Bahuthuta Corner.com

Immune System အကြောင်း သိကောင်းစရာ နဲ့ ပိုမိုကောင်းမွန်စေနိုင်မယ့် အချက်လေးများ

(Unicode)

Immune System ဆိုတာဟာ ကျွန်တော်တို့ ကိုယ်ထဲမှာ ရှိတဲ့ ကိုယ်ခံအားစနစ်ကို ခေါ်တာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုယ်ခံအား စနစ်ဟာ ပြင်ပကနေဝင်ရောက်လာနိုင်တဲ့ ရောဂါပိုးတွေ ၊ ဘက်တီးရီးယားတွေ ၊ မှိုတွေ ၊ အမှုန်အမွှားတွေ နဲ့ အဆိပ်အတောက်တွေကို ခန္ဓာကိုယ်ထဲ အလွယ်တကူ ဝင်ရောက်လာပြီး ဒုက္ခမပေးနိုင်ဖို့ တားဆီးပေးတာပဲဖြစ်ပါတယ်။ ကိုယ်ခံအားစနစ်ဟာခန္ဓာကိုယ်ရဲ့ မတူညီတဲ့ အစိတ်အပိုင်းတွေ ၊ ဆဲလ်တွေ ၊ ပရိုတင်းတွေ နဲ့ ဖွဲ့စည်းပြီး အတူတကွလုပ်ဆောင်တဲ့ လုပ်ဆောင်မှုတစ်ခုပါ။

              ကိုယ်ခံအားနည်းတဲ့ အခါ ဒါမှမဟုတ် ကိုယ်ခံအားကျသွားတဲ့အခါမှာ ပြင်ပကနေဝင်ရောက်လာတဲ့ အရာတွေက ခန္ဓာကိုယ်ကို အလွယ်တကူပဲ ဒုက္ခပေးနိုင်ပါတယ်။ ဥပမာ – ရာသီပေါ်တုတ်ကွေးဖြစ်ရခြင်းဟာ ထိုရာသီမှာဖြစ်ပေါ်တဲ့ မှိုတွေ ၊ အမှုန်အမွှားလေးတွေဟာ ကိုယ်ခန္ဓာထဲကိုဝင်ရောက်ရာကနေဖြစ် ပေါ်ရခြင်းဖြစ်ပါတယ်။ ဒါပေမယ့်  ကိုယ်ခံအားက တုတ်ကွေးရောဂါပိုးတွေကို တိုက်ထုတ်ခြင်းကြောင့် ရက်ပိုင်းအတွင်း ပြန်လည်ကောင်းမွန်လာခြင်းဖြစ်ပါတယ်။

              ကိုယ်ခံအားမရှိတဲ့ အခါ၊ နည်းနေတဲ့အခါမျိုးမှာဆိုရင် ရောဂါပိုးမွှား နဲ့ ပြင်ပက ဝင်ရောက်လာတာတွေ ကို တိုက်ထုတ်နိုင်ခြင်းမရှိတော့ပဲ နာတာရှည် ရောဂါတွေ ၊ ခဏခဏဖျားနာတာတွေ ၊ ဖျားပြီးရင် တော်တော် နဲ့ နလန်ပြန်မထူနိုင်တာတွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ်ခံအားအတွက် လုံလောက်တဲ့ ထောက်ပံ့မှု ၊ လုံလောက်တဲ့ နေထိုင်မှုပုံစံမရှိတဲ့အခါမျိုးမှာ ကိုယ်ခံအားကျဆင်းသွားပြီး လူလည်း အားအင်ချိနဲ့လာနိုင်ပါတယ်။ ဒါကြောင့်မို့ ကျန်းမာသန်စွမ်းဖို့အတွက် ခန္ဓာကိုယ်အတွက်ကော ကိုယ်ခံအားအတွက်ကော လိုအပ်တဲ့ ထောက်ပံ့မှု ပြုလုပ်နိုင်တဲ့ အချက်ကလေးတစ်ချို့ကို ဝေမျှပေးချင်ပါတယ်။

၁။ ညီညွှတ်မျှတပြီး မှန်ကန်တဲ့ အစားအစာများကို စားသုံးမယ်။

              ကျွန်တော်တို့နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေဟာ ကိုယ်ခန္ဓာအတွက်ကော ကိုယ်ခံအားအတွက်ကော များစွာ အကျိုးသက်ရောက်မှုရှိပါတယ်။ ညီညွှတ်မျှတ တဲ့ အစားအသောက်စားခြင်းဟာ ဆေးမှီဝဲစရာမလိုပဲ ကျန်းမာရေးကောင်းမွန်စေတဲ့ အကောင်းဆုံးနည်းလမ်းပါပဲ။ ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ လုပ်ငန်းဆောင်တာမျိုးစုံ လုပ်ဆောင်ရတဲ့အတွက်ကြောင့်မို့ အာဟာရလိုအပ်ချက်တွေက အမြောက်အများလိုအပ်ပါတယ်။ Vitamin B6 ( ကြက်သား ၊ ငါး ၊ ငှက်ပျောသီး ၊ အခွံပါတဲ့အာလူး ) ၊ Vitamin C ( အချဉ်ပါသော အသီးအနှံများ ) ၊ Vitamin E ( အစေ့အဆံများ )၊ Vitamin D ( နေရောင်ခြည် ) ၊ Zinc ( ခရုကမာများ ၊ အနီရောင်ရှိသော အသား ၊ ပဲ နဲ့ နို့ထွက်ပစ္စည်းများ ၊ ) Magnesium ( ဂျုံ နဲ့ ပြုလုပ်သော အစားအစာများ ၊ အစေ့အဆံများ ) စတဲ့ Vitamin တွေနဲ့ သတ္တုဓာတ်တွေဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့အရာတွေဖြစ်ပြီး အစားအသောက်တွေထဲကနေ အလွယ်တကူရနိုင်တာ ကြောင့် တကူးတက လုပ်ယူစရာမလိုပဲ ညီညွှတ်မျှတအောင် စားသောက်ခြင်းအားဖြင့် အလွယ်တကူ ကိုယ်ခံအားကို မြင့်တင်နိုင်ပါတယ်။

၂။ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်မယ်။

              ကိုယ်လက်လှုပ်ရှားမှုမရှိပဲ အထိုင်များခြင်း ၊ ငြိမ်နေရတာများခြင်းဟာ စိတ်ရောလူပါ ထိုင်းမှိုင်းစေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ဟာ လှုပ်ရှားခြင်းမရှိတဲ့အတွက် သွေးလည်ပတ်မှုဟာ နှေးကွေးပြီး သွက်လက်မှုရှိစေတာမို့ ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်တွေဟာ နှောင့်နှေးကျန့်ကြာတာမျိုး ၊ လိုအပ်တဲ့နေရာတွေအထိ လည်ပတ်မှုမရှိတာမျိုးကြောင့် ခန္ဓာကိုယ်ဟာ ထိရောက်တဲ့ လှုပ်ရှားမှုတစ်ခု ပုံမှန်လုပ်နေဖို့လိုအပ်ပါတယ်။ ခန္ဓာကိုယ် ပုံမှန်လှုပ်ရှားမှုရှိခြင်း ၊ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကြွက်သားတွေ ဖွံဖြိုးတိုးတက်စေရုံသာမက ၊သွေးလည်ပတ်မှုကို အားကောင်းစေတဲ့အပြင် ခန္ဓာကိုယ်မှာရှိတဲ့ အစိတ်အပိုင်းတွေကို လှုံဆော်ပေးပြီး စိတ်ကော ၊ လူပါ တက်ကြွလန်းဆန်းစေတဲ့ ဟော်မုန်းတွေကိုထုတ်ပေးပါတယ်။ ဒါကြောင့်မို့ နေ့စဉ် ၁၅ မိနစ် ကနေ ၃၀ မိနစ်လောက်အထိ ပုံမှန် လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကောင်းကျိုးများစွာရနိုင်မှာပဲဖြစ်ပါတယ်။

၃။ အိပ်ရေးဝဝအိပ်မယ်။

              ခန္ဓာကိုယ်မကျန်းမမာဖြစ်ခြင်း ၊ အားနည်းခြင်း ၊ ထိခိုက်ယို့ယွင်းမှုအများစုဟာ အိပ်ရေးပျက်တာကနေ စတင်ဖြစ်ပေါ်တာများပါတယ်။ ခန္ဓာကိုယ်ဟာ တစ်နေကုန် လှုပ်ရှားသွားလာနေရတဲ့အတွက် ထိုက်သင့်တဲ့ အနားယူမှုရှိဖို့ လိုအပ်ပါတယ်။ သဘာဝကြီးရဲ့ ဖြစ်စဉ်တွေအရ ခန္ဓာကိုယ်ဟာ ညဘက်တွေမှာ အနားယူ အိပ်စက်ရခြင်းဟာ တစ်နေကုန်လုပ်ဆောင်နေရတဲ့ ကိုယ်တွင်းအစိတ်အပိုင်းတွေအနားယူပြီး နောက်နေ့အတွက် အားအင်ပြန်လည်ဖြည့်တင်းခြင်းပါပဲ။ လုံလောက်တဲ့ အိပ်စက်မှုမရတဲ့အခါမှာတော့ ခန္ဓာကိုယ်ဟာ အနားယူမှု မပြည့်ဝတဲ့အတွက် မောပန်းနွမ်းနယ်လာမယ်။ လုံလောက်တဲ့ ပြန်လည်ဖြည့်တင်းမှု မဖြစ်ပေါ်တဲ့အတွက် အားနည်းတာ ၊ ကိုယ်ခံအားကျဆင်းတာ ၊ စိတ်ပိုင်းဆိုင်ရာ အားနည်းတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်မို့ ညဘက်တွေမှာ နှစ်နှစ် ခြိုက်ခြိုက်အိပ်ပျော်ဖို့ဟာ အရေးကြီးတဲ့ အချက်တစ်ခုဖြစ်ပါတယ်။

၄။ လိုအပ်ချက်အတွက် ဖြည့်စွက်အားဆေးသောက်မယ်။

              ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အာဟာရလိုအပ်ချက်တွေကို အစားအသောက်တွေကနေ ရနိုင်တာမှန်ပေမယ့် တစ်ချို့နေရာဒေသတွေ ၊ ဘာသာရေးခံယူချက်တွေ ၊ ခန္ဓာကိုယ်နဲ့ ဓာတ်မတည့်တာတွေကြောင့် ပြည့်စုံအောင် စားသုံးဖို့ အခက်အခဲရှိတာတွေ တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ လိုအပ်တာတွေ ဖြည့်စွက်ဖို့အတွက် ဖြည့်စွက်အားဆေးကို သောက်သုံးဖု့ိလိုတာဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ မျှတစွာ စားသုံးနိုင်ရင် ဖြည့်စွက်အားဆေးမျိုးဟာ လိုအပ်ချက်မရှိပေမယ့် တစ်ချို့သူတွေဟာ မွေးရာပါညီမျှမှုမရှိတာတွေကြောင့် တစ်ချို့ အာဟာရလေးတွေနဲ့ vitamin တွေ ပိုမိုဖြည့်တင်းဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့လိုအပ်ချက်ရှိတဲ့အခါမှာ ဖြည့်စွက်အားဆေးသောက်တာမျိုးဟာ ကိုယ်ခန္ဓာမှာလိုအပ်နေတဲ့ အာဟာရတွေကို ဖြည့်တင်းပေးနိုင်ပါတယ်။

              စာဖတ်သူတို့ရဲ ကိုယ်ခံအားနည်းတဲ့အခါ ဖျားနာပြီး အတော်အတန်ပြန်ကောင်းဖို့ ခက်ခဲတာမို့ နေ့တစ်ဓူဝ လုပ်ငန်းဆောင်တာတွေ ပျက်ကွက်နိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ရောစိတ်ပါ ပင်ပန်းတာမို့ ဖျားနာခြင်းကင်းဝေးတာကတော့ အကောင်းဆုံးပါပဲ။ ကိုယ်ခံအားကိုမြင့်တင်ပေးနိုင်ခြင်းဟာ ဖျားနာခြင်း ကင်းဝေးစေတဲ့ အကောင်းဆုံးနည်းလမ်းတွေထဲတစ်ခုပါပဲ။ ကိုယ်ခံအားမြှင့်တင်ဖို့အတွက် လုပ်ရတာလွယ်ကူပြီး လူတိုင်း အလွယ်တကူ လုပ်နိုင်တဲ့နည်းလမ်းလေးတွေ မျှဝေပေးထားတာမို့ နေ့တိုင်း ကိုယ့်ရဲ့ ခန္ဓာကိုယ်အတွက် အချိန်ကလေးပေးပြီး လုပ်ကြရအောင်နော်။

Ref – https://www.houstonmethodist.org/blog/articles/2020/mar/5-ways-to-boost-your-immune-system/

Ref – https://www.hopkinsmedicine.org/health/conditions-and-diseases/the-immune-system#:~:text=What%20is%20the%20immune%20system,and%20proteins%20that%20work%20together.

Share:

More Posts

Send Us A Message