Bahuthuta Corner.com

မတူညီတဲ့ အတွေးအခေါ်တွေကို လက်ခံသင့်ရဲ့လား ?

ကျွန်တော်တို့ဟာ ဖြတ်သန်းလာခဲ့တဲ့ ဘဝတစ်လျောက်လုံး အတွေးအခေါ်နဲ့ အယူအဆတွေဟာ အမျိုးမျိုးပြောင်းလဲနေကြပါတယ်။ ငယ်ရွယ်စဉ်က တွေးခေါ်ခဲ့တဲ့ အတွေးအခေါ်နဲ့ အယူအဆတွေဟာ ကိုယ်ကြီးပြင်းရင့်ကျက်လာတဲ့အခါမှာ တစ်မျိုးတစ်ဖုံတွေပြောင်းလဲတတ်သွားပါတယ်။ ဒီလိုပြောင်းလဲလာတာဟာ ဆန့်ကျင်သွားတာမျိုးမဟုတ်ပဲ ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံတွေ ကိုယ်မြင်ရတဲ့ ရှု့ထောင့်တွေ ပြောင်းလဲသွားတာကြောင့် ပြောင်းလဲသွားတာမျိုးပဲဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ်မမြင်တွေ့ရတဲ့ ရှု့ထောင့်တစ်ခုကြောင့် ကိုယ်တစ်သက်လုံးစွဲထင်ခဲ့တဲ့ အမြင်တွေဟာလည်း အလုံးစုံ ပြောင်းလဲသွားတတ်ကြပါတယ်။ ဒီကနေ့မှာတော့ ဗဟုသုတကနေပြီး မတူညီတဲ့ အတွေးအခေါ်အပြောင်းအလဲအယူအဆတွေကို ဘာကြောင့် လက်ခံသင့်သလဲဆိုတာကို ဝေမျှပေးသွားပါတယ်။ 

ပိုမိုမြင့်မားလာတဲ့ အတွေးအခေါ်ပြောင်းလဲခြင်းဟာ ရင့်ကျက်ခြင်းကို ဆောင်ယူပါတယ်။ 

ကျွန်တော်တို့ ကလေးဘဝကအသိအမြင်နဲ့ အတွေးအခေါ်ထက် ကြီးပြင်းလာတဲ့ အသိအမြင်အတွေးအခေါ်တွေဟာ များစွာကွာခြားမှုရှိပါတယ်။ ငယ်ရွယ်စဉ်က ရခဲ့တဲ့ အချက်အလက်တွေဟာ အရမ်းကို ကျဉ်းမြောင်းပါတယ်။ ဒါ့ကြောင့်မို့ကျွန်တော်တို့ ငယ်ရွယ်စဉ်မှာ တွေးခေါ်ခဲ့ကြတဲ့ အတွေးအခေါ် ၊ အထင်အမြင် ၊ ယူဆချက်တွေဟာလည်း နုနယ်ပါတယ်။ ပိုမိုကျယ်ပြန်လာတဲ့ ရှု့ထောင်တွေနဲ့ ဖြတ်သန်းမှုတွေ ကြုံတွေ့လာရတဲ့အခါ ကျွန်တော်တို့ရဲ့ အယူအဆ နဲ့ အသိအမြင်တွေဟာ ပိုမိုပြီး တိုးတက်မြင့်မားလာပါတယ်။ ဒါ့ကြောင့်မို့လို့ အတွေးအခေါ်တိုးတက်ပြောင်းလဲလာခြင်းဟာ ကျွန်တော်တို့တွေကို ပိုမိုပြီး ရင့်ကျက်လာစေတယ်လို့ မှတ်ယူလို့ရနိုင်ပါတယ်။ 

မတူညီတဲ့ ရှု့ထောင့်တစ်ခုက ပိုမိုကျယ်ပြန်တဲ့ အတွေးအခေါ်တွေကိုရစေပါတယ်။ 

ကျွန်တော်တို့လူသားတွေအများစုဟာ မိမိကိုယ်ကို ဗဟိုပြုပြီး စဉ်းစားတတ်ကြပါတယ်။ ကိုယ့်နေရာ ၊ကိုယ့်အခြေအနေကနေပဲကြည့်ရှု့ပြီးတိုင်းတာတတ်ကြတယ်။ တစ်ခါတစ်လေမှာ ကိုယ်စဉ်းစားနေကြမဟုတ်တဲ့နေရာရှု့ထောင့်တစ်ခုကနေ ပြောင်းပြီးစဉ်းစားကြည့်လိုက်တဲ့အခါမှာ ကိုယ့်အမြင်တွေနဲ့ လုံးဝ အပြောင်းအလဲတွေဖြစ်နေတာကို မြင်တွေ့နိုင်ပါတယ်။ အမြင့်မတူညီတဲ့ တောင်ပေါ်က ကြည့်ရတဲ့ ရှု့ခင်းတွေဟာ မတူညီနိုင်သလိုပဲ မတူညီတဲ့ ရှု့ထောင့်တွေကနေကြည့်ရတဲ့ အမြင်တွေဟာလည် တူညီကြမှာမဟုတ်ပါဘူး။ ကိုယ်ဟာ မတူညီတဲ့ နေရာရှု့ထောင့်တွေကများများကြည့်နိုင်လေလေ ကိုယ့်အတွက်တွေးခေါ်စရာနယ်ပယ်တွေဟာ ပိုမိုကျယ်ပြန့်လာစေစေပါပဲ။ 

အယူအဆလေးတစ်ခုဟာ ကျွန်တော်တို့ကို ပိုကောင်း (သို့) ပိုဆိုးရွားစေနိုင်ပါတယ်။ 

ကျွန်တော်တို့တွေရဲ့ ရပ်တည်ချက်တွေ ၊ ခံယူချက်တွေဟာ ကိုယ်ပိုင်အတွေးအခေါ် ၊ အယူအဆတွေ အပေါ်မှာ အခြေပြုကြပါတယ်။ ကျွန်တော်တို့တွေ သတ်မှတ်ထားတဲ့ ကောင်းခြင်း ၊ ဆိုးခြင်းဆိုတာတွေကလည်း ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေမှာ အများကြီးမူတည်နေပါတယ်။ ဥပမာ တစ်ခု ဆိုရသော် တိရစ္ဆာန်တွေကို သတ်ဖြတ်ခြင်းဟာ အသက်တစ်ချောင်းကို သတ်တာကြောင့် မကောင်းဘူးလို့ သတ်မှတ်ကြပေမယ့် တစ်ချို့တွေကတော့ တိရစ္ဆာန်တွေကို သတ်ဖြတ်ရခြင်းဟာ နိမ့်ကျတဲ့ တိရစ္ဆာန်ဘဝကို ချုပ်ငြိမ်းပေးရာရောက်လို့ ယူဆကြတဲ့ သူတွေလည်းရှိပါတယ်။ ဒါ့ကြောင့်မို့ ကျွန်တော်တို့တွေးခေါ်နေတဲ့ အယူအဆနဲ့ အတွေးအခေါ်တွေဟာ ကျွန်တော်တို့ကို လူ့ပတ်ဝန်းကျင်အတွက် ပိုမိုကောင်းစေတဲ့လူတစ်ယောက် ဒါမှမဟုတ် ပိုမိုဆိုးရွားစေတဲ့ လူတစ်ယောက်ဖြစ်စေဖို့အတွက် အများကြီး မူတည်ချက်တွေရှိနေပါတယ်။ 

နိဂုံးချူပ်ရသည်ရှိသော် လူအမျိုးမျိုးရှိကြသည့်အလျောက်မှာတော့ မတူညီကြတဲ့ အတွေးအခေါ်နဲ့ ယူဆချက်တွေအမျိုးမျိုးကွဲလွဲကြနေဦးမှာတော့အမှန်ပါပဲ။ ဒါပေမယ့် ဆင့်ကဲပြောင်းလဲလာတဲ့ အတွေးအခေါ် ယူဆချက်တွေဟာ ပိုမိုကျယ်ပြန့်လာပြီး ပိုမိုရင့်ကျက်လာစေတာမို့ မတူညီတဲ့ အတွေးအခေါ်နဲ့ ယူဆချက်တွေကို လက်ခံပြီး ဖိတ်ခေါ်သင့်ပါတယ်။ အမြဲတမ်း တစ်သတ်မှတ်တည်းရှိနေတာဟာ ကောင်းမွန်တဲ့ အရာတစ်ခုမဟုတ်သလို တိုးတက်စေတဲ့ အရာတစ်ခုမဟုတ်တာကြောင့် အတွေးအခေါ် ၊ အထင်အမြင် ၊ အယူအဆ ၊ ရှု့ထောင့်အပြောင်းအလဲတွေ ဟာ ကျွန်တော်တို့ကို ပိုမိုတိုးတက်စေဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဒါ့ကြောင့်မို့ မတူညီတဲ့ ရှု့ထောင့်တွေကနေ ဝင်ရောက်ပြီး ရှု့မြင်စဉ်းစားကြရင်း အတွေးအခေါ် အသစ် ၊ ယူဆချက်အသစ်တွေကို လက်ခံကြဖို့ တိုက်တွန်းရင်း နိဂုံးချူပ်လိုက်ပါရစေ။ အဆုံးထိ ဖတ်ရှု့ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ 

  ဗဟုသုတကော်နာမှ လူငယ်များအတွက် ထိရောက်ပြီးအကျိုးရှိစေမည့် သုတ၊ရသစုံဆောင်းပါးတိုများအား ရေးသားတင်ဆက်ပေးလျက်ရှိပါတယ်။ သင်ယူရရှိလိုက်သည့် ဗဟုသုတများကို လက်တွေ့အသုံးချမှသာလျင် မိမိတို့ဘ၀အတွက် အကျိုးဖြစ်ထွန်းစေမှာဖြစ်တယ်။ ထိုအတွက်အကြောင့် စာဖတ်သူပရိသတ်များအာလုံး ဗဟုသုတမှသည် လက်တွေ့သို့ အကောင်အထည်ဖော်နိုင်ကြပြီး လိုရာပန်းတိုင်ကို တက်လှမ်းနိုင်ကြပါစေ။ ဆက်လက်ပြီး ဗဟုသုတကော်နာသို့ ကြော်ငြာကိစ္စနဲ့ ပတ်သက်ပြီး တစုံတရာ ဆက်သွယ်လိုပါကလည်း အောက်ပါလိပ်စာသို့ မေးမြန်းစုံစမ်းနိုင်ပါတယ်- [email protected]

-Bahuthuta Corner

Share:

More Posts

Send Us A Message