Bahuthuta Corner.com

ဖျောက်ဖျက်သင့်တဲ့ အမူအကျင့်နဲ့ အတွေးအခေါ်များ

ကျွန်တော်တို့ တွေမှာ တစ်ဦးနဲ့ တစ်ဦးမတူညီကြတဲ့ အမူအကျင့်တွေ တွေးခေါ်မှုတွေ ပိုင်ဆိုင်ထားကြပါတယ်။ များသော အားဖြင့် ကျွန်တော်တို့ရဲ့ အမူအကျင့်တွေ ၊ အတွေးအခေါ်တွေက ကျွန်တော်တို့ ကြီးပြင်းလာခဲ့တဲ့ မိသားစု ၊ ပတ်ဝန်းကျင် ၊ အသိုင်းအဝိုင်းတွေနဲ့ များစွာ သက်ဆိုင်နေပါတယ်။ ဒီအမူအကျင့်တွေ တွေးခေါ်မှုတွေကို မူတည်ပြီးတော့ ကျွန်တော်တို့ ဘဝမှာ အရေးပါတဲ့ လုပ်ငန်းစဉ်တွေ ၊ ဆုံးဖြတ်ချချတာတွေ ၊ ခံယူချက်ထားတာတွေ ပြုလုပ်တတ်ကြပါတယ်။ ကောင်းမွန်တဲ့ အမူအကျင့်နဲ့ အတွေးအခေါ်တွေ ပိုင်ဆိုင်ထားတဲ့ သူတွေအတွက်တော့ ဘဝကြီးမှာရွေးခြယ်မှုတွေအတွက် စိုးရိမ်စရာထွေထွေထူးထူးမရှိပေမယ့် တစ်ချို့ အမူအကျင့်လေးတွေက မသိသာပဲနဲ့ ကျွန်တော်တို့ကို ထိခိုက်စေတာလေးတွေရှိပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်က ပြင်သင့်တဲ့ ၊ ဖျောက်ဖျက်သင့်တဲ့ အတွေးအခေါ် နဲ့ အမူအကျင့်လေးတွေ အကြောင်းကို ဝေမျှပေးသွားပါမယ်။

၁။ အဆိုးမြင်စိတ်ရှိခြင်း

              အဆိုးမြင်စိတ်ရှိခြင်းက အရမ်းကို အခြေခံကျပါတယ်။ အရာရာကို မကောင်းမြင်တာ ၊ အဆိုးမြင်တဲ့ အခါမှာ ထိုအရာတွေကနေ ရလာနိုင်တဲ့ အခွင့်အလမ်းတွေ ၊ လမ်းကြောင်းတွေကို မမြင်နိုင်တော့ပဲနဲ့ ပျက်ဆီး စေမယ့် အကြောင်းအရာတွေ ထိခိုက်တာတွေကို အရင်တွေးမိနိုင်ပါတယ်။ ဒီလိုမျိုးတွေ မကောင်းမြင်နေသမျှ ကာလ ပတ်လုံးမှာ ကိုယ်ဟာ အရာရာကို စိတ်တိုင်းမကျ စိန်ခေါ်မှုတွေကို မရင်ဆိုင်တော့ပဲ ကိုယ့်ရဲ့ တိုးတက်မှုတွေ ပိတ်ပင်ကုန်ပါတယ်။ ဒါ့အပြင် လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာပါ ဖယ်ကျဉ်ခံရနိုင်ပါတယ်။ ဒါ့ကြောင့်မို့လို့ အဆိုးမြင်စိတ်ရှိတဲ့အခါ ဒီအတွေးအခေါ်တွေ အကျင့်တွေကို ဖျောက်ဖျက်ပစ်ဖို့က အရေးကြီးပါတယ်။

၂။ တခြားသူတွေနဲ့ နှိုင်းယှဉ်တတ်ခြင်း

              မိမိကိုယ်ကိုယ်ဖြစ်စေ ဒါမှမဟုတ် တခြားသူတွေ ၊ တခြားအရာတွေကိုဖြစ်စေ နှိုင်းယှဉ်တတ်တာဟာ ကောင်းတာထက် ဆိုးရွာတာတွေကိုပဲ ဦးတည်ပါတယ်။ ဆိုပါစို့ ကိုယ်နဲ့ နှိုင်းယှဉ်တဲ့သူဟာ အဆမတန် ကိုယ့်ထက်သာလွန်နေတယ်ဆိုရင် ကိုယ့်ဘာသာ သိမ်ငယ်စိတ်ဝင်လာတာ ဒါမှမဟုတ် အားငယ်တာမျိုး ဖြစ်လာတတ်ပါတယ်။ အဲ့လိုမှ မဟုတ်ပဲနဲ့ ကိုယ့်ထက်နိမ့်ပါးတဲ့သူဆိုရင် မလိုအပ်ပဲ အခြောက်တိုက် ဘဝင်မြင့်တာ ဒါမှမဟုတ် လုံလောက်ပြီလို့ တွေးထင်မိပြီး ကြိုးစားမှုတွေကို လျော့လိုက်တာမျိုးတွေ ဟာ ကိုယ့်ဘဝ လမ်းကြောင်းကို ထိခိုက်လာနိုင်ပါတယ်။ လူတိုင်းဟာ မတူညီတဲ့ ဘဝလမ်းကြောင်းတွေမှာ လျှောက်လှမ်းနေကြရတာပါ။ နှိုင်းယှဉ်လိုက်ခြင်းအားဖြင့် မတူညီတဲ့ အရာနှစ်ခုကို မတူညီဘူးလို့ မမြင်တော့ပဲ မလိုလားအပ်တာတွေပဲဖြစ်စေတာမို့ ဒီအကျင့်ကိုလည်း ဖျောက်ဖျက်သင့်ပါတယ်။

၃။ တာဝန်ယူစိတ်မရှိခြင်း

              တာဝန်ယူစိတ်မရှိတာဟာ ကောင်းတဲ့ အကျင့်တစ်ခုတော့မဟုတ်ပါ။ တာဝန်ယူစိတ်မရှိတဲ့သူ တစ်ယောက်ဟာ ဘယ်အရာကိုမဆို လက်လွှတ်ဖို့ လွှဲချပစ်ဖို့ ဝန်မလေးပါဘူး။ ဒါ့ပြင် ကြုံလာရနိုင်တဲ့ စိတ်ခေါ်မှုတွေ ၊ ဒါမှမဟုတ် ကိုယ့်မိသားစု တာဝန်တွေ ၊ လူမှုဆက်ဆံရေးတွေမှာ တာဝန်ယူစိတ်မရှိတဲ့သူ တစ်ယောက်ဟာ ဘယ်လိုမှတိုးတက်ပြီး အဆင်ပြေချောမွေ့နိုင်ခြင်းရှိလာမှာမဟုတ်ပါ။

၄။ မှီခိုတတ်လွန်းခြင်း

              ကိုယ့်အားကိုယ်ကိုးမယ့်  အစား တစ်ခြားသူတစ်ယောက်ယောက်ကို မှီခိုဖို့စဉ်းစားတတ်ခြင်းဟာ ကိုယ့်ရဲ့ တိုးတက်နိုင်စွမ်းတွေကို ကျဆင်းစေပါတယ်။ အဓိက အားဖြင့် ကိုယ့်ရဲ့ ရပ်တည်နိုင်စွမ်းတွေ ၊ ဆုံးဖြတ်နိုင်စွမ်းတွေကို အဓိက ထိခိုက်ပါတယ်။ ဒါ့အပြင် ကိုယ့်ဘာသာ ယုံကြည်မှုကျဆင်းလာပြီး တစ်ခြားသူ ဒါမှမဟုတ် တစ်ခြားအရာကိုသာ အရမ်းမှီခိုနေတာကြောင့် မှီခိုစရာ တစ်စုံတစ်ခုမှ မရှိတော့ရင် အကုန်ပြိုလဲသွားနိုင်ပါတယ်။ ဒါ့ကြောင့်မို့ မှီခိုတတ်လွန်းခြင်းဟာလည်း ဖျောက်ဖျက်သင့်တဲ့ အတွေးအခေါ် ၊ အမူအကျင့်တွေထဲမှာပါဝင်ပါတယ်။

၅။ ပျင်းရိခြင်း

              ပျင်းရိနေခြင်းဟာ ကိုယ့်ရဲ့ လုပ်ငန်းဆောင်တာတွေကို နှောင့်နှေးကျန့်ကြာစေပါတယ်။ အဓိက အားဖြင့်် ပျင်းရိနေတာကြောင့် ကိုယ့်ရဲ့ တစ်နေ့တာ လုပ်ငန်းစဉ်တွေကို ပြီးအောင်မလုပ်မိတာ ၊ အလုပ်ကို အချိန်ဆွဲမိတာ ၊ တစ်နေ့အလုပ် တစ်နေ့ပြီးအောင် မလုပ်တာတွေက ကိုယ်တင်မကပဲ ကိုယ့်ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် အချိန်နဲ့ လုပ်ရတဲ့ အရာတွေမှာ ပျင်းရိနေခြင်းက ကိုယ့်အပေါ်မှာ သက်ရောက်မှု အကြီးကြီးရှိပါတယ်။ ဥပမာ – စောပါသေးတယ်ဆိုပြီး အနားနီးမှ ကမန်းကတန်းထလုပ်ခြင်းဟာ ကိုယ့်ရဲ့ ဖန်တီးနိုင်စွမ်းတွေ ၊ လုပ်နိုင်စွမ်းတွေ အပြည့်အဝ မဖော်ဆောင်နိုင်ပဲ ပြီးစလွယ်လုပ်မိတတ်ပါတယ်။ ဒါ့ကြောင့်မို့ ပျင်းရိခြင်း ဟာ ကိုယ့်ရဲ့တိုးတက်မှုတွေနဲ့ လုပ်နိုင်စွမ်းတွေကို ကျဆင်းစေနိုင်ပါတယ်။

              စာဖတ်သူတို့ရေ ဒီနေ့မှာတော့ ဖျောက်ဖျက်သင့်တဲ့ အဓိက အမူအကျင့် ၅ မျိုးကို ဦးစားပေးပြီး ဖော်ပြပေးထားပါတယ်။ ဒီအမူအကျင့်တွေကတော့ အခြေခံကျပြီးတော့ ကိုယ့်ကို တိုက်ရိုက်ထိခိုက်စေတာမို့ ကိုယ့်မှာ ဒီလိုအမူအကျင့်လေးတွေရှိရင် ပြင်ကြည့်သင့်ပါတယ်နော်။ ဒီလို အခြေခံကျတဲ့ အမူအကျင့်ဆိုးလေးတွေကို ဖျောက်ဖျက် နိုင်မှသာ တခြားမကောင်းတဲ့ အကျင့်လေးတွေကို သတိထားပြီး ပြင်ဆင်လာနိုင်မှာပါ။ ဒါ့ကြောင့်မို့ ကိုယ့်မှာ ဒီလို အကျင့်လေးတွေရှိနေရင် ဖျောက်ဖျက်ကြပါနော်။

Share:

More Posts

Send Us A Message