လူတွေက အကောင်းမြင်ခြင်းကိုကောင်းမွန်တဲ့ အရာတစ်ခုလို့ သတ်မှတ်ကြတယ်။ အကောင်းမြင်စိတ်ရှိတဲ့သူတွေဟာကောင်းတယ်။ အကောင်းမြင်စိတ်ရှိတဲ့သူဟာ ဘယ်နေရာမှာမဆို နေပျော်တယ်ဆိုပြီး တွေးထင်တတ်ကြပါတယ်။ ဒါတွေဟာ တကယ်ကော မှန်ရဲ့လား။ ဘယ်လိုအခြေအနေမျိုးမဆို အကောင်းမြင်တာဟာ တကယ်ကော ပျော်ရွှင်စေရရဲ့လား။ အဆင်ပြေစေရဲ့လားဆိုတာဟာ မေးခွန်ထုတ်စရာတစ်ခုဖြစ်လာပါတယ်။ ဒီကနေ့မှာတော့ ဗဟုသုတကနေပြီး လူတွေကို အဆိတ်ခပ်နေတဲ့ အကောင်းမြင်စိတ်အကြောင်းကို ဝေမျှပေးချင်ပါတယ်။
အဆိပ်ဖြစ်စေတဲ့ အကောင်းမြင်စိတ်လက္ခဏာများ
အကောင်းမြင်စိတ်ရှိတယ်ဆိုတာနဲ့ မကောင်းတဲ့ အရာတွေကို ဘာမှလက်မခံတော့ပဲ ငြင်းပယ်ပစ်ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ တစ်ချို့အခြေအနေတွေမှာ စိတ်ပင်ပန်းရတဲ့အခါ မကောင်းတာတွေ ကြုံရမယ်။ စိတ်ပင်ပန်းတယ်။ စိတ်ဖိဆီးတယ်။ အနားယူဖို့လိုအပ်လာတဲ့အခါတွေမှာ အရာရာကို အကောင်းအတိုင်းလက်ခံရမယ်ဆိုပြီး အတင်းအကျပ်ဖိအားပေးတာဟာ အလုပ်မဖြစ်ပါဘူး။ ကျွန်တော်တို့ စိတ်တွေဟာ မြင်ရတဲ့အရာတွေမဟုတ်တာကြောင့် အခြေအနေအရဖြစ်ပေါ်လာတဲ့ စိတ်ကို အတင်းအကျပ်ဖိအားပေးနေတာတွေဟာ စိတ်ကော လူကောပိုမိုပြီး ပင်ပန်းစေပါတယ်။ ရလာတဲ့ ရလဒ်ကလည်း စစ်မှန်မှုမရှိပဲ အတင်းအကျပ်ဖိအားပေးခြင်းကြောင့်သာ ရရှိလာစေမှာပါ။ ဒါ့ကြောင့်မို့ ဘယ်လိုအခြေအနေမျိုးမဆို အကောင်းတွေချည်းပဲမြင်ဖို့ ၊ လက်ခံဖို့ အတင်းအကျပ်ဖိအားပေးနေခြင်းဟာ ကျွန်တော်တို့အတွက် အဆိပ်ခပ်နေသလိုပါပဲ။
အတင်းအကျပ်အကောင်းမြင်စေခြင်းတွေရဲ့ အကျိုးဆက်များ
အရာရာကို အကောင်းမြင်ရမယ်။ အကောင်းတွေချည်းလက်ခံရမယ်ဆိုတဲ့ ဖိအားတွေနောက်မှာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ တစ်ခုပြီးတစ်ခုကြုံလာရနိုင်ပါတယ်။ စိတ်မလုံခြုံမှုတွေ ၊ စိတ်ဖိဆီးတာတွေ ၊ စိတ်ပင်ပန်းမှုတွေ ၊ စိတ်ဓာတ်ကျလာတွေအထိ ဖြစ်လာစေနိုင်ပြီး ကိုယ့်ရဲ့ ခံစားချက်အစစ်အမှန်တွေကိုပါ နားမလည်တော့ပဲ ပျောက်ဆုံးလာစေနိုင်ပါတယ်။ ဒါ့အပြင်အရာရာတိုင်းကို ဖြစ်ရမယ် ၊ ကောင်းရမယ် ၊ ဒါဟာ အကောင်းတွေချည်းပဲဖြစ်လာတာဆိုပြီး အလွန်အမင်းယုံကြည်ချက်ပြင်းထန်ခြင်းဟာ ကိုယ်ကြုံတွေ့လာရတဲ့ အခြေအနေတွေ ၊ ပြဿနာတွေရဲ့ မူရင်းဇာတ်မြစ်တွေကို ရှာဖွေတွေ့ရှိနိုင်ဖို့ကို ပိတ်ပင်တားဆီးနိုင်ပါတယ်။ အခြေအနေအမှန်တွေကို လက်မခံနိုင်ပဲ အလွန်အမင်းဖိအားပေးပြီး အကောင်းတွေချည်းလက်ခံခြင်းဟာ ရေရှည်မှာ စိတ်ရောဂါတစ်ခုအဖြစ် ကပ်ညိလာစေနိုင်ပါတယ်။
ကျန်းမာစေတဲ့ အကောင်းမြင်စိတ်
အကောင်းမြင်စိတ်ဟာ အကျိုးရှိရှိထားတတ်ရင် ကျန်းမာတဲ့ လူနေမှုဘဝကို ပိုင်ဆိုင်စေဖို့ မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုလို့ ဆိုနိုင်ပါတယ်။ ကျန်းမာတဲ့ အကောင်မြင်စိတ် တစ်ခုဟာ ဖိအားပေးဖို့မလိုပဲ စိတ်ကိုအခြေအနေအမှန်ကို လက်ခံစေနိုင်မယ်။ အခြားသော စိတ်ပိုင်းဆိုင်ရာတွေ ၊ အခြေအနေတွေရှိတာကို လက်ခံနိုင်တယ်။ အခက်အခဲတွေကြုံလာရတဲ့အခါမှာ ဒါဟာအကောင်းတွေချည်းဖြစ်လာဖို့ဆိုတာထက် ဒါကို အကောင်းဆုံးဖြတ်ကျော်ဖို့ ဆုံးဖြတ်နိုင်တယ်။ ဘဝကြီးမှာ အကောင်းတွေချည်းရှိတာမဟုတ်ပဲ ကောင်းခြင်း ၊ ဆိုးခြင်းဟာ အမြဲတမ်းဒွန်တွဲနေတာကို သိရှိလက်ခံနိုင်တယ်။ အဆိုပါ မျှခြေရှိတဲ့ အကောင်းမြင်စိတ်တစ်ခုဟာ ပိုမိုကျန်းမာစေတဲ့ လူနေမှုဘဝတစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။
အကောင်းမြင်စိတ်ဟာ အဆိပ်ရှိတာမဟုတ်ပဲနဲ့ လွန်ကဲတဲ့ အကောင်းမြင်ခြင်းတွေကသာ လူတွေကို ဖိအားတွေဖြစ်စေပြီး စိတ်ရောလူပါ ထိခိုက်စေတာပါ။ အရာရာတိုင်းဟာ အကောင်း နဲ့ အဆိုး တွဲလျက်ရှိနေတာကို လက်ခံပြီး မျှခြေရှိတဲ့ အကောင်းမြင်စိတ်ရှိခြင်းကဟာ ပိုမိုကျန်းမာစေတာဖြစ်ကြောင်း။ ဖိအားပေးခြင်း ၊ အလွန်အမင်း ယုံကြည်လက်ခံခိုင်းနေတဲ့ အကောင်းမြင်စိတ်ဟာ မကောင်းတဲ့ အကျိုးဆက်တွေကို ပေးစွမ်းနိုင်ကြောင်းမျှဝေရင်းနဲ့ ပဲ အဆုံးသတ်ပါရစေ။ အဆုံးထိ ဖတ်ရှု့ပေးခဲ့တဲ့ အတွက်ကျေးဇူးတင်ပါတယ်။
ဗဟုသုတကော်နာမှ လူငယ်များအတွက် ထိရောက်ပြီးအကျိုးရှိစေမည့် သုတ၊ရသစုံဆောင်းပါးတိုများအား ရေးသားတင်ဆက်ပေးလျက်ရှိပါတယ်။ သင်ယူရရှိလိုက်သည့် ဗဟုသုတများကို လက်တွေ့အသုံးချမှသာလျင် မိမိတို့ဘ၀အတွက် အကျိုးဖြစ်ထွန်းစေမှာဖြစ်တယ်။ ထိုအတွက်အကြောင့် စာဖတ်သူပရိသတ်များအာလုံး ဗဟုသုတမှသည် လက်တွေ့သို့ အကောင်အထည်ဖော်နိုင်ကြပြီး လိုရာပန်းတိုင်ကို တက်လှမ်းနိုင်ကြပါစေ။ ဆက်လက်ပြီး ဗဟုသုတကော်နာသို့ ကြော်ငြာကိစ္စနဲ့ ပတ်သက်ပြီး တစုံတရာ ဆက်သွယ်လိုပါကလည်း အောက်ပါလိပ်စာသို့ မေးမြန်းစုံစမ်းနိုင်ပါတယ်- [email protected]
-Bahuthuta Corner