စိတ်ရောဂါတွေ အကြောင်းပြောတဲ့အခါမှာ ကျွန်တော်တို့ အခုနောက်ပိုင်း Social Media တွေပေါ်မှာ ခဏခဏ မြင်ရတွေ့နေရပြီး စိတ်ရောဂါတွေ အကြောင်းပြောတဲ့အခါမှာ အဓိက စိတ်ရောဂါတွေထဲက တစ်ခုဖြစ်တဲ့ အလွန်အမင်း စိတ်တက်လွယ်ကျလွယ်ရောဂါ Bipolar Disorder အကြောင်းကို ဒီနေ့မှာ မျှဝေပေးသွားပါမယ်။
Bipolar Disorder
ဒီစိတ်ရောဂါ ဝေဒနာခံစားနေရတဲ့သူတွေဟာ စိတ်ခံစားမှု အစွန်း ၂ ဖက်ကို အလျင်အမြန်အပြောင်း အလဲမျိုးခံစားရပါတယ်။ သာမန်သူတွေ ခံစားရသလိုမျိုးမဟုတ်ပဲနဲ့ကို စိတ်ဓာတ်တက်ကြွတဲ့အခါ အလွန်အမင်း ယုံကြည်မှုရှိတာ ၊ အလွန်အမင်းစွမ်းအင်ပြည့်ဝနေသလိုခံစားရတာ ၊ အလွန်အမင်းတက်ကြွနေတာ ၊ စဉ်းစားဆင်ခြင်နိုင်စွမ်းကို အသုံးမချနိုင်တော့ပဲ ဘာမဆိုလုပ်နိုင်တယ်လို့ ခံစားနေရတာ အစရှိတာတွေ အပြင် စိတ်ဓာတ်ကျသွားတဲ့အခါမှာ အလွန်အမင်း ဝမ်းနည်းတာ ၊ စိတ်ဓာတ်ကျဆင်းတာ ၊ စိတ်ခံစားချက်တွေ စိတ်ဝင်စားတာတွေ မရှိတော့တာ မျှော်လင့်ချက်တွေမရှိတာ အစရှိတဲ့ ခံစားချက် အပြောင်းအလဲကို အပြန်အလှန် အလျှင်အမြန်ကူးပြောင်းခံစားရလေ့ရှိပါတယ်။ အများအားဖြင့် ဆယ်ကျော်သက်အရွယ်တွေကနေ စတင်တွေ့နိုင်ပြီးတော့ ဒီစိတ်ရောဂါဟာ အသက်အရွယ်မရွေးပဲ ခံစားရနိုင်လေ့ရှိပါတယ်။
Bipolar Disorder ရဲ့ သိသားထင်ရှားတဲ့ လက္ခဏာများ
Bipolar Disorder ဝေဒနာကို ခံစားနေရတဲ့သူတွေဟာ ရုပ်ပိုင်းဆိုင်ရာကော ၊ စိတ်ပိုင်းဆိုင်ရာမှာပါ သိသာထင်ရှားတဲ့ ဝေဒနာတွေ ပြသခံစားရလေ့ရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာမှာဆိုရင် အကြောင်းအရာတွေ ၊ ပစ္စည်းတွေ မေ့တတ်တာ ၊ အားအင်တွေ ကုန်ခမ်းသလိုခံစားရတာ ၊ အာရုံစူးစိုက်ဖို့ခက်ခဲတာ ၊ အိပ်ပျော်ရခက်ခဲတာ အစရှိတာတွေ ခံစားရပါတယ်။ စိတ်ပိုင်းဆိုင်ရာမှာဆိုရင်တော့ စိတ်ထဲမှာ အမြဲတမ်း ဝမ်းနည်းနေတတ်တာ ၊ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို စိတ်ဝင်စားမှုမရှိတော့တာ ၊ ကိုယ့်မှာ ဘာမှမရှိတော့ဘူး ၊ အဖိုးမတန်တော့ဘူးလို့ ခံစားနေမိတာ ၊ အမြဲတမ်းလိုလို စိတ်ထဲမှာ အပြစ်တင်ပြီး ပူဆွေးကြောက်ရွံနေတတ်တာ အစရှိတဲ့ လက္ခဏာတွေကို ခံစားရတတ်ကြပါတယ်။ ဒီစိတ်ရောဂါဟာ စိတ်ပိုင်းဆိုင်ရာကို အဓိက ထိခိုက်စေတဲ့ ရောဂါဝေဒနာမျိုးဖြစ်တာကြောင့် စိတ်ပိုင်းဆိုင်ရာ ဝေဒနာ ခံစားရတာ ပိုမိုပြင်းထန်တတ်ကြပါတယ်။
Bipolar Disorder ကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းများ
ဒီစိတ်ရောဂါဝေဒနာကို ဘာကြောင့်ဖြစ်ပေါ်တယ်လို့ တိကျတဲ့ အဖြေနဲ့ စမ်းသပ်ချက်ရယ်လို့ မရှိပါဘူး။ ဒါပေမယ့် လေ့လာဆန်းစစ်ချက်တွေအရ ဖြစ်ပေါ်စေတဲ့ အကြောင်းအရာမဟုတ်ပဲ ဖြစ်ပေါ်ဖို့အတွက် တွန်းအားဖြစ်စေတဲ့ အကြောင်းအရင်းလေးတွေတော့ရှိပါတယ်။ ဒါတွေဟာ ကလေးဘဝမှာ ရရှိခဲ့တဲ့ စိတ်ဝေဒနာ ၊ စိတ်ဒဏ်ရာတွေ ၊ စိတ်ဖိဆီးမှုများတဲ့ နေထိုင်မှုဘဝ တွေ ၊ စိတ်ဖိဆီးမှုများတဲ့ အလုပ်တွေ ၊ ဦးနှောက်တွင်းမှာရှိတဲ့ ဓာတု နဲ့ ဟော်မုန်းမညီမျှမှုတွေ ၊ အရက်အလွန်အကျွံသောက်သုံးတာ ၊ မူးယစ်ဆေးသုံးဆွဲတာ ၊ ဒါမှမဟုတ် တခြား စိတ်(သို့) ဟော်မုန်းကို ထိခိုက်စေတဲ့ ဆေးသုံးစွဲရတာ အစရှိတာတွေဟာလည်း Bipolar Disorder ကို ဖြစ်ပေါ်လာစေဖို့ တွန်းအားဖြစ်စေတဲ့ အရာလေးတွေပဲဖြစ်ပါတယ်။
Bipolar Disorder ကို ဘယ်လိုကုသနိုင်မလဲ
Bipolar Disorder ဟာ ကုသခြင်းမရှိပဲနဲ့ ပျောက်ကင်းတတ်တဲ့ ရောဂါဝေဒနာမျိုးမဟုတ်ပါဘူး။ ပျောက်ကင်းအောင် ကုသခြင်းမရှိဘူးဆိုရင် ဘဝတစ်လျှောက်လုံးမှာ ဒီစိတ်ရောဂါ ဝေဒနာနဲ့ အတူယှဉ်တွဲပြီးဖြတ်သန်းနေထိုင်သွားမှာပါ။ ဒီစိတ်ရောဂါဝေဒနာကို ကုသတဲ့အခါမှာ တတ်ကျွမ်းနားလည်သူ (သို့) ဆရာဝန် တွေနဲ့ တိုင်ပင်ဆွေးနွေးရပါမယ်။ အဓိကအားဖြင့် သောက်ဆေးတွေ အပြင် စိတ်မတည်ငြိမ်တာတွေကို ထိန်းချူပ်နိုင်ဖို့အတွက် စိတ်ပိုင်းဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုတွေကိုပါ လုပ်ဆောင်ရပါတယ်။ သောက်ဆေးတွေဟာ အဓိကအားဖြင့် စိတ်ကိုတည်ငြိမ်စေဖို့နဲ့ စိတ်ပိုင်းဆိုင်ရာ ထိန်းချူပ်မှုတွေကို လုပ်နိုင်ဖို့ အားပေးတဲ့ ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်းသောက်ရပါမယ်။
အဓိက စိတ်ရောဂါဝေဒနာတွေထဲမှာ ပါဝင်တဲ့ Bipolar Disorder ဟာ တခြားစိတ်ရောဂါတွေလောက် မပြင်းထန်ဘူးလို့ ထင်ရပေမယ့် တကယ်တမ်းမှာလည်း အသက်အန္တရာယ်ဖြစ်စေတဲ့အထိ ခံစားရပါတယ်။ ဘယ်လိုမှ ထိန်းချူပ်လို့မရနိုင်လောက်အောင် မြင့်မားတဲ့ ယုံကြည်ချက်တွေကနေပြီး အသက်ရှင်ချင်စိတ်မရှိတော့လောက်အောင် စိတ်ပင်ပန်းပြီး စိတ်ဓာတ်ကျတာကို တစ်ခါတည်း ထိုးဆင်းပြီး ပြောင်းလဲ သွားနိုင်တဲ့ စိတ်ဝေဒနာဟာ ဒီ Bipolar Disorder ပဲဖြစ်ပါတယ်။ အကယ်၍ သင်ဟာ ဒီလိုဝေဒနာမျိုး ခံစားနေရတယ် ဒါမှမဟုတ် သင့်ပတ်ဝန်းကျင်မှာ ဒီလိုဝေဒနာမျိုး ခံစားရတဲ့သူကို တွေ့ရတယ်ဆိုရင် သက်ဆိုင်ရာ တတ်ကျွမ်းသူ ၊ ဆရာဝန်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းလုံ့ဆော်ပေးပါလို့ အကြံပေးရင်း ဒီနေ့အတွက် ဒီမှာပဲ နိဂုံးချုပ်လိုက်ပါရစေ။ အဆုံးထိ ဖတ်ရှုပေးခဲ့တဲ့ အတွက်ကျေးဇူးတင်ပါတယ်။
-Bahuthuta Corner