GED ဘာသာရပ်မှာ များသောအားဖြင့် စာရေးရတာနည်းပြီး အဖြေမှန်ကိုရွေးခြယ်ပေးရတာ များပါတယ်။ Grammer လိုစာတောင်မှပဲ Multiple အဖြေလေးတွေကနေရွေးထုတ်ပေးရတာပါ။ စာအများစု ရေးသားရတာဆိုလို့ RLA ရဲ့ extended response တစ်ခုလောက်ပဲရှိပါတယ်။ အချိန်အားဖြင့် ၄၅ မိနစ်အတွင်းမှာ စာလုံးရေ ၃၀၀ – ၅၀၀ အတွင်းဝင်အောင်ရေးပေးရတဲ့ essay အမျိုးအစားတစ်ခုပဲဖြစ်ပြီး ကျွန်တော်တို့ သင်ကြားခဲ့ဖူးတွေ့ခဲ့ဖူးတဲ့ essay တွေနဲ့ ရေးသားဟန်မတူပါဘူး။ ဒီကနေ့မှာတော့ ဗဟုသုတကနေပြီး GED ဖြေဆိုမယ့် ကျောင်းသားတွေအတွက် extended response ကို ဘယ်လိုမျိုးရေးသား နိုင်လဲဆိုတာကို ဝေမျှပေးသွားပါတယ်။
RLA ရဲ့ extended response သဘောတရား
GED မှာရေးသားရတဲ့ Extended Response ဟာ ပေးထားတဲ့ စာ ၂ ပုဒ်ကို ဖတ်ရှု့ပြီး အခြေပြုရေးသား ပေးရမှာပါ။ ပေးထားတဲ့ စာပုဒ် ၂ ခုဟာ အကြောင်းအရာတစ်ခုကို မတူညီတဲ့ ရှု့ထောင့် ၂ ခုကနေဖော်ပြပေးထားပြီးတော့ အချက်အလက်တွေ ၊ ယူဆချက်တွေပါဝင်နေတတ်ပါတယ်။ များသောအားဖြင့် ထောက်ခံတဲ့ရှု့ထောင့် ရယ် ကန့်ကွက်တဲ့ ရှု့ထောင်ရယ် ကို ဖော်ပြပေးတတ်ကြပြီး ကိုယ်ဟာ ဖတ်ရှု့ပြီးတဲ့အခါမှာ ကိုယ်လက်ခံတဲ့ အနေအထားရှု့ထောင့်တစ်ခုကနေပြန်လည်ရေးသားဖော်ပြပေးရမှာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာသတိထားရမှာက Extended Response ရေးသားတဲ့နေရာမှာ မှန်တယ် ၊ မှားတယ် မရှိပါဘူး။ ကိုယ်ထောက်ခံတဲ့ ရှု့ထောင့်ကနေရေးသားတဲ့အခါ လိုအပ်တဲ့ အချက်အလက်တွေကို ရေးသားဖော်ပြရမှာပဲဖြစ်ပါတယ်။တစ်ဖက်ကသူရဲ့ ရှု့ထောင့်ကို သူ့အားနည်းချက်နဲ့ လိုအပ်ချက်ကို ထောက်ပြပြီး ကိုယ့်ရှု့ထောင့်က ပိုမိုလက်ခံနိုင်စရာရှိတယ်ဆိုတာ ပေါ်လွင်အောင်ရေးပေးရမှာပါ။
စာပိုဒ်များကို နားလည်သဘောပေါက်ရန်လိုအပ်
Extended Response ရေးဖို့အတွက်ဆိုရင် သူပေးထားတဲ့ စာ ၂ ပိုဒ်ကို ကောင်းကောင်းသဘောပေါက် နားလည်ဖို့ လိုအပ်ပါတယ်။ ဒီ စာပုဒ် ၂ ခုရဲ့ အဓိက ဆိုလိုရင်းတွေ ၊ သုံးသပ်ချက်တွေ ၊ အချက်အလက်တွေ ၊ ယူဆချက်တွေဟာ ကိုယ်ပြန်လည်ရေးသားတဲ့နေရာမှာ အသုံးချရမှာမို့ ဒီအချက်အလက်တွေကို ကောင်းမွန်စွာသဘောပေါက်မှသာ ကောင်းမွန်တဲ့ essay တစ်ပုဒ်ကို ပြန်လည်ရေးသားပေးနိုင်မှာပါ။ ဒီနေရာမှာ အကြံပေးချင်တာကတော့ စာပိုဒ်တွေကို ဖတ်တဲ့အခါ ပေးထားတဲ့ စာပိုဒ်အတိုင်းပဲ စဉ်းစားတွေးခေါ်ဖို့က အရေးကြီးပါတယ်။ ကိုယ်ရင်းနှီးကျွမ်းဝင်တဲ့ အကြောင်းအရာတွေဖြစ်ပြီး စာပိုဒ်နဲ့ မသက်ဆိုင်တဲ့ ပြင်ပဗဟုသုတတွေကို ပြန်လည်ရေးသားတဲ့အခါမှာ စာမေးပွဲကပေးထားတဲ့ အမှတ်ပေးစည်းမျဉ်းနဲ့ မညီတဲ့အတွက် အမှတ်မရနိုင်ဘူးဆိုတာကို သတိပြုသည့်ပါတယ်။
Extended Response ရေးသားဖို့ အသင့်တော်ဆုံး Frame
Extended Response ကိုရေးသားတဲ့အခါမှာ အသုံးချသင့်တဲ့ frame တစ်ခုကတော့ ရှိသင့်ပါတယ်။ တကယ်တမ်းဖြေဆိုတဲ့အခါမှာ ၄၅ မိနစ်အတွင်း စာ ၂ ပိုဒ်ကို နားလည်အောင်ဖတ် ၊ ပြန်လည်ရေးသားဖို့ စဉ်းစား ၊ ပြန်လည်ရေးသား ၊ ပြန်လည်ဆန်းစစ်ဖို့တာဟာ အချိန်ကာလအရမ်းကျပ်ပါတယ်။ ဒီနေရာမှာ ကိုယ့်ရဲ့ ရေးသားနေကျ Frame မရှိရင် အချိန်မလုံလောက်တဲ့ ပြဿနာ ပေါ်ပေါက်လာနိုင်တာမို့ မဖြေဆိုခင်ကတည်းက ကြိုတင်ပြီး Frame တစ်ခုချထားဖို့လိုအပ်ပါလိမ့်မယ်။ အတွေ့အကြုံရှိပြီးသားသူတွေအတွက် ရေးသားရတာမခက်ခဲပေမယ့် Extended Response ဟာ ကျွန်တော်တို့လို မရင်းနှီးသေးတဲ့သူတွေအတွက်တွေ ဖြေဆိုတဲ့အခါမှာ အနည်းနဲ့ အများတော့ စဉ်းစားစရာတွေ ရှိလာပါလိမ့်မယ်။ ဒီနေရာမှာ ရေးသားဖို့အတွက် အကောင်းဆုံး ပုံစံကတော့ နိဒါန်း ၊ စာကိုယ် ( ထောက်ခံချက် ၊ ထောက်ခံချက်ကို အားပေးထောက်ခံတဲ့ အချက်အလက်တွေ ၊ တစ်ဖက်ရှု့ထောင့် အားနည်းချက်ကို ထောက်ပြ ၊ ကိုယ့်ရှု့ထောင့် နဲ့ကွာဟမှုကို နှိုင်းယှဉ်ပြသ ) ၊ နိဂုံး တို့ပဲဖြစ်ပါတယ်။ အနည်းဆုံး ၄ ပိုဒ် ကနေ အများဆုံး ၇ ပိုဒ် အထိ စာလုံးရေ ၃၀၀ – ၅၀၀ အတွင်းဝင်အောင်ရေးသားရပါမယ်။
ကျစ်လစ်ခိုင်မာတဲ့ Essay တစ်ပုဒ်အဖြစ်ဖန်တီးဖို့
Essay ရေးသားတဲ့အခါမှာ နိဒါန်း ၊ စာကိုယ် ၊ နိဂုံးရှိတာဟာ အကုန်လုံးသိပြီးကြပါလိမ့်မယ်။ ဒီနေရာမှာတော့ နိဒါန်း ကိုရေးသားဖော်ပြတဲ့အခါမှာ ကိုယ်ထောက်ခံတဲ့ ရှု့ထောင့်နဲ့ ဆက်စပ်ပြီး ကိုယ့်ဘက်ကထောက်ခံတယ်ဆိုတာကို ပေါ်လွင်အောင်ရေးသားဖော်ပြဖို့ လိုအပ်ပါလိမ့်မယ်။ ဒါ့အပြင် နောက်ဆက်ရေးမယ့် အကြောင်းအရာတွေအကြောင်းကို အကြမ်းဖျင်းပေါ်အောင် ရေးသားဖော်ပြရပါမယ်။ စာကြောင်းရေအားဖြင့် ၃ – ၄ ကြောင်းလောက်ကို ကျစ်ကျစ်လစ်လစ်ရေးနိုင်တာ အကောင်းဆုံးပါပဲ။ စာကိုယ်ရေးသားတဲ့အခါမှာတော့ အနည်းဆုံး ၂ ပိုဒ်လောက်ခွဲဖို့ အကြံပြုပါရစေ။ ပထမ စာပိုဒ်မှာ ကိုယ်ထောက်ခံတဲ့ အကြောင်းအရာကို ဘာကြောင့်ထောက်ခံသလိုဆိုတာကို ရေးသားဖော်ပြဖို့ လိုပါမယ်။ ရေးသားတဲ့အခါမှာ သူတို့ ပေးထားတဲ့ စာပိုဒ်ထဲက အချက်အလက်တွေ ၊ ကောက်နှုတ်ချက်တွေကို ယူပြီး ရေးသားရပါမယ်။ စာတစ်ကြောင်းလုံးကို ကူးယူပြီးရေးသားတာထက် အချက်အလက်လိုရင်းလောက်ကိုသာ ယူပြီး ကိုယ့်အသုံးအနှုန်းရေးဟန်တွေနဲ့ ပြန်လည်ရေးသားတာဟာ ပိုပြီးသင့်တော်ပါတယ်။ စာ ၄ ကြောင်းကနေ ၆ ကြောင်းလောက်အထိ ရေးသားနိုင်တာ အကောင်းဆုံးပါပဲ။
ဒုတိယ စာကိုယ်တစ်ခုကို ဖန်တီးတဲ့အခါ ကိုယ်သဘောမတူညီတဲ့ ရှု့ထောင့်ကိုရေးသားရပါလိမ့်မယ်။ ဒီနေရာမှာ ကိုယ်ဟာအခြေအမြစ်မရှိပဲ မထောက်ခံတာထက် သူဖော်ပြထားတဲ့ အချက်အလက်တွေဟာ မပြည့်စုံလို ၊ ခိုင်ခိုင်မာမာရှိလို့ ၊ ထင်မြင်ချက်တွေပဲဖြစ်လို့ ဆိုတဲ့ အကြောင်းအရာပေါ်လွင်အောင်ရေးသား ဖို့လိုပါတယ်။ သတိပြုရမှာက လက်မခံတာကိုချည်းပဲရေးသားဖို့ မဟုတ်ပဲ အကျိုးအကြောင်းဆီလျော်အောင် နှိုင်းယှဉ်ရေးသားပေးရပါမယ်။ ဒီစာပိုဒ်မဆုံးခင်မှာ ကိုယ်ဟာ ဒီဟာကို ဒီအချက်အလက်တွေကြောင့် လက်မခံတာဖြစ်ကြောင်း ၊ ပထမ လက်ခံထားတဲ့ စာကိုယ်ကို ပိုမိုခိုင်မာတဲ့ အကြောင်းအရာတွေကြောင့်သာ ကိုယ်က လက်ခံတာဖြစ်ကြောင်း ရေးပေးနိုင်ရင်အကြောင်းဆုံးပါပဲ။ အနည်းဆုံးတော့ ၄ ကြောင်းကနေ ၇ ကြောင်းလောက်အထိ ရေးသားဖို့လိုအပ်ပါလိမ့်မယ်။
နိဂုံးချူပ်တဲ့အခါမှာတော့ ကိုယ့်သဘောထင်မြင်ချက်အရ ကိုယ်လက်ခံထားတဲ့ ရှု့ထောင့်က ပိုပြီး ခိုင်မာကြောင်း ၊ အကျိုးအကြောာင်းဆီလျော်ကြောင်း ၊ ရှု့ထောင့်ခြင်းမတူညီပေမယ့် ပိုမို ခိုင်မာတဲ့ ရှု့ထောင်ဘက်ကနေ ရပ်တည်ကြောင်းကို အကျဉ်းချူပ်ပြန်ရေးပေးရပါလိမ့်မယ်။ ၄ ကြောင်းကနေ ၅ ကြောင်းလောက် ရေးသားနိုင်တဲ့ ကောင်းကောင်းမွန်မွန် လုံလောက်ပါတယ်။
အခြားသိသင့်တဲ့ သတိပြုစရာများ
Extened Response ကိုရေးသားတဲ့အခါ အဓိကသတိထားရမှာက စကားလုံးအသုံးနှုန်းတွေပဲဖြစ်ပါတယ်။ စကားပြောတွေ ရေးသားရမှာမဟုတ်ပဲ သမာရိုးကျ စာတန်းတစ်ခုလို ရေးသားပေးရမှာပဲဖြစ်ပြီး စာကြောင်းအဆက်အစပ်တွေ ၊ အကူးအပြောင်းတွေအတွက် ကောင်းကောင်းရေးသားဖို့ လိုပါမယ်။ ဒါ့အပြင် မလိုအပ်တဲ့ စာတွေအများကြီးရေးတာထက် ကျစ်ကျစ်လစ်လစ်နဲ့ ထိထိမိမိ တစ်ကြောင်းလောက်ရေးနိုင်တာဟာ ပိုပြီးထိရောက်ပါတယ်။ ဒါ့အပြင်အချက်အလက်တွေ ၊ ကောက်နှုတ်ချက်တွေကို ပြန်လည်ရေးသားတဲ့အခါ ညွှန်းဆိုတဲ့ စကားလုံးတွေကိုသာ တိုက်ရိုက်ကူးယူပြီး ကျန်စကားလုံး ၊ စာသားတည်ဆောက်ပုံတွေကို ကိုယ့်ဘာသာ ပြန်လည်ရေးသားနိုင်ခြင်းဟာ အမှတ်ပိုမိုရနိုင်ပါတယ်။ ပေးထားတဲ့ စာပိုဒ်တွေထဲက အကြောင်းအရာတွေကိုသာ အခြေပြုပြီးရေးသားဖို့အတွက်ကို သတိပြုဖို့ထပ်မံ သတိပေးရပါစေ။
နိဂုံးချူပ်ရရင်တော့ Extended Response ဟာ ရေးသားဖို့ခက်ခဲတာတော့မဟုတ်ပါဘူး။ ကျွန်တော်တို့ မရင်းနှီးတဲ့ အရေးအသားပုံစံမျိုးပဲဖြစ်ပြီး ကိုယ့်စိတ်ကူးအတွေးအခေါ်အတိုင်းရေးသားလို့ရပါတယ်။ အဓိကကတော့ သူတို့ ပေးထားတဲ့ စာပိုဒ်တွေကို မူတည်ရေးသားနိုင်ပြီးတော့ စာကို ကျစ်ကျစ်လစ်လစ်ရေးသားနိုင်ဖို့ပဲလိုအပ်ပါတယ်။ ကိုယ်ဟာ ရေးလေ့ရေးထမရှိတဲ့သူဆိုရင် များများရေးပြီး လေ့ကျင့်ကြည့်ဖို့ တိုက်တွန်းနှိုးဆော်ရင်းနဲ့ အဆုံးသတ်ပါရစေ ၊ အဆုံးထိဖတ်ရှု့ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဗဟုသုတကော်နာမှ လူငယ်များအတွက် ထိရောက်ပြီးအကျိုးရှိစေမည့် သုတ၊ရသစုံဆောင်းပါးတိုများအား ရေးသားတင်ဆက်ပေးလျက်ရှိပါတယ်။ သင်ယူရရှိလိုက်သည့် ဗဟုသုတများကို လက်တွေ့အသုံးချမှသာလျင် မိမိတို့ဘ၀အတွက် အကျိုးဖြစ်ထွန်းစေမှာဖြစ်တယ်။ ထိုအတွက်အကြောင့် စာဖတ်သူပရိသတ်များအာလုံး ဗဟုသုတမှသည် လက်တွေ့သို့ အကောင်အထည်ဖော်နိုင်ကြပြီး လိုရာပန်းတိုင်ကို တက်လှမ်းနိုင်ကြပါစေ။ ဆက်လက်ပြီး ဗဟုသုတကော်နာသို့ ကြော်ငြာကိစ္စနဲ့ ပတ်သက်ပြီး တစုံတရာ ဆက်သွယ်လိုပါကလည်း အောက်ပါလိပ်စာသို့ မေးမြန်းစုံစမ်းနိုင်ပါတယ်- [email protected] .
-Bahuthuta Corner