ကျောနာ ၊ ခါးနာစေတဲ့ ဝေဒနာတွေကို လျော့ချပေးနိုင်ပါတယ်။ 

ကျောနာခြင်း ၊ ခါးနာခြင်းဟာ များသောအားဖြင့် ကြွက်သားတွေ တောင့်တင်းခြင်း ၊ အရိုးအဆစ်တွေ လွဲခြင်းတွေကြောင့် အဖြစ်များပါတယ်။ ကြွက်သားတောင့်တင်း ကိုက်ခဲခြင်းဟာ အချိန်တိုတွင်း သက်သာပျောက်ကင်းစေနိုင်ပေမယ့် အဆစ်လွဲသွားတာ ၊ အဆစ်ချိုင့်ဝင်သွားတာ ၊ ကျောရိုးမကြီးစောင်းသွားတာမျိုးတွေဟာ ပြန်လည်သက်သာကောင်းမွန်စေဖို့ အချိန်ကာလကြာမြင့်စွာ ယူရလေ့ရှိပါတယ်။ ကြွက်သားတွေ နာကျင်ကိုက်ခဲတဲ့အခါ ဆေးအပူလိမ်းခြင်း ၊ နှိပ်ခြင်း ၊ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလုပ်ခြင်း ၊ အကြောလျော့ခြင်းတွေဟာ အမြန်ဆုံးသက်သာပျောက်ကင်းစေနိုင်ပါတယ်။ အကယ်၍ ကိုယ်ဟာ အချိန်ကာလကြာမြင့်စွာ နာကျင်ကိုက်ခဲနေတယ် ၊ အလွန်အမင်း နာကျင်ကိုက်ခဲတယ်ဆိုရင်တော့ မပေါ့ဆ ပဲနဲ့ သက်ဆိုင်ရာ ကျွမ်းကျင်သူ ဆရာဝန်များနဲ့ တိုင်ပင်ဆွေးနွေးကြဖို့ တိုက်တွန်းနှိုးဆော်ရင်းနဲ့ ပဲ အဆုံးသတ်ပါရစေ။ အဆုံးထိ ဖတ်ရှု့ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျ။ 

ဗဟုသုတကော်နာမှ လူငယ်များအတွက် ထိရောက်ပြီးအကျိုးရှိစေမည့် သုတ၊ရသစုံဆောင်းပါးတိုများအား ရေးသားတင်ဆက်ပေးလျက်ရှိပါတယ်။ သင်ယူရရှိလိုက်သည့် ဗဟုသုတများကို လက်တွေ့အသုံးချမှသာလျင် မိမိတို့ဘ၀အတွက် အကျိုးဖြစ်ထွန်းစေမှာဖြစ်တယ်။ ထိုအတွက်အကြောင့် စာဖတ်သူပရိသတ်များအာလုံး ဗဟုသုတမှသည် လက်တွေ့သို့ အကောင်အထည်ဖော်နိုင်ကြပြီး လိုရာပန်းတိုင်ကို တက်လှမ်းနိုင်ကြပါစေ။ ဆက်လက်ပြီး ဗဟုသုတကော်နာသို့ ကြော်ငြာကိစ္စနဲ့ ပတ်သက်ပြီး တစုံတရာ ဆက်သွယ်လိုပါကလည်း အောက်ပါလိပ်စာသို့ မေးမြန်းစုံစမ်းနိုင်ပါတယ်- [email protected].

-Bahuthuta Corner

Share:

More Posts

Send Us A Message